• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ

by Bertil Lintner
3 December 2021
in သူ့အတွေး သူ့အမြင်
A A
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ ဖနွမ်ပင်မြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ဆုံကြစဉ်  / Samdech Hun Sen, Cambodian Prime Minister  / Facebook

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ ဖနွမ်ပင်မြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ဆုံကြစဉ် / Samdech Hun Sen, Cambodian Prime Minister / Facebook

11.4k
VIEWS
Share on FacebookShare on Twitter

ပဒေသရာဇ်ဆန်သော ကမ္ဘောဒီးယားအုပ်ချုပ်သူ ဟွန်ဆန်သည် ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုကို ထောက်ခံသူအဖြစ် ချက်ခြင်းပြောင်းလဲသွားခဲ့ပါသလား။ သို့မဟုတ် လူသတ် မြန်မာစစ်ကောင်စီနှင့် ပတ်သက်သည့် သူ၏ မူရှိပုံရသော ရပ်တည်မှုအတွက် အခြားအကြောင်းရင်းများ ရှိပါသလား။

အောက်တိုဘာလတွင် ကျင်းပသည့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) ထိပ်သီးဆွေးနွေးပွဲအတွင်း သူက မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏ အစီအမံနှေးကွေးနေခြင်းအတွက် စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့ခြင်းကို အပြစ်တင်ပြီး နိုဝင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် အာရှ-ဥရောပ အစည်းအဝေးသို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားမည် မဟုတ်ကြောင်းပြောသည်။

စစ်အာဏာသိမ်းခေါင်းဆောင်သည် ထိုအစည်းအဝေးသို့ ဖိတ်ကြားခံရခြင်း မရှိပေ။ နိုဝင်ဘာလ ၂၅ ရက်နေ့ကကျင်းပသည့် အာရှ-ဥရောပ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင်ကို ချန်လှပ်ထားခဲ့သည်။ ထိုအစည်းအဝေးမတိုင်မီ ၃ ရက်ကလည်း အာဏာသိမ်းခေါင်းဆောင်ကို တရုတ်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ခွင့် ပိတ်ပင်ခံရသည်။ ထိုထိပ်သီးဆွေးနွေးပွဲသည် ဘေဂျင်းနှင့် အာဆီယံအကြား နှစ်ဘက်ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ်ကျင်းပသော ထိပ်သီးဆွေးနွေးပွဲ ဖြစ်သည်။

မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးများပြောသော စကားများနှင့် နှိုင်းယှဉ်ပါက ဟွန်ဆန်သည် သူ၏ဝေဖန်မှုများနှင့် ပတ်သက်ပြီး အထူးသတိထားနေဆဲဖြစ်သည်။

သို့သော် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးများပြောသော စကားများနှင့် နှိုင်းယှဉ်ပါက ဟွန်ဆန်သည် သူ၏ဝေဖန်မှုများနှင့် ပတ်သက်ပြီး အထူးသတိထားနေဆဲဖြစ်သည်။ မည်သို့ဆိုစေကာမူ မကြာသေးမီက သူ၏ပြောကြားချက်များသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ရက်များတွင် ပြောကြားခဲ့သည်များနှင့် အကြီးအကျယ်ဆန့်ကျင်နေသည်။ ထိုစဉ်က သူပြောသောစကားများမှာ သူ့ထံမှ မျှော်လင့်နိုင်သော စကားများသာဖြစ်ပြီး “အာဆီယံ အဖွဲ့ဝင်မူဘောင်ထဲကဖြစ်စေ၊ အပြင်ကဖြစ်စေ ဘယ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမှ ကမ္ဘောဒီးယားက မှတ်ချက်ပေးမှာ မဟုတ်ဘူး” ဟုသာဖြစ်သည်။

ယခုပြောင်းလဲလာသော လေသံသစ်သည် အာဆီယံ အနေဖြင့် နိုင်ငံတကာ၏ အယုံအကြည်ရှိမှု ပြန်လည်ထိန်းသိမ်းရန် နောက်ဆုံးအားထုတ်မှုဖြစ်နိုင်ပြီး ကမ္ဘောဒီယားသည် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို မကြာမီ ထမ်းဆောင်ရတော့မည်ဖြစ်သည်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် လုံး၀ မအောင်မြင်မှုကြောင့် အာဆီယံအပေါ် နိုင်ငံတကာ ယုံကြည်မှုသည် ထင်ထင်ရှားရှား ပျက်စီးသွားသည်။

