အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ် တစီး ငှားရမ်း၊ ဝယ်ယူ၊ ပြုပြင်ထိန်းသိမ်းမှုများနှင့် ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိ လိုက်စားမှု ၅ မှုဖြင့် စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုမှုအပေါ် လာမည့် ဒီဇင်ဘာ ၃၀ ရက်တွင် အပြီးသတ် အမိန့်ချမည် ဖြစ်သည်။
ယနေ့တွင် အဆိုပါအမှုများနှင့် ပတ်သက်ပြီး နေပြည်တော်ထောင်တွင်း တရားရုံးတွင် နှစ်ဖက် အပြန်အလှန် လျှောက်လဲ ချက်ပေးခဲ့ကြပြီးနောက် အမိန့်ချရန် ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။
ကယ်ဆယ်ရေး ရဟတ်ယာဉ်အား ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျခံသုံးစွဲကာ ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။
ထိုသို့ ကယ်ဆယ်ရေး ရဟတ်ယာဉ်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကြေးများ သုံးစွဲခွင့် မရှိဟု အာဏာသိမ်း စစ်ကောင်စီက အပြစ်ဆိုထားပြီး ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ဆောင် မှုများတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများအား လိုက်နာမှု မရှိခဲ့သည့်အတွက် နိုင်ငံတော်ငွေကြေးနစ်နာမှုများလည်း ရှိခဲ့သည်ဟု စွပ်စွဲထားသည်။
ယင်းသို့ စွပ်စွဲ တရားစွဲဆိုမှုများနှင့် ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြစ်ကြောင်း တုံ့ပြန်ချေပ ထွက်ဆိုခဲ့ကြသည်။
ယင်းပြင် ကယ်ဆယ်ရေး ရဟတ်ယာဉ် ဝယ်ယူမှုနှင့် ပတ်သက်ပြီး အဓိက သက်သူဆိုင်သူများထဲမှ စစ်ကောင်စီ၏ အမှုဖွင့် အရေးယူခြင်းမခံရသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ဒုသမ္မတ ဦးဟင်နရီဗန် ထီးယူ ကိုယ်တိုင်က ပြီးခဲ့သည့် ရုံးချိန်းများတွင် စွပ်စွဲခံရသူများ၏ သက်သေအနေဖြင့် နေပြည်တော်ထောင်တွင်း တရား ရုံးတွင် လာရောက် သက်သေထွက်ဆိုခဲ့သည်။
သက်သေ ထွက်ဆိုရာတွင် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ၌ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် အမျိုးသားအဆင့်အနေဖြင့် ဝယ်ယူရန် လိုအပ်သည့်အတွက် ကယ်ဆယ်ရေး ရဟတ်ယာဉ်အား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဘဏ္ဍာရန်ပုံငွေမှ ရန်ပုံငွေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ဝယ်ယူရာတွင်လည်း နိုင်ငံတော်မှ ထည့်ဝင်ထားသည့် ရန်ပုံငွေများအပြင် ပြည်တွင်းပြည်ပမှ လှူဒါန်းထားသည့် လှူဒါန်း ငွေများလည်း အပါအဝင်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု တရားရုံးနှင့်နီးစပ်သူတဦးက ပြောသည်။
တရားရုံးနှင့် နီးစပ်သူတဦးက “ဒါက အစိုးရအနေနဲ့တောင် မဟုတ်ဘဲ အမျိုးသားအဆင့်အနေနဲ့ ကယ်ဆယ်ရေး ရဟတ် ယာဉ် ဝယ်ဖို့ လိုကို လိုအပ်လို့ ဝယ်လိုက်တာ။ ဒီနေရာမှာ ရန်ပုံငွေစည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေအညီပဲ လုပ်ခဲ့တာ၊ ဒါကိုပဲ အဓိက ထွက်ဆိုသွားတာ” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့်မူ ကယ်ဆယ်ရေး ရဟတ်ယာဉ်ငှားရမ်း၊ ဝယ်ယူ၊ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ကနဦးအနေဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ် ၂၇ ရက်တွင် အမှုဖွင့်ကြောင်း စတင်ကြေညာခဲ့သည်။
သို့သော် စစ်ကောင်စီလက်အတွင်း ဖမ်းဆီးခြင်းမခံရဘဲ လွတ်မြောက်ခဲ့သည် ဒေါက်တာဝင်းမြတ်အေးမှာ လက်ရှိတွင် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးအဖြစ် တာဝန်များထမ်း ဆောင်လျက်ရှိသည်။
ဒေါက်တာ ဝင်းမြတ်အေးအား အမှုဖွင့်ကြောင်း ကြေညာပြီးနောက် သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနေဖြင့်လည်း နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ် ကယ်ဆယ်ရေးရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ပြုပြင်ထိန်း သိမ်းရေး လုပ်ဆောင်မှုများတွင် လုပ်ပိုင်ခွင့်အာဏာအသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းများ လိုက်နာခြင်းမရှိဘဲ ရုံးတွင်စာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်ငွေကြေး၊ ပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးစေခဲ့သည် ဟု ဆိုကာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ထားကြောင်း စစ်ကောင်စီက ထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာသိမ်းစစ်ကောင်စီ စွပ်စွဲတရားစွဲခဲ့သည့် ပုဒ်မ ၁၄ ခုဖြင့် ထောင် ၂၈ နှစ် ချမှတ်ခံထားရပြီး နေပြည်တော် အချုပ်ထောင်အတွင်း အကျဉ်းချခံထားရသည်။
သမ္မတ ဦးဝင်းမြင့်အနေဖြင့်လည်း စစ်ကောင်စီစွပ်စွဲတရားစွဲဆိုသည့်ပုဒ်မ ၃ ခုဖြင့် ထောင် ၇ နှစ်ချခံထားရပြီး စစ်ကောင်စီ က ထုတ်ဖော်ပြောကြားခြင်း မရှိသည့် သီးခြားနေရာတခုတွင် အကျဉ်းချခံထားရသည်။
သို့သော် ၎င်းတို့အပေါ် ချမှတ်ထားသည့် ထောင်ဒဏ်များထဲမှ၂ နှစ်စီအား လျော့ပေါ့ပေးကြောင်း အာဏာသိမ်း စစ်ခေါင်း ဆောင်က ကြေညာထားသည့်အတွက် လက်ရှိ ကျခံနေသည့်ထောင်ဒဏ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ဒဏ် ၂၆ နှစ်နှင့် သမ္မတဦးဝင်းမြင့် ထောင်ဒဏ် ၅ နှစ် ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီ ကိုယ်တိုင်ထုတ် လေ့ကျင့်ရေး လေယာဉ် MTX – 1A
ထိုင်းဦးဆောင်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ ထူးခြားသော ရလဒ်မရှိ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် ငွေနှင့်ပစ္စည်းများ သိမ်းယူရန် စစ်ကောင်စီလုပ်ဆောင်