မြန်မာစစ်ကောင်စီအတွက် အဓိကကျသော သံတမန်ရေးရာ အောင်ပွဲဖြစ်သည်။ မတ်လ ၉ ရက်နေ့တွင် စစ်ကောင်စီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် စစ်ကောင်စီ၏ မြန်မာနိုင်ငံ ဖွဲ့စည်းပုံနှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး အားထုတ်မှုများကို ဆွေးနွေးရန် ဥရောပသမဂ္ဂ စစ်ဦးစီးအဖွဲ့ အကြီးအကဲ ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး ဟာ့ဗ် ဘလီဂျင်းနှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံသည်။ လက်ရှိဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများကို မြန်မာလုံခြုံရေးတပ်များက ကိုင်တွယ်ပုံ၊ စစ်ကောင်စီ၏ အနာဂတ်လုပ်ငန်း ၅ ခုနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အစီအစဉ်များအကြောင်းကိုလည်း ၎င်းတို့ ပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဥရောပသမဂ္ဂက စစ်ကောင်စီကို အသိအမှတ်ပြုပြီး ၎င်းတို့၏ လုပ်ရပ်များကို ထောက်ခံသည်ဟု ယူဆရသော ထိုဖြစ်ရပ်သည် သြစတြေးလျှနိုင်ငံ၏ ဒုတိယအဆင့်အမြင့်ဆုံး စစ်အရာရှိ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ဒေးဗစ် ဂျွန်စတန်နှင့် အလားတူတွေ့ဆုံပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ဒေးဗစ်ဂျွန်စတန်သည် မြန်မာစစ်တပ် ဒုတိယခေါင်းဆောင်နှင့် အခြားတပ်မှူးနှစ်ဦးထံ ဖုန်းဆက်ပြီး စစ်ကောင်စီ၏ ဦးဆောင်မှု အခန်းကဏ္ဍကို ဆွေးနွေးကြသည်ဟု ဆိုသည်။ စစ်ကောင်စီသည် တရားမျှတမှုနှင့် လွတ်လပ်မှုကို အခြေခံသည့် ဒီမိုကရေစီ နိုင်ငံတော်ထူထောင်ရေးအတွက် လုပ်ဆောင်နေကြောင်း၊ မြန်မာလုံခြုံရေးတပ်များသည် မည်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူကိုမျှ ဖြိုခွဲခြင်း မရှိကြောင်းနှင့် တနိုင်ငံလုံးတွင် ဖြစ်ပေါ်နေသော အဓိကရုဏ်းများကို ကိုင်တွယ်ရာတွင် အနည်းဆုံးအင်အားကိုသာ အသုံးပြုကြောင်း မြန်မာစစ်တပ် ဒုခေါင်းဆောင်က ရှင်းပြသည်ဟု ဆိုသည်။ ထိုအခါ သြစတြေးလျ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီးက သူ၏နိုင်ငံသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပြီး နှစ်န်ိုင်ငံ စစ်တပ်များနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးကြောင်း၊ မြန်မာစစ်တပ် ဒုခေါင်းဆောင်၏ အဆိုအရ ထိုဆွေးနွေးမှုများသည် ဒီမိုကရေစီ စံနှုန်းများနှင့် တန်ဖိုးများကို အခြေခံကြောင်း သိရသည်။ ဂျွန်စတန်ကလည်း မြန်မာနိုင်ငံ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အကူအညီများ ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