ထိုဘုံသဘောတူညီချက်များအနက်တခုမှာ ပြည်သူများအကျိုးအတွက် ငြိမ်းချမ်းစွာ အဖြေရှာရန် သက်ဆိုင်သူအားလုံး အပြုသဘော တွေ့ဆုံဆွေးနွေးရေး ဖြစ်သည်။ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အစည်းအဝေးတခုတွင် ထိုဘုံသဘောတူညီချက်ကို အာဏာသိမ်း ခေါင်းဆောင်က ပြောခဲ့ပြီးနောက် အာဆီယံ အထူးသံတမန်ကို စစ်ကောင်စီက ဖမ်းထားသည့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ခွင့်မပေးပေ။ ငြိမ်းချမ်းစွာ အဖြေရှာရေးတွင်လည်း စစ်ကောင်စီသည် မြန်မာတနိုင်ငံလုံးမှ ဒီမိုကရေစီလိုလားသော အင်အားစုများကို စစ်ဆင်ရေးများတိုးမြှင့် ပြုလုပ်နေသည်။ ကျေးရွာများကို ဗုံးကြဲပြီး မြေကျသည်အထိ မီးရှို့နေသည်။ နေအိမ်များကို လုယက်နေပြီး ဆန္ဒပြသူ တထောင်ကျော်ကိုလည်း သတ်ထားပြီးဖြစ်သည်။

ဟွန်ဆန်ကိုယ်တိုင်သည်လည်း သူ၏ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် နိုင်ငံတကာ ဖိအားအောက် ရောက်နေပြီး နိုင်ငံတကာ အသိုက်အဝန်းတွင်သူ၏ အဆင့်ကို မြှင့်တင်ချင်ကောင်း မြှင့်တင်ချင်နိုင်သည်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ အဆိုအရ ကမ္ဘောဒီးယားတွင် နိုင်ငံရေး အကျဉ်းသား ၆၀ ကျော်ရှိပြီး ၎င်းတို့တွင် မြေယာအခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် ဟွန်ဆန်ကို ဆန့်ကျင်သည့် ဖော်ပြချက်များကို လူမှုကွန်ရက်တွင် တင်ပြသူများ ပါဝင်နေသည်။

ငြိမ်းချမ်းစွာ အဖြေရှာရေးတွင် စစ်ကောင်စီသည် မြန်မာတနိုင်ငံလုံးမှ ဒီမိုကရေစီလိုလားသော အင်အားစုများကို စစ်ဆင်ရေးများတိုးမြှင့် ပြုလုပ်နေသည်။ ကျေးရွာများကို ဗုံးကြဲပြီး မြေကျသည်အထိ မီးရှို့နေသည်။ နေအိမ်များကို လုယက်နေပြီး ဆန္ဒပြသူ တထောင်ကျော်ကိုလည်း သတ်ထားပြီးဖြစ်သည်။

ထိုထက်ပိုမို အရေးကြီးနိုင်သည့် နောက်ထပ်အကြောင်းရင်းတခုလည်း ရှိနိုင်သေးသည်။ ထိုအချက်ကို ပြောကြားခဲ့သူမှာ ဖနွမ်ပင်ရှိ ပန်နက်ဆက်ထရာ တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး ကထိက ဆန်ကင် ဖြစ်သည်။ သူက “အာဆီယံ ဥက္ကဋ္ဌအနေနဲ့ ကမ္ဘောဒီးယားရဲ့ နောက်ထပ် ခြေလှမ်းက အာဆီယံ အဖွဲ့ဝင်တွေနဲ့ တရုတ်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အပေါ်မှာပဲ မူတည်နေတယ်” ဟု သူက ပြောသည်။

