အာဏာသိမ်းခြင်း ၆ လပြည့်သည့် သြဂုတ်လ ၁ ရက်တွင် စစ်ကောင်စီက “မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့”ဟု ဆိုကာ ပြင်ဆင် ဖွဲ့စည်းလိုက်သည်။
ယနေ့ ပြင်ဆင်ဖွဲ့စည်းသည့် အိမ်စောင့်အစိုးရအဖွဲ့တွင် နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တာဝန်ယူသည်။
အာဏာသိမ်းစဉ်က တာဝန်ပေးခံရသည့် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ် ကြီးစိုးထွဋ်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ် ရေးရာ ဝန်ကြီး ဒုဗိုလ်ချုုပ်ကြီး ထွန်းထွန်းနောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကိုကို၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးတင်ထွဋ်ဦး၊ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးခင်မောင်ရီ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးအောင်သန်းဦး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ပညာရေး ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးရွှေ လေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ တိုင်းရင်းသား လူမျိုး များရေးရ ဝန်ကြီးဦးစောထွန်းအောင်မြင့် တိုမှာ မူလဝန်ကြီးဌာနများတွင် ဆက်လက် တည်ရှိနေသည်။
ထပ်မံဖြည့်တင်းလိုက်သည်မှာ ယခင် အစိုးရလက်ထက် အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းထားသည့် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြန်လည်ခွဲထုတ်ကာ ဝန်ကြီးသစ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးခင်ရီအား ခန့်အပ်ခြင်း ဖြစ်သည်။
အလားတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကိုလည်း သီးခြားခွဲကာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဟူ၍ ပြန်လည်ပြောင်းလဲ ဖွဲ့စည်းပြီး ဦးမင်းသိန်းဇံအား ဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။
ပြန်ကြားရေး ဝန်ကြီး ဦးချစ်န်ိုင်မှာလည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ဝန်ကြီးအဖြစ် ရွှေ့ပြောင်းခဲ့ပြီး၊ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီး တာဝန်ကိုပါ ပူးတွဲတာဝန်ပေးခဲ့သည်။
ထို့ပြင် တိုင်းနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီများကို “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့” အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
အိမ်စောင့်အစိုးရ (Caretaker Government) ဆိုသည်မှာ ၁၉၅၈ခုနှစ်က ဦးနု၏ ပြည်ထောင်စု (ပထစ) အစိုးရထံမှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည် စစ်တပ်မှ အာဏာလွှဲပြောင်းယူကာ ဖွဲ့စည်းလိုက်သည် အစိုးရ၏ အမည်ကို ယူငင်သုံးထားခြင်းဖြစ်သည်။
ထိုစဉ် ဖဆပလ အစိုးရအတွင်း ဦးနု၊ သခင်တင် တို့နှင့် ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ အကွဲအပြဲကြား စစ်တပ်မှ ဒုတိယခေါင်း ဆောင်များ ဖြစ်သည့် ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ် မောင်မောင်တို့က စစ်တပ်အား အာဏာလွှဲပေးရန် တောင်းဆို သဖြင့် ဝန်ကြီးချုပ် ဦးနုက တပ်မတော် သိက္ခာရှိစေရန် တရားဝင် စာရေးသား တောင်းဆိုရန် ပြောဆိုသည့်အတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက စာရေးသားကာ အာဏာလွှဲရန် တောင်းဆိုခဲ့သည်။
ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ ဦးနုနှင့် ဗိုလ်ချုပ်ကြီး နေဝင်းအကြား အပြန်အလှန်ရေးသားသည့် စာများမှာ “ပေးစာနှစ်စောင်” ဟု ထိုခေတ်က သမိုင်းတွင်ခဲ့သည်။
အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ တရားလွှတ်တော် ရှေ့နေတဦးက ၁၉၅၈ ခုနှစ်က ဖွဲ့စည်းသည့် အိမ်စောင့် အစိုးရဆိုသည်မှာ ဝန်ကြီးချုပ် ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းအား ရွေးကောက်ပွဲ အသစ် ပြန်လည်ကျင်းပစေရန် လွှတ်တော်တွင် အာဏာကို တရားဝင်လွှဲပြောင်းကာ ယာယီထိန်းသိမ်းစေခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။
“၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ကျတော့ အာဏာ သိမ်းတာတွေ မဖြစ် အောင်၊ သူတို့နဲ့ သဟဇာတ ဖြစ်တဲ့ ပါတီကပဲ အစိုးရ ဖွဲ့ပြီး နိုင်ငံတော် အာဏာကို ပူးတွဲ ယူပြီး အစိုးရ ဖွဲ့နိုင်အောင် အသေးစိတ် ရေးဆွဲထားတဲ့ ဥပဒေပဲ။ အဲဒီလို ရေးဆွဲထားတဲ့ ဥပဒေမှာတောင် အိမ်စောင့် အစိုးရ ဖွဲ့စည်းတဲ့ ပြဋ္ဌာန်းချက်ဆိုတာ လုံးဝ မပါဘူး အခုလည်း ပြောင်းလဲ ဖွဲ့စည်းမယ်ဆိုရင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် သို့မဟုတ် ဒုသမ္မတတို့က ဒီအမိန့်ကို ထုတ်ပြန်ပြီး လုပ်မှရမယ်”ဟု ပြောသည်။
၎င်းက ဆက်လက်၍ “အဲဒီတော့ ဖွဲ့စည်းပုံထဲ မပါတာကို ဖွဲ့လိုက်တဲ့ သဘော ဖြစ်သွားတော့ ဖွဲ့စည်းပုံနဲ့ ညီ မညီ ဆိုတာ ပြောစရာ မလိုတော့ဘူး။ ဒီဟာသည် တကယ်တမ်းတော့ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံးက အဆုံးဖြတ်ပေးဖို့ သင့်တဲ့ နိုင်ငံရေး ပြဿနာ ဖြစ်သွားတယ်။ အိမ်စောင့်အစိုးရ ဖွဲ့မယ်ဆိုရင် နစက အနေနဲ့ ဥပဒေသဘောအရ အိမ်စောင့်အစိုးရ လုပ်လို့ မရဘူး။ နစက ကို လွှဲပြောင်းပေးခဲ့တဲ့ ဦးမြင့်ဆွေကပဲ အိမ်စောင့်အစိုးရဖွဲ့ဖို့ ကြေညာချက်ထုတ်ပြီး ပြန်လွှဲပြောင်း ပေးရမယ်လို့ ကျနော်တို့တော့ မြင်ပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ပဲ အကုန်လုံးကို လွှဲပြောင်း လုပ်လို့မရဘူး။ သူတို့ ဥပဒေနဲ့အညီပဲ လုပ်တယ်ဆိုရင်လည်း ဥပဒေနဲ့ မညီတာ၊ ပြဋ္ဌာန်းချက်ထဲ မပါတာကို လုပ်တဲ့သဘောလို့ မြင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
ယခု ထုတ်ပြန်သည့် အမိန့် ကြေညာစာများကို နစက အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်းကို နိုင်ငံရေးနှင့် တရားဥပဒေပိုင်းမှ ထိုသို့ ရှု့မြင်သုံးသပ်သူများ ရှိသကဲ့သို့ စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများသည် အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ စသည်တို့ကို ယုံကြည်သည့်အလျှောက် ပြီးခဲ့သည့် ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကို အကြောင်းပြု၍ “မင်းပြောင်းမင်းလဲ ဖြစ်မည် ဆိုသည့် အဟောများကြောင့် မင်း မဟုတ်ဘဲ ဝန်ကြီးချုပ် သာဖြစ်သည်ဟူသော ယတြာသဘောအရ ပြောင်းလိုက်ခြင်းသာ ဖြစ်ကြောင်း ပြောဆို သုံးသပ် မှုများလည်း ရှိသည်။
ယနေ့ စစ်တပ်အာဏာသိမ်းသည့် ၆လပြည့် နေ့တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသည့် မိန်းခွန်းတွင် အရေးပေါ်ကာလကို ၂၀၂၃ ခုနှစ် သြဂုတ်လအထိ သတ်မှတ်ပြီး အာဏာသိမ်းထားမည် ပြီးလျှင် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ကာ အာဏာရသူကို လွှဲပေးမည်ဟု ပါရှိသည်။
ထိုသို့ တိုင်းပြည်အာဏာနှင့် ပတ်သက်လျှင် စစ်တပ် လုပ်ကိုင်ပုံများကို ပြန်ကြည့်ပါက ၁၉၅၈ခုနှစ် အာဏာလွှဲပြောင်း ယူခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရသည် ဖွဲစည်းပုံအရ ၆လ သက်တမ်းတိုးကာ ၂ နှစ် တိုင်းပြည်ကို အုပ်ချုပ်ပြီး ၁၉၆၀ ခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ကာ အနိုင်ရ ပထစအစိုးရ (နု၊ တင်)အုပ်စုကို အာဏာလွှဲ ပေးခဲ့သည်။
သို့သော် အာဏာ အရသာကို သိသွားသည့် ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆၂ ခုနှစ် မတ်လတွင် တိုင်းပြည်အာဏာကို သိမ်းယူခဲ့သည်။
အလားတူ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ရက်တွင် အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်ဦးဆောင်သည့် တပ်မတော်သည် ရွေးကောက်ပွဲကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲမည်ဟု ကတိအကြိမ်ကြိမ်ပေးသော်လည်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသာ ဒီမိုကရေစီ အဖွဲ့ချုပ် ကို အာဏာလွှဲပြောင်းခြင်းမရှိဘဲ ၂၀၁၀ ခုနှစ်တိုင် ဆုတ်ကိုင်ထားခဲ့သည်။
You may also like these stories:
ရက္ခိုင့်တပ်တော်၊ မြန်မာ့စစ်အာဏာသိမ်းမှု နှင့် ရက္ခိုင်ပြည်နိုင်ငံရေး
DKBA စစ်ဦးစီးချုပ် ဘယ်သူဖြစ်လာနိုင်သလဲ
စစ်အာဏာရှင် အမြစ်ဖြတ်ရန် ကြိုးပမ်းနေသည့် ကသာတကြောက မြေအောက် PDF များ