အနိမ့်ဆုံးအားဖြင့်ဆိုရပါက ထိုအချက်များသည် စစ်တပ်က ထိန်းချုပ်ထားပြီး တင်းကျပ်စွာ ဆင်ဆာတည်းဖြတ်သည့် မြန်မာနိုင်ငံပိုင် မီဒီယာက မြန်မာစစ်တပ် ဒုခေါင်းဆောင်နှင့် ဘလီဂျင်နှင့် ဂျွန်စတန်တို့၏ ဖုန်းဖြင့်ဆက်သွယ်ခြင်းကို ဖေါ်ပြပုံဖြစ်သည်။ သို့သော် လက်တွေ့တွင် ဂျွန်စတန်က မြန်မာစစ်ဒုခေါင်းဆောင်ကို ဖုန်းဆက်သည်မှာ ဖမ်းဆီးခံထားရသော သြစတြေးလျ ပညာရှင် ရှောင်တန်းနဲလ်ကို လွှတ်ပေးရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား လူသေစေနိုင်သော လက်နက်ဖြင့် အကြမ်းဖက်သည်ကို လက်မခံနိုင်ကြောင်း ပြောခြင်းဖြစ်သည်။ ဂျွန်စတန်က ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန်နှင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းစဉ်မှ စတင်ဖမ်းဆီးထားသည့် အရပ်သားခေါင်းဆောင်များကို ချက်ခြင်းလွှတ်ပေးရန်ပင် တောင်းဆိုသည်။
ဂျွန်စတန်က ထိုသို့ဖုန်းဆက်ခြင်းသည် တရားမဝင် စစ်ကောင်စီအပေါ် အသိအမှတ်ပြုခြင်းကို အားပေးရာရောက်သည်ဟုပင် သြစတြေးလျမှ လူ့အခွင့်အရေး လှုပ်ရှားသူများက ကင်ဘာရာမှ အစိုးရကို ရှုတ်ချကြသည်။ သို့သော် သြစတြေးလျ အသံလွှင့် ကော်ပိုရေးရှင်းက ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် သတင်းအရ “ အချို့သုတေသီများက ထိုဖုန်းဖြင့် ဆက်သွယ်မှုကို ကာကွယ်ပြောကြားပြီး ဆန္ဒပြသူများအား အကြမ်းမဖက်ရန် စစ်ကောင်စီကို တိုက်တွန်းရန် သြစတြေးလျ အစိုးရအနေဖြင့် မည်သည့်အခွင့်အလမ်းကိုမဆို အသုံးပြုရမည်ဟု ပြောသည်” ဟု ဖေါ်ပြသည်။
အလားတူသော သဘောထားဖြင့်ပင် ဥရောပသမဂ္ဂက မတ်လ ၉ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ဘလီဂျင်က မြန်မာဒုစစ်ခေါင်းဆောင်သို့ ဆက်သွယ်ခြင်းမှာ အကြမ်းဖက်မှု ချက်ခြင်းရပ်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် အခြားနိုင်ငံရေးအရ ဖမ်းဆီးထားသူများ အပါအဝင် ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးရေးအတွက် စစ်ကောင်စီကို တိုက်တွန်းရန် ဖြစ်ကြောင်း ထုတ်ပြန်သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရှရနာ ဘာဂနာကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ဖိတ်ကြားခြင်း၊ ပါဝင်ပတ်သက်သူ အားလုံးနှင့် သူမကို တိုင်ပင်ဆွေးနွေးရန်နှင့် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ခွင့်ပြုခြင်းတို့၏ အထူးအရေးပါမှုများကို ဘလီဂျင်က အလေးထားပြောကြားကြောင်း သိရသည်။