ကမ္ဘောဒီးယားက အာဆီယံ ဥက္ကဋ္ဌတာဝန် စတင်ထမ်းဆောင်သောအခါ တရုတ်နှင့်ပတ်သက်သော အကြောင်းရင်းသည် အဓိက ကျလာသည်။ ကမ္ဘောဒီးယားအပေါ် တရုတ်သြဇာ လွှမ်းမိုးမှု ကြီးမားလှသောကြောင့် ဟွန်ဆန်သည် ဘေဂျင်း၏ သဘောထားမှ ကင်းလွတ်ပြီး ဆောင်ရွက်မည် ဆိုသည်ကို ယုံကြည်ရန်ခက်ခဲသည်။ သူသည် အာဆီယံအတွင်း တရုတ်၏ လက်ဝေခံ ဆက်ဖြစ်နေကာ တရုတ်က မြန်မာစစ်ကောင်စီကို တိုက်ရိုက်မဝေဖန်လိုသောအခါ သူက တရုတ်အစား မြန်မာကို ဝေဖန်နေမည်ဖြစ်သည်။ ကမ္ဘောဒီးယားနှင့် အာဆီယံက မြန်မာကိုဝေဖန်သည့် ရဲဆိုး-ရဲကောင်း ကစားသည့် ဖြစ်ရပ်မျိုး မဖြစ်နိုင်ဟု မယူဆနိုင်ဘဲ ထိုအခါ မြန်မာစစ်ကောင်စီတွင် ဖြစ်ပေါ်လာနိုင်သည့် ပူပန်မှုများ သက်သာစေရန် တရုတ်က ဝင်ရောက်လုပ်ကိုင်မည် ဖြစ်သည်။

ငယ်စဉ်က ဟွန်ဆန်သည် ကမ္ဘောဒီးယားကွန်ုမြူနစ် လှုပ်ရှားမှုတွင် ၁၉၇၅ ခုနှစ် ဧပြီလမှ ၁၉၇၉ ခုနှစ်အထိ အုပ်ချုပ်သည့် ခမာနီ ဆန့်ကျင်သော ဗီယက်နမ်နှင့် ဆိုဗီယက်လိုလားသည့် အုပ်စုမှဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင် ဗီယက်နမ်သို့ ထွက်ပြေးခဲ့သော ဟွန်ဆန်နှင့် သူ၏ရဲဘော်များသည် ဘေဂျင်းလိုလားသော ခမာနီများကို ဗီယက်နမ် စစ်တပ်က အာဏာမှ ဖြုတ်ချလိုက်သောအခါ ကမ္ဘောဒီးယားသို့ ပြန်လာကြသည်။

ထို ခမာနီခေါင်းဆောင်ဟောင်းများနှင့် ၎င်းတို့၏တပ်များသည် ထိုင်းနိုင်ငံတွင် အဝေးရောက် သို့မဟုတ် ထိုင်းနယ်စပ်မှနေပြီး ဘေဂျင်း၏ အခြေခံအားဖြင့် ထောက်ခံမှုကို ဆက်လက်ရယူကာ ဗီယက်နမ်နှင့် ဖနွမ်ပင် အစိုးရသစ်ကို ဆက်လက် တိုက်ခိုက်ကြသည်။ထိုစဉ်က အသက် ၂၆ နှစ်သာရှိသေးသော ဟွန်ဆန်သည် အစိုးရသစ်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး ၁၉၈၅ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာသော်လည်း ထိုစဉ်က ၎င်းတိုနှင့် ဗီယက်နမ်သည် နယ်စပ်တွင် ခမာနီများနှင့် အခြားပြောက်ကျား အုပ်စုများကို ဆက်လက် တိုက်ခိုက်နေရဆဲ ဖြစ်သည်။

ထိုအခြေအနေများ အားလုံးသည် ၁၉၈၈-၈၉ တွင် ကမ္ဘောဒီးယားမှ ဗီယက်နမ်တပ်များ ဆုတ်ခွာသောအခါပြောင်းလဲသွားပြီး ၁၉၉၁ ခုနှစ်က ပါရီတွင်ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်မှုသို့ ဦးတည်စေသည်။ ထိုစဉ်က ဟွန်ဆန်သည် သူ၏ ကွန်မြူနစ် ခမာပြည်သူ့တော်လှန်ရေး ပါတီကို ပိုမိုလက်ခံနိုင်သော အမည်ဖြစ်သည့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) အဖြစ် အမည်ပြောင်းထားပြီး ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် ဆွေးနွေးပြီးနောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကို တွေ့ရစဉ် / Samdech Hun Sen, Cambodian Prime Minister / Facebook

