ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးညီပု အပါအဝင် ဝန်ကြီးဟောင်း ၅ ဦးအား အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း စစ်ကောင်စီက သြဂုတ် ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါ ၅ ဦးမှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက် သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင် သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ဖြစ်သည်။
၎င်းတို့အနက် ဦးညီပုနှင့် ဦးမင်းအောင်တို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ လကတည်းက ဖမ်းဆီး ချုပ်နှောင် ခံထားရခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နှင့် တရားရင် ဆိုင်နေရသလို ဦးမင်းအောင်မှာလည်း ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် တရားရင်ဆိုင်နေရသည်။
ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံတို့မှာ ဇူလိုင်လကုန်ပိုင်းက ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဦးကျော်လွင်ကို မူ ယမန်နေ့ (သြဂုတ် ၁၂ ရက်) က ၎င်းနေထိုင်ရာ ရမ်းဗြဲမြို့ပေါ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ၅ ဦး အဂတိမှုဖြင့် ဖမ်းဆီးအမှုဖွင့်ခံရသော်လည်း လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နယ်/လုံဝန်ကြီးများ၊ လူမှုရေးဝန်ကြီး ကြံ့ခိုင်ရေးပါတီဝင် ဒေါက်တာ ချမ်းသာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဘုန်ဘွေတို့မှာမူ အမှုဖွင့်ခံရခြင်း မရှိပေ။
တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက “ဒီလုပ်ရပ်တွေက စစ်တပ်က သူတို့ လုပ်နေကျ အတိုင်း အောက်တန်းကျတဲ့ လုပ်ရပ်တခုသာ ဖြစ်တယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် သူတို့ က စကားပြောစက် တွေ့တယ်ဆိုပြီး တရားစွဲတာကို ကြည့်ပါ။ စစ်တပ်က အမျိုးမျိုးသော ပုဒ်မတွေ၊ စွပ်စွဲချက်တွေနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို လုပ်နေမှာပဲ” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီက ဦးညီပု အပါအဝင် ၅ ဦးကို ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံးကြား သောင်ထွန်းလျက် ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်း မြေကွက်ဖော်ဆောင်ရာ၌ ညွှန်ကြားချက်ပါ တင်ဒါ စည်းမျဉ်းစည်ကမ်းနှင့်မညီဘဲ ဆက်စပ် ကုမ္ပဏီတခုကို စာချုပ်ချုပ်ကာ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ကုမ္ပဏီကို ငွေကြေးများ ပေးဆောင်ခြင်း စသည့်အချက်များဖြင့် စွပ်စွဲအမှုဖွင့်ထားခြင်း ဖြစ်သည်။
ထို့ပြင် ဆက်စပ်ကုမ္ပဏီတခုအား အချက်အလက်များကို မစိစစ်ဘဲ ဒေသခံများ အလုပ်ရရှိရန် ခေါင်းစဉ်ဖြင့် နိုင်ငံပိုင် အဆောက်အဦ ၃ လုံးကို အထည်ချုပ်လုပ်ငန်း လုပ်ကိုင်စေခြင်း၊ အဆောက်အဦ ပြုပြင်ရန် အကြောင်းပြချက်ဖြင့် အမှန် တကယ် လုပ်ငန်းမလည်ပတ်ဘဲ ငွေကျပ် ၅၅ သန်းကို ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်ဟုလည်း ဆိုထားသည်။
ယင်းဝန်ကြီးဟောင်းများ အနေဖြင့် အစိုးရ တာဝန်ယူခဲ့စဉ်ကာလက ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ၂၀၁၉ အောက်တိုဘာ ၁ ရက်နေ့ စာရင်းဖွင့်လက်ကျန်ငွေ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီရန် ပုံငွေ ကျပ် ၈၆၅ သန်းကိုလည်း ဘဏ္ဍာရေး စည်းကမ်းစည်းမျဉ်းနှင့် မညီဘဲ သုံစွဲခဲ့သည်ဟူ၍လည်း စစ်ကောင်စီ၏ စွဲချက်တွင် ဖော်ပြထားသည်။
စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်သည်လည်း ၎င်းဝန်ထမ်းဆောင်စဉ်က ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေတွင် ပါဝင်ခြင်းမရှိသည့် လွှတ်တော်၏ ခွင့်ပြုချက်မရှိသော တောင်ကုတ်မြို့မဈေး အပါအဝင် ဈေး ၅ ဈေး ဆောက် လုပ်စေခြင်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီအား သဘောတူစာချုပ်ထက် ကျော်လွန်သည့် ငွေကြေးဖြင့် စာချုပ်ချုပ်ဆိုပြီး ဆောက်လုပ်စေသော်လည်း တောင်ကုတ်မြို့မဈေးမှာ လက်ရှိအချိန်အထိ မြေပြင်တွင် ပျက်စီးလျက်ရှိကြောင်း စွပ်စွဲထား သည်။
အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ ၂၀၂၁ သြဂုတ် ၁၂ ရက် တွင် စစ်တွေမြို့မရဲစခန်း၌ ပထမ သတင်းပေး တိုင်ချက်ဖွင့်ကာ တရားစွဲ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိ သည်ဟု စစ်ကောင်စီက ကြေညာထားသည်။
အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ သည် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မတခု ဖြစ်သည်။
You may also like these stories:
မြန်မာသည် ကိုဗစ်နိုင်တင်း ချိန်ကိုက်ဗုံး ဖြစ်သည်။ အသက်များကို ကယ်နိုင်ပါဦးမည်လော
ဗင်နီဇွဲလားလို မြန်မာနိုင်ငံ ချောက်ထဲခုန်ဆင်းနေသည်