ဂျွန်စတန်နှင့် ဘလီဂျင်တို့၏ မြန်မာဒုစစ်ခေါင်းဆောင်ကို ဆက်သွယ်ရသည့် နောက်ကွယ်မှ အကြောင်းရင်းမှာ ထင်ရှားလှသည်။ မြန်မာစစ်အုပ်စုသစ်သည် အရပ်သားနိုင်ငံရေးသမားများထက် စစ်အရာရှိများပြောသည်ကို ပိုမိုနားထောင်လိုမည်ဟု ဥရောပသမဂ္ဂနှင့် သြစတြေးလျက ယူဆပြီး ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။
သို့သော် စစ်ကောင်စီက ထိုကဲ့သို့ ဆက်သွယ်ခြင်းများကို မည်သို့ ယူဆမည်နှင့် ၎င်းတို့၏ ဝါဒဖြန့်ချိရေးအတွက် မည်သို့ အသုံးပြုမည်ကို သြစတြေးလျနှင့် ဥရောပသမဂ္ဂတို့ ကြိုမမြင်သည်မှာ အံ့သြစရာ ကောင်းလှသည်။ မြန်မာစစ်ဗိုလ်ချုပ်များသည် အရပ်သားဖြစ်စေ စစ်သားဖြစ်စေ အနောက်နိုင်ငံသားတယောက်က ပေးသည့် ခင်မင်ရင်းနှီးသည့် အကြံဉာဏ်ကို ယူမည်ဟု ထင်ခြင်းသည် ခွင့်မလွှတ်နိုင်လောက်အောင် တုံးအခြင်းပင်။ ၎င်းတို့သည် ကိုယ့်အသံကိုသာ ကိုယ်ပြန်နားထောင်နေသူများ ဖြစ်သည်။
မြန်မာစစ်ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံနိုင်သည်ဟု ယုံကြည်သော အနောက်နိုင်ငံသားများနှင့် ပတ်သက်ပြီး စာရေးသူက ၂၀၁၅ ခုနှစ် ဇန်နဝါရီလက ဧရာဝတီတွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။ အနောက်နိုင်ငံများ၏ ထိုကဲ့သို့သော မူဝါဒများသည် ဗြောင်ကျသည် ကိုလိုနီလက်သစ် သဘောထားကို ထင်ဟပ်နေခြင်းသာ ဖြစ်သည်။ အဓိပ္ပါယ်မှာ “ ငါတို့တွေက အသိဉာဏ်မြင့်မားတဲ့ လူဖြူတွေဖြစ်တဲ့အတွက် နိုင်ငံကို ဘယ်လိုစီမံရတယ်ဆိုတာ ရယ်စရာကောင်းတဲ့ လူညိုတွေကိုတော့ သွားပြောအုန်းမှပဲ။ သူတို့ကတော့ ငါတို့စကားကို နားထောင်မှာပဲ” ဟုဖြစ်သည်။ သို့သော် တချိန်တည်းတွင် အနောက်တိုင်းမှ ထိတွေ့ဆက်ဆံရေး လိုလားသူများကို လက်ခံတွေ့ဆုံသောအခါ မြန်မာဗိုလ်ချုပ်များ၏ စိတ်တွင်းတုံ့ပြန်မှုကို ပုံဖေါ်စဉ်းစားကြည့်ရန် မခက်ပေ။ “ဒီမျောက်ဖြူတွေက တမျိုးတော့ ရယ်စရာကောင်းတယ်။ သူတို့က သိပ်တော့မလည်ပါဘူး။ သူတို့ကို အသုံးချမှပဲ” ဟု ဗိုလ်ချုပ်များက ၎င်းတို့၏ စိတ်အတွင်းတွင် ပြောနေကြသည်။
အပြုသဘော ထိတွေ့ဆက်ဆံရေး မူဝါဒ၏ အစွန်းရောက်လွန်းပြီး စဉ်းစားဆင်ခြင်မှု အနည်းဆုံးသော ဥပမာတခုကို မတ်လ ၂ ရက်နေ့က ထုတ်ဝေသည့် Nikkei Asian Review ၏ သူ့အတွေးသူ့အမြင် အခန်းတွင် တွေ့ရသည်။ လန်ဒန်ရှိ Chatham House မှ အာရှပစိဖိတ် အစီအစဉ်မှ တွဲဖက်သုတေသီ ဘီလ် ဟေတွန်က ရေးသားပြီး ခေါင်းစဉ်မှာ ”မြန်မာ၏ တလအကြာ စစ်ပွဲအတုအယောင် ပြီးဆုံး ” ဟုဖြစ်သည်။