ထိုပါတီသည် ကုလသမဂ္ဂက ကြီးကြပ်သည့် ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲတွင် တော်ဝင်မင်းသား နိုရိုဒွန် ရာနာရစ်ဒ် ဦးဆောင်သည့် တော်ဝင်ပါတီကို ရှုံးနိမ့်သည်။ ရွေးကောက်ပွဲ၏ ရလဒ်ကို ဟွန်ဆန်နှင့် သူ၏ CPP က လက်မခံသော်လည်း တိုင်းပြည်သည် ပြည်တွင်းစစ်သို့ ပြန်လည်ကျဆင်းရမည့် အခြေအနေဖြစ်ပြီးနောက် အပေးအယူတခု လုပ်နိုင်ခဲ့သည်။ CPP နှင့် တော်ဝင်ဝါဒီများအကြား ခိုင်မာမှုမရှိသော ညွန့်ပေါင်းအဖွဲ့ ဖွဲ့ပြီးနောက် မင်းသား ရာနာရစ်ဒ်နှင့် ဟွန်ဆန်တို့ ပူးတွဲဝန်ကြီးချုပ်များ ဖြစ်လာကြသည်။

ထိုကာလ တလျှောက်လုံးတွင် ဖြုတ်ချခံ ခမာနီတို့သည် ဆက်လက်တိုက်ပွဲဝင်နေပြီး တရုတ်နှင့် နီးကပ်စွာ ဆက်လက် ဆက်ဆံနေသည်။ ထိုကြောင့် ဟွန်ဆန်က “ကမ္ဘောဒီးယားမှ မကောင်းဆိုးရွား အားလုံး၏ အရင်းအမြစ်” ဟူသော ဆောင်းပါးကို ၁၉၈၈ ခုနှစ်တွင် ရေးသားပြီး တရုတ်နိုင်ငံကို ရှုတ်ချသည်။ ဟွန်ဆန်သည် တရုတ်နိုင်ငံကို ဝေဖန်ရန် မည်သည့်အခွင့်အရေးကိုမျှ ဆုံးရှုံးမခံဘဲ တရုတ်ကလည်း သူ့ကို ဒေသတွင်း ပြိုင်ဘက် ဗီယက်နမ်နှင့် ဆိုဗီယက်ယူနီယံ၏ ရုပ်သေးရုပ် အဖြစ် သတ်မှတ်သည်။

ဟွန်ဆန်ကိုယ်တိုင်သည်လည်း သူ၏ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် နိုင်ငံတကာ ဖိအားအောက် ရောက်နေပြီး နိုင်ငံတကာ အသိုက်အဝန်းတွင်သူ၏ အဆင့်ကို မြှင့်တင်ချင်ကောင်း မြှင့်တင်ချင်နိုင်သည်။

ခမာနီတို့ အနည်းနှင့် အများအားဖြင့် မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းတွင် အခြေအနေ စတင်ပြောင်းလဲလာသည်။ ထိုစဉ် ၁၉၉၇ ခုနှစ် ဇူလိုင်တွင် ဟွန်ဆန်က သူ၏ညွန့်ပေါင်းအဖွဲ့မှ မိတ်ဆွေ ရာနာရစ်ဒ်ကို အကြမ်းဖက် အာဏာသိမ်း ဖြုတ်ချလိုက်သည်။ နောက်ဆုံးတွင် ခုခံမှုကို ဟွန်ဆန်၏တပ်များက နှိမ်နင်းနိုင်ခဲ့သည့် စက်တင်ဘာလအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်။

သူ၏အာဏာခိုင်မာစေရန်အတွက် ဟွန်ဆန်သည် ဝန်ကြီးဟောင်းများအပါအဝင် မင်းသား ရာနာရစ်ဒ်၏ ပါတီမှ အရာရှိအနည်းဆုံး ၄၀ မှ ၆၀ အထိကို သတ်ပစ်သည်။ အနောက်တိုင်း အလှူရှင်များ စိတ်ချမ်းမြေ့ခြင်း မရှိပေ။ အမေရိကန်ပြည်ထောင်စုနှင့် ဂျာမနီတိုက လူသားချင်းစာနာမှုနှင့် မပတ်သက်သည့် အကူအညီများ ဆိုင်းငံ့လိုက်ပြီး ထိုစဉ်က ကမ္ဘောဒီးယားအတွက် အကြီးမားဆုံး အလှူရှင်ဖြစ်သော ဂျပန်က စီမံကိန်းသစ်များ ရပ်ဆိုင်းလိုက်သည်။