ထိုဆောင်းပါးကို ထုတ်ဝေသည့်နေ့မှာပင် မြန်မာနိုင်ငံတဝန်း စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေချိန်တွင် ထိုကဲ့သို့သော ကောက်ချက်မျိုးကို ချနိုင်သည်မှာ လွန်စွာ ပဟေဠိ ဆန်နေသည်။ ဟေတွန်၏ အမြင်အရ ထိုဆန္ဒပြပွဲများသည် “ရန်ကုန်နှင့် မန္တလေးမှ အနှောင့်အယှက် အတားအဆီးအချို့သာ ဖြစ်သည်။ စစ်တပ်သည် ယခင် ရန်ကုန်မြို့တော်ဟောင်းတွင် တွေ့ရသည့် ဖရိုဖရဲဖြစ်မှုများမှ လွတ်မြောက်စေရန် အတိအကျ ရည်ရွယ်ပြီး မြို့တော်သစ် နေပြည်တော်ကို တည်ဆောက်ထားသည်။ ဆူညံဆူညံလုပ်သော မြို့ပြလူအုပ်များက စွန့်လွှတ်စေလိုတိုင်း စစ်တပ်က စွန့်လွှတ်မည်မဟုတ်ပေ” ဟု သူရေးသည်။
ထိုသို့ရေးသားခြင်းသည် လမ်းမများပေါ်ထွက်ပြီး အသက်ကိုစတေးနေသည့် နိုင်ငံတဝှမ်း မြန်မာပြည်သူ သန်းပေါင်းများစွာကို ရန်ကုန်နှင့် မန္တလေးတွင်သာဖြစ်နေသည့် အနှောက်အယှက်အချို့တွင် ပါဝင်ပတ်သက်နေသည့် ဆူညံသော လူအုပ်များဟု သရုပ်ဖေါ်ခြင်းသည် စော်ကားလိုက်ခြင်းသာဖြစ်သည်။ ဟေတွန် တွက်ကိန်းမှားသွားသည့် နေပြည်တော်အပါအဝင် နိုင်ငံမြောက်ဖက်ဖျား ပူတာအိုမှ တောင်ဖက်ဖျား ကော့သောင်းအထိ မြို့ကြီးမြို့ငယ်တိုင်းတွင် ပြည်သူများချီတက်ကြသည်။ ထိုသူများအားလုံး အထူးသဖြင့် စစ်တပ်နှင့်ရဲက ပစ်သတ်ခံရသူများသည် လေးစားဂုဏ်ပြုမှုနှင့် ထိုက်တန်ပြီး ကမ္ဘာတဝှမ်း ငြိမ်းချမ်းသက်သာသော ရုံးခန်းများတွင် ထိုင်နေသည့် အနောက်တိုင်း ပညာရှင်ဆိုသူများက ထိုသူများကို ပြဿနာရှာသူများအဖြစ် မသတ်မှတ်နိုင်ပေ။
မြန်မာနိုင်ငံအကျပ်အတည်းနှင့် ပတ်သက်ပြီး ဟေတွန်အဖြေရှာသည့် ပုံသေနည်းသည် နိုင်ငံ၏ မြို့ကြီးမြို့ငယ်များမှ လမ်းမများတွင် ဖြစ်ပေါ်နေသော ဖြစ်ရပ်များ၏ အနှစ်သာရမှ ကင်းဝေးလွန်းနေသလို လက်တွေ့ကျကျ လုပ်ဆောင်ရန် နီးစပ်သည့် မည်သည့်အရာမျှလည်း မပါဝင်ပေ။
စစ်တပ်သည် ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားများနှင့် အခြားအခွင့်ထူးများကို ကာကွယ်ရန်မဟုတ်ဘဲ ၎င်းတို့ကိုယ်၎င်းတို့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူအဖြစ် သို့မဟုတ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု ပြိုကွဲခြင်းအကြား ရပ်တည်နေသော တခုတည်းသော အင်အားစု ဖြစ်သည်ဆိုသည့် ပုံပြင်ဟောင်းကို ထပ်လောင်းပြောကြားပြီးနောက် ဟေတွန်က ဆက်လက်ပြီး ၎င်းတို့သည် မည်သူများဖြစ်ကြစေ မြန်မာ့အိမ်နီးချင်းများနှင့် “ကမ္ဘာတဝန်းမှ မိတ်ဆွေများ”သည် “စစ်ခေါင်ဆောင်ပ်ိုင်းနှင့် အမြန်ဆုံး ထိတွေ့ဆက်ဆံရန် အရေးကြီးသည်” ဟု ပင်ရေးသားခဲ့သည်။
ထိုသို့လုပ်ရန်အတွက် စစ်တပ်၏အခန်းကဏ္ဍကို နိုင်ငံရေးမှာ လျှော့ချခြင်းကို ဆိုင်းငံ့ထားသင့်သည် ဟု သူဆက်လက်ရေးသားပြီး ရွေးကောက်ပွဲရလဒ်များတွင် မသမာမှုများရှိသည်ဆိုသည့် ပြောဆိုချက်များနှင့်ပတ်သက်ပြီး “အရှက်မကွဲစေရန်” အပေးအယူပြုလုပ်ခြင်းအချို့ကို သဘောတူနိုင်သည် ဟုလည်း ဟေတွန်က ဆက်လက်ရေးသားသည်။ ယခုအချိန်သည် အမေရိကန်နှင့် တရုတ်တို့အနေဖြင့် မည်သည့်နိုင်ငံကမျှ မြန်မာနိုင်ငံ မတည်ငြိမ်မှုကို မလိုလားသဖြင့် “ဘုံသဘောတူနိုင်သောအချက်” ကို ရှာရမည့် ကာလဖြစ်နိုင်သည်ဟု ဟေတွန်က ယုံကြည်သည်။ ဂျပန်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) တို့ လက်တွဲလုပ်ဆောင်နိုင်မည့် အမေရိကန်နှင့် တရုတ်အကြား “ပူးပေါင်းအစီအစဉ်တခုခု” ဖြစ်ပေါ်လာနိုင်သည်ဟု သူဆက်လက်ရေးသားသည်။
ရှေ့ဆက်ရန် ထိုမျှ လက်တွေ့မကျသည့် လုပ်ငန်းစီမံချက်ကို စိတ်ကူးယဉ် ကြည့်နိုင်ခြင်းပင် မရှိပေ။ ကြေအေးခြင်းသည် မည်သည့်အခါကမျှ အလုပ်မဖြစ်ခဲ့သကဲ့သို့ အပြုသဘောထိတွေ့ဆက်ဆံရေးသည်လည်း မည်သည့်အခါကမျှ အလုပ်မဖြစ်ခဲ့ပေ။ အပြုသဘော ထိတွေ့ဆက်ဆံရေး မူဝါဒဆိုသည်မှာ ၁၉၈၀ ခုနှစ်များ အစောပိုင်းက တောင်အာဖရိကမှ အသားအရောင်ခွဲခြားရေးအစိုးရနှင့် ကုန်သွယ်ရေးနှင့် အခြားကိစ္စများတွင် ဆက်ဆံရေးအတွက် ရော်နယ်ရီဂင် အစိုးရက ချမှတ်ခဲ့သော မူဝါဒ၏ အမည်ဖြစ်သည်။ ထိုမူဝါဒသည် အောင်မြင်ခြင်း မရှိပေ။ “အဓိပ္ပါယ်ပြည့်ဝသည့် ပြုပြင်ပြောင်းလဲရေးလုပ်ရန် လေးနှစ်ခွဲကာလအတွင်း အမေရိကန် အစိုးရက (မုန်လာဥနီ) ဆုလာဘ်များ အများအပြားပေးခဲ့ပြီးနောက် တောင်အာဖရိက အာဏာပ်ိုင်များသည် မုန်လာဥနီပေါင်းများ ချက်ပြီး စားပစ်လိုက်ကြသည်” ဟု စတန်းဖို ဂျေ အန်ဂါနှင့် ပီတာ ဗေးလ်တို့က ၁၉၈၅-၈၆ ခုနှစ် ဆောင်းရာသီထုတ် နိုင်ငံခြားရေးရာစာစောင်တွင် ရေးသားခဲ့ကြသည်။ နောက်ဆုံးတွင် တောင်အာဖရိကသည် ဒီမိုကရေစီနိုင်ငံဖြစ်လာသော်လည်း ပြည်တွင်းရေး အကြောင်းခြင်းရာများနှင့် ပရက်တိုးရီးယားမှ ပိုမို အသိဉာဏ်ရှိလာသော ခေါင်းဆောင်မှုကြောင့်သာဖြစ်ပြီး အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက ဖိနှိပ်သောအစိုးရကို ချော့မော့ ပေါင်းသင်းခဲ့သောကြောင့် မဟုတ်ပေ။