ဟွန်ဆန်သည် နိုင်ငံတကာတွင် အထီးကျန်သကဲ့သို့ ဖြစ်နေပြီး ၎င်း၏ မဟာမိတ်ဟောင်း ဆိုဗီယက် ယူနီယံသည် ဥရောပမှ အခြားကွန်မြူနစ်ဟောင်းများနှင့်အတူ ပြိုကွဲသွားပြီးဖြစ်သော်လည်း သူ၏ခိုင်မာမှုမရှိသော အာဏာသိမ်းအစိုးရသစ်ကို တရုတ်က ကယ်ဆယ်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ကမ္ဘောဒီးယား အာဏာသိမ်းအစိုးရကို ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ဟွန်ဆန်သည် ဖနွမ်ပင်ရှိ ထိုင်ဝမ် ဆက်သွယ်ရေးရုံးကို ပိတ်ပင်မောင်းနှင်လိုက်သောကြောင့် တရုတ်နိုင်ငံ၏ ချီးကျူး ဂုဏ်ပြုမှုကို ခံရသည်။ ထိုင်ဝမ်သည် မင်းသား ရာနာရစ်ဒ်၏ တော်ဝင်ပါတီကို လျှို့ဝှက်စွာ ထောက်ခံနေသည်ဟု ဟွန်ဆန်က ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.3k
မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

7 January 2026
213

“၁၉၉၇ ခုနှစ် ဒီဇင်ဘာလက ဟွန်ဆန်၏လုပ်ရပ်သည် ကမ္ဘောဒီးယားအပေါ် တရုတ်သြဇာလွှမ်းမိုးမှုကို တံခါးဖွင့်ပေးပြီး တရုတ်က ကမ္ဘောဒီးယားအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းတန်သော စစ်ထရပ်ကား ၁၁၆ စီးနှင့် ဂျစ်ကား ၇၀ စီးကို ပေးပို့ခဲ့သည်” ဟု ကမ္ဘောဒီးယားရေးရာ ဝါရင့် လေ့လာစောင့်ကြည်သူ ဂျူလီယို ဂျဲလ်ဒရက်စ်က ရေးသားခဲ့သည်။

ကမ္ဘောဒီးယားအပေါ် တရုတ်သြဇာ လွှမ်းမိုးမှု ကြီးမားလှသောကြောင့် ဟွန်ဆန်သည် ဘေဂျင်း၏ သဘောထားမှ ကင်းလွတ်ပြီး ဆောင်ရွက်မည် ဆိုသည်ကို ယုံကြည်ရန်ခက်ခဲသည်။

၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဟွန်ဆန်သည် တရုတ်နိုင်ငံသို့ တရားဝင် သွားရောက်လည်ပတ်ပြီး အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နှင့် ပြည်ပ အကူအညီ အာမခံချက် ဒေါ်လာ ၁၈ ဒသမ ၃ သန်းဖိုး ရလာသည်။ မကြာမီ တရုတ်ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးသမားများနှင့် အခြားရွှေ့ပြောင်း နေထိုင်သူများ ကမ္ဘောဒီးယားသို့ ရောက်လာပြီး အထည်ချုပ်လုပ်ငန်း၊ သတ္ထု တူးဖော်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သို့ ကမ္ဘောဒီးယားက ၁၉၉၇ ခုနှစ်တွင် ဝင်ရောက်မည့် အစီအစဉ်မှာ ဟွန်ဆန် အာဏာသိမ်းမှုကြောင့် နှောင့်နှေးသွားရသော်လည်း ၁၉၉၉ ခုနှစ် ဧပြီလတွင် အဖွဲ့ဝင်ဖြစ်လာပြီး ထိုအဖွဲ့အတွင်း တရုတ်၏ အဓိက မဟာမိတ်နှင့် တလေသံတည်း ဖြစ်သွားသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ထုတ် Financial Times သတင်းစာက “ဘေဂျင်းနှင့် ဖနွမ်ပင် ဆက်ဆံရေးကို ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများက ခိုင်မာစေသည့်အပြင် တရုတ်က တောင်တရုတ် ပင်လယ်မှ အငြင်းပွား နယ်မြေများကို ပိုင်ဆိုင်ကြောင်း ကြေညာသောအခါ ဒေသတွင်းတင်းမာမှု ကြီးထွားနေချိန်တွင် တရုတ်အတွက် နိုင်ငံရေးအမြတ်ထွက်စေသလို တရုတ်အတွက် ကမ္ဘောဒီးယား၏ တန်ဖိုးလည်း မြင့်မားလာသည်။ အထူးသဖြင့် အသုံးဝင်သည့်အချက်မှာ ကမ္ဘောဒီးယားသည် အာဆီယံ အဖွဲ့ဝင်ဖြစ်နေခြင်းပင် ဖြစ်သည်။ အာဆီယံသည် ဘုံသဘောတူညီချက်ဖြင့် လုပ်ဆောင်သောကြောင့် အဖွဲ့ဝင်နိုင်ငံတခုက ကန့်ကွက်ခြင်းသည် အဖွဲ့၏ မည်သည့်အစီအစဉ်ကိုမဆို ဟန့်တားနိုင်သည်။

ကုလသမဂ္ဂဥပဒေအရ တောင်တရုတ်ပင်လယ်မှ တရုတ်၏ နယ်မြေတောင်းခံမှုများသည့် တရားမဝင်ကြောင်း နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်များကို ဖော်ပြသည့် ကြေညာချက်တစောင်ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက အာဆီယံမှ ထုတ်မည့်အချိန်တွင် ကမ္ဘောဒီးယားက ထိုအာဏာကို သုံးခဲ့သည်ဟု Financial Times သတင်းစာ၏ အဆိုအရ သိရသည်။ ထိုစဉ်က ကမ္ဘောဒီးယားက ကန့်ကွက်သောကြောင့် ထိုကြေညာချက်ကို လျှော့ချပေးရပြီး ထိုစီရင်ဆုံးဖြတ်ချက်အကြောင်း ကြေညာချက်တွင် မဖော်ပြတော့ကြောင်း Financial Times က ရေးသားသည်။

မှတ်သားစရာကောင်းသည်မှာ ထိုအာဆီယံ အစည်းအဝေး မတိုင်မီလေးတွင်ပင် တရုတ်နိုင်ငံက ကမ္ဘောဒီးယားအတွက် အကူအညီ ဒေါ်လာ သန်း ၆၀၀ ဖိုးပေးရန် ကတိပြုခြင်းဖြစ်သည်။ ထိုအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရပ်တည်ချက်ကို ဘေဂျင်းက လွန်စွာ ကျေးဇူးတင်ကြောင်းတရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အစည်းအဝေးအပြီးတွင် ပြောသည်။ ထိုသို့ ရပ်တည်ခြင်းသည် မှန်ကန်ကြောင်း သမိုင်းက သက်သေပြမည်ဟုလည်း သူပြောသည်။ အစည်းအဝေးအပြီး ရက်အတန်ကြာတွင် တရုတ်က ဖနွမ်ပင်တွင် အမျိုးသားလွှတ်တော် အဆောက်အအုံကို ဒေါ်လာ ၁၆ သန်းကုန်ကျခံ တည်ဆောက်မည်ဟု ကြေညာသည်။