အမေရိကန်နှင့် တရုတ် ပူးတွဲအစီအစဉ်တခုတွင် ဂျပန်၊ အိန္ဒိယနှင့် ASEAN တို့လိုက်ပါဆောင်ရွက်ခြင်းအား မဖြစ်နိုင်သည့်ကြားမှပင် ဖြစ်လာမည် ဟု ယုံကြည်ခြင်းသည် ဗြောင်ကျသည့် မိုက်မဲမှုသာဖြစ်သည်။ ပထမဆုံးအချက်မှာ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နှင့် အိန္ဒိယကဲ့သို့သော ဒေသတွင်း ရန်သူ ပြိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို စဉ်းစားမည်မဟုတ်ပေ။ သေနင်္ဂဗျူဟာအရ အရေးပါသည့်အိမ်နီးချင်းဖြစ်သော မြန်မာန်ိုင်ငံတွင် အရင်းအနှီးကြီးကြီးမားမား ပြုလုပ်ထားသော တရုတ်သည် ၎င်း၏အကျိုးစီးပွားကို ကာကွယ်ရေး ပိုမိုအနုစိတ်သော အစီအစဉ် အကောင်အထည်ဖေါ်မည်ဖြစ်သည်။ ထိုအစီအစဉ်တွင် အခြားမည်သည့် နိုင်ငံကိုမျှ ပါဝင်စေမည်မဟုတ်ဘဲ မြန်မာနိုင်ငံတွင်းမှ ဇာတ်ကောင်အများအပြားနှင့် နိုင်ငံရေး ကစားခြင်းလည်း ပါဝင်သည်။
ထိုနောက် ထိုကဲ့သို့သော ခမ်းနားလှသည် စီမံချက်တွင် ဂျပန်နှင့်အိန္ဒိယတို့သည် ဇာတ်ရန်အခန်းမှ ပါဝင်ပါမည်လား။ မြန်မာနိုင်ငံကို ဒီမိုကရေစီသို့ တွန်းပို့ရာတွင် ASEAN သည်အရေးပါသောအခန်းမှ ပါဝင်သင့်ကြောင်း ပထမဆုံးအကြံပြုသူမှာ သြစတြေးလျှ ဝန်ကြီးချုပ်ဟောင်းနှင့် ယခု Asia Society ဥက္ကဌ ကီဗင် ရပ်ဒ် ဖြစ်သည်။ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က BBC အင်တာဗျူးတခုတွင် သူက ရှေ့ဆက်ပြုလုပ်ရမည့် ကိစ္စမှာ ASEAN ၏ လမ်းညွှန်မှုအောက်တွင် စစ်အာဏာသိမ်းသူများနှင့် တွေ့ဆုံဆွေးနွေးရေးဖြစ်ကြောင်း ပြောကြားသဖြင့် ASEAN ၏ လမ်းညွှန်သဘောတရား နှစ်ရပ်ဖြစ်သည့် ဝင်ရောက်မစွက်ဖက်ရေးနှင့် အားလုံးသဘောတူရေးတို့ကို မေ့လျှော့နေပုံရပြီး ASEAN သည် ဒေသတွင်းမှ မည်သည့် ပြဿနာတွင်မဆို လွန်စွာ ထိရောက်မှုမရှိသော ကြားဝင်စေ့စပ်သူ၊ အခန်းကဏ္ဍတခုမှ ပါဝင်သူသာ ဖြစ်သည်။
အရှေ့တီမောပြဿနာသည် အင်ဒိုနီးရှား၏ ပြည်တွင်းရေးဖြစ်သောကြောင့် ASEAN သည် အရှေ့တီမော လွတ်လပ်ရေးတိုက်ပွဲတွင် ၎င်း၏သဘောထားကို မည်သည့်အခါကမျှ ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိသလို ထိုင်းနှင့် ကမ္ဘောဒီးယား၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှား စသည့် အဖွဲ့ဝင်နိုင်ငံများအကြား များပြားလှသည့် နယ်နိမိတ် ပြဿနာများကို ကိုင်တွယ်ရာတွင်လည်း အရေးနိမ့်ခဲ့သည်။ ASEAN သည် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်သည် ဘုံမူဝါဒကိုပင် ချမှတ်န်ိုင်ခြင်း မရှိပေ။