မကြာသေးမီ နှစ်များအတွင်းက တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် တခါက အိပ်မောကျနေသော ကမ္ဘောဒီးယား ရေတပ် အခြေစိုက်ရာ ရီယမ် မြို့အနီးရှိ ဆီဟာနုဗေးလ်မြို့ကို တရုတ်ကာစီနိုလောင်းကစားရုံများ၊ ဟိုတယ်များ၊ စက်ရုံများ၊ အထပ်မြင့် အဆောက်အအုံများဖြင့် မြို့ကြီးတမြို့အဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထိုတည်ဆောက်မှုများအနက် အဓိက စွဲဆောင်မှုရှိသောနေရာမှာ ဆီဟာနုဗေးလ် အထူးစီးပွားရေးဇုန် (SSEZ) ဖြစ်ပြီး ထိုအကောက်ခွန်မဲ့နေရာတွင် တရုတ် ကုမ္ပဏီများက စက်ရုံပေါင်း ၁၀၀ ကျော် ထူထောင်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်၏ ဒေါ်လာဘီလီယံ များစွာ ကုန်ကျမည့် အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သော ရပ်ဝန်းနှင့်လမ်းအစီအစဉ်ကို အထူးထောက်ခံသော နိုင်ငံလည်းဖြစ်သည်။

ပိုမို စိုးရိမ်စရာကောင်းသော အချက်မှာ ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ဆီဟာနုဗေးလ် အနီး ရီယမ်ရှိ ကမ္ဘောဒီးယား ရေတပ်စခန်းကို သုံးရန် လှို့ဝှက်သဘောတူထားခြင်း ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ထုတ် Wall Street Journal က ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကို ဟွန်ဆန်က ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ပြည်ပတပ်များ ကမ္ဘောဒီးယားတွင် အခြေစိုက်ခွင့်မပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားပြောဆိုသည်။

သို့သော် သံသယများ ဆက်လက်ကျန်ရှိနေဆဲ ဖြစ်သည်။ ယခုနှစ် အောက်တိုဘာလတွင် ဝါရှင်တန်အခြေစိုက် သုတေသန အဖွဲ့ဖြစ်သော သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) က အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး ကမ္ဘောဒီးယားတွင် တရုတ် စစ်ရေးတည်ရှိမှုထားရန် ရီယမ်ရေတပ် အခြေစိုက်စခန်းတွင် အဆောက်အအုံသစ်များ တည်ဆောက်နေကြောင်း ပြောသည်။

ဟွန်ဆန်သည် တရုတ်နိုင်ငံကိုဝေဖန်ရန် မည်သည့်အခွင့်အရေးကိုမျှ ဆုံးရှုံးမခံဘဲ တရုတ်ကလည်း သူ့ကို ဒေသတွင်း ပြိုင်ဘက် ဗီယက်နမ်နှင့် ဆိုဗီယက်ယူနီယံ၏ ရုပ်သေးရုပ် အဖြစ်သတ်မှတ်သည်။

တရုတ်နိုင်ငံ၏ ခိုင်မာသော ထောက်ခံမှုဖြင့် ဟွန်ဆန်သည် သူ၏အုပ်ချုပ်ရေးကို ဆန့်ကျင်သူများကို ချေမှုန်းသည်။ ဆမ်ရိန်ဆီကဲ့သို့သော နိုင်ငံရေးသမားများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာပင် အဝေးရောက်ဘဝဖြင့် နေထိုင်ရပြီး ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီက တလကြာ ရက်စက် ကြမ်းကြုတ်စွာ ဖြိုခွဲမှုကြောင့် လက်ကျန် အတိုက်အခံအားလုံး မရှိတော့ပေ။ သူနှင့် သဘောထား မတိုက်ဆိုင်သော နိုင်ငံရေးသမားများကို သတင်းသမားများနှင့် လူမှုအခြေပြုအဖွဲ့အစည်းဝင်များနှင့်အတူ ဖမ်းဆီးထားသည်။

ယခင်က လုံးဝ လွတ်လပ်သော သတင်းဌာနများမှာလည်း CPP နှင့် အစိုးရကို ဝေဖန်သည်ဟု မြင်နိုင်သည့် အကြောင်းအရာများကို ထုတ်ပြန်ခြင်း မရှိတော့ပေ။ အမျိုးသားလွှတ်တော်တွင် CPP က လွှတ်တော်နေရာ ၁၂၅ နေရာလုံးရယူပြီး နိုင်ငံကို တပါတီစနစ် နိုင်ငံသဖွယ်လုပ်ခဲ့သည်မှာ အံ့သြဖွယ် မဟုတ်တော့ပေ။