ဟေတွန်ပြောသကဲ့သို့ ဒီမိုကရေစီတိုက်ပွဲ ပြီးဆုံးပြီဟု မည်သူပြောသနည်း။ လမ်းမများပေါ်မှ ဆန္ဒပြပွဲများကို လုံး၀ ဖိနှိပ်နိုင်သည်ဆိုလျှင်ပင် (လတ်တလောတွင် ထောင်နှင့်ချီသည့် လူအများအပြားသည် ညအချိန်တွင်ပင် ဖရောင်းတိုင်းမီးထွန်း ဆန္ဒထုတ်ဖေါ်နေသောကြောင့် ထိုသို့လုပ်ရန် မဖြစ်နိုင်ပေ။) တိုက်ပွဲသည် အခြားပုံစံဖြင့် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။
မြန်မာန်ိုင်ငံအတွက် မလိုအပ်ဆုံးအရာမှာ န်ိုင်ငံတွင်းမှ မည်သူကိုမဆို ဟိုဟိုဒီဒီလုပ်ခိုင်းပြီး ပြင်ပမှ ဇာတ်ကောင်များကို ဆိုးရွားလှသည့် အကြံများပေးသည့် လူဖြူတမန်တော်များ၏ ကြည့်ရှုစောင်မမှု ဖြစ်သည်။ အပြောင်းအလံသည် နောက်ဆုံးတွင် မြန်မာန်ိုင်ငံသို့ရောက်လာမည်ဖြစ်ပြီး ထိုအပြောင်းအလဲသည် န်ိုင်ငံအတွင်းမှသာ ထွက်ပေါ်လာမည်ဖြစ်သည်။ အနည်းဆုံး လက်နက်ကိုင်တပ်များ၏ တစိတ်တပိုင်းသည်လည်း အခန်းကဏ္ဍတခုမှ ပါဝင်ရမည်ဖြစ်သည်။ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ပါဝင်ရမည့် အခန်းကဏ္ဍတခုရှိသော်လည်း ထိုအခန်းကဏ္ဍမှာ ယခင်က ထုံးစံအတိုင်း မြန်မာလူမှုအခြေပြုအဖွဲ့အစည်းများကို မနှိမ်ဘဲ ထောက်ခံကူညီရန်သာဖြစ်သည်။ ၎င်းတို့န်ိုင်ငံနှင့် ၎င်းတို့ ကံကြမ္မာ၏ အရှင်သခင်မှာ မည်သူမျှမဟုတ်ဘဲ မြန်မာနိုင်ငံမှ တိုင်းရင်းသား အမျိုးမျိုးသာဖြစ်သောကြောင့် ၎င်းတို့ကို ၎င်းတို့၏ ဆန္ဒသဘောထာများနှင့်အညီသာ ထောက်ခံကူညီသင့်ပေသည်။
(ဘာတေးလ် လစ်တနာသည် ဆွီဒင်သတင်းသမားနှင့် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုခန့် ရေးသားခဲ့သည့် စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။ ယခုအခါ သူသည် Asia Times တွင် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်နေသည်။ ယခုဆောင်းပါးသည် သူ၏ အမြင်သာဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ‘Constructive Engagement’ Stumbles Right Out of the Box in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာစစ်ခေါင်းဆောင်များကို တရားရုံးတင်ရန် သက်သေများ ကုလ စုဆောင်းနေ
စစ်တပ်နှင့်ရဲ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ပြီ
KIA နှင့် စစ်တပ် စစ်ရေးတင်းမာ၊ စစ်ဘေးရှောင် ၄၀ ကျော် ထပ်တိုး
ကျနော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းထံက အကာအကွယ်ကို လိုအပ်နေပါတယ်