ထို့ကြောင့် ကမ္ဘောဒီးယားက အာဆီယံ ဥက္ကဋ္ဌလုပ်သောအခါ မြန်မာပြည်သူများ မည်သည်တို့ကို မျှော်လင့်နိုင်သနည်း။ အလွန်တုန်လှုပ်စရာကောင်းသည်မှာ သံတမန်ဟောင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေး ကမ္ဘောဒီးယား အင်စတီကျု အမှုဆောင် ဒါရိုက်တာ ပေါင် ဆိုသီရက်က အစိုးရလိုလားသော သတင်းစာ ခမာတိုင်းမ်းတွင် နိုဝင်ဘာလ ၁ ရက်နေ့က “ကမ္ဘောဒီးယားသည် အထူးသဖြင့် ဝန်ကြီးချုပ်ဟွန်ဆန်၏ နှစ်ဘက်အနိုင်ရသော မူဝါဒအရ ပြည်တွင်း ပဋိပက္ခနှစ် ပေါင်းများစွာကို အောင်မြင်စွာ အဆုံးသတ်နိုင်သောကြောင့် (မြန်မာနိုင်ငံတွင် ကြားဝင်ဆောင်ရွက်ခြင်း)ကို လုပ်ဆောင်နိုင်စွမ်းရှိသည်” ဟု ရေးသားလိုက်ခြင်းဖြစ်သည်။

ထိုသို့ရေးသားလိုက်ခြင်းသည် လှောင်ပြောင်သရော် ပြောဆိုနေခြင်း မဟုတ်ဘဲ ဟွန်ဆန်က အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် မင်းအောင်လှိုင်နှင့် စစ်ကောင်စီတို့သည် လုံခြုံသည်ဟု ခံစားနေရမည် ဖြစ်သည်။

မည်သည့် ဖြစ်ပေါ်တိုးတက်မှုမဆိုသည် တရုတ်နိုင်ငံက နောက်ကွယ်တွင် မည်သည့် ကစားနည်း ကစားမည်ဆိုသည့် အချက်ပေါ်တွင်လည်း မူတည်နေသည်။ ထင်ရှားသော အချက်မှာ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံသည်ပင် မြန်မာနှင့် ပတ်သက်သည့် ပိုမိုပြတ်သားသောမူဝါဒများ ချမှတ်ရန် ခက်ခဲသွားမည်ဆိုသည့် အချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်သည် မြန်မာပြည်သူများ၏ လက်တွင်သာရှိသည်ဆိုသည့် ခါးသီးသော အမှန်တရားသည် ဆက်လက်ရှိနေမည် ဖြစ်သည်။ မင်းအောင်လှိုင်၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်ရေးအောက်တွင် မြန်မာပြည်သူများကို ၎င်းတို့ ယခုခံစားနေရသည် ဖိနှိပ်မှုများကို အာဆီယံဖြစ်စေ၊ တရုတ်ဖြစ်စေ မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်ပေ။

(ဘာတေးလ် လစ်တနာသည် အာရှရေးရာများကို ဆယ်စုနှစ်ပေါင်း လေးခုကြာ ရေးသားနေသည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Cambodia, ASEAN and Myanmar ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဟွန်ဆန် မြန်မာပြည်လာရန် ပြင်ထား

စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်

ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း တရုတ် ရှေ့ခြေတလှမ်းတိုး

စလျှင်စခြင်း မှောက်လျက်လဲသော အပြုသဘော ထိတွေ့ဆက်ဆံမှု

Your Thoughts …
Tags: ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဒေါ်အောင်ဆန်းစုကြည်အဂတိမှု
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
Covid လှိုင်း ရိုက်ခတ်မှုကြောင့် မပြေမလည် ဖြစ်နေသည့် လူထုမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပို၍ ကြပ်တည်းလာရသည်  / ဧရာဝတီ

ဝင်ငွေနည်း ပြည်သူများ အလူးအလဲခံနေရသည့် အသေးစား ချေးငွေ ဂယက်

ပြည်သူက စစ်တပ်ကို ခါးခါးသီးသီး မုန်းတီး ရွံရှာသွားပြီ (ရုပ်/သံ)

ပြည်သူက စစ်တပ်ကို ခါးခါးသီးသီး မုန်းတီး ရွံရှာသွားပြီ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved