တရုတ်အစိုးရက ၎င်းတို့နိုင်ငံသားများအား အတင်းအကြပ်ပြန်ခေါ်နေသဖြင့် တရုတ်လူမျိုးများ အိမ်ပြန်သွားပြီးနောက် ရှမ်းပြည်နယ် “ဝ” နှင့် မိုင်းလားဒေသတို့တွင် စီးပွားရေးကျဆင်းမှုများ ဖြစ်နေကြောင်း အဆိုပါဒေသမှ ဒေသခံအချို့က ပြောသည်။
ဝ ဒေသကို မြန်မာနိုင်ငံတွင် အင်အားအကောင်းဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က အုပ်ချုပ်နေပြီး မိုင်းလားဒေသကိုမူ မိုင်းလားအဖွဲ့ဟု လူသိများသည့် အမျိုးသားဒီမိုကရေစီမဟာမိတ် တပ် မတော် (NDAA)အဖွဲ့က အုပ်ချုပ်သည်။
မိုင်းလားမြို့မှ ဒေသခံတဦးကမူ ကိုဗစ်- ၁၉ ရောဂါတကျော့ပြန် ကူးစက်မည့် အန္တရာယ်ကြောင့် မိုင်းလားဒေသတွင် လူစုလူဝေးမလုပ်ရန် စည်းကမ်းများ တင်းကြပ်ထားသဖြင့် အရောင်းအဝယ်လုပ်ငန်းများ ကျဆင်းနေရာမှ တရုတ်နိုင်ငံ သားများပါ ပြန်သွားသဖြင့် စီးပွားရေးလုပ်ငန်းများ ပိုမိုနည်းပါးသွားကြောင်း ဧရာဝတီသို့ပြောသည်။
“တရုတ်တွေ ပြန်ကုန်တော့ ပိုကျတာပေါ့။ ကျနော် ခန့်မှန်းကြည့်တာတော့ စီးပွားရေးက အရင်ကထက် သုံးပုံမှာ နှစ်ပုံ လောက်အထိ ကျမယ်ထင်တယ်။ လုပ်ငန်းတွေကတော့ အစုံပေါ့ဗျာ အားလုံးထိကုန်တာပါပဲ။ အဓိကတော့ ဆိုင်တွေ ပိတ်ကုန်ရတော့ အခွန်အကောက်တွေ မရတော့ဘူးပေါ့။ စီးပွားရေးလုပ်ငန်းတွေ နည်းသွားတာပေါ့။ လူတွေလည်း နည်းသွားတာပေါ့။ ဒေသဝင်ငွေလျော့တာပေါ့” ဟု ၎င်းက ဆိုသည်။
မိုင်းလားဒေသမှ နေရပ်ပြန်သွားသည့် တရုတ်နိုင်ငံသား စုစုပေါင်းမှာ ၂ သောင်းကျော်ရှိပြီး လက်ရှိလည်း နေရပ်ပြန် နေကြဆဲ ဖြစ်ကြောင်း မိုင်းလားမြို့မှ ဒေသခံတဦးက ရှင်းပြသည်။
“မိုင်းလားက လူတွေကို တရုတ်ဘက်အခြမ်းက တာလော့မှာ ကွာရန်တင်းဝင်ရတယ်။ ၂၁ ရက်ဝင်ပြီးမှ ပြန်ခွင့်ပေးတာ။ တာလော့က မိုင်းလားနဲ့ နယ်စပ်ပဲခြားတယ်။ မိုင်းလားမှာတော့ ကွာရန်တိုင်း မဝင်ရဘူး။ မိုင်းလားဘက်က ဒီအတိုင်း ပို့လိုက်တာပဲ။ တာလော့ကျမှ ကွာရန်တင်း ၂၁ ရက်ဝင်ပြီးတော့ အလှည့်ကျနဲ့ခေါ်တာ ကွာရန်တင်းစင်တာဖွင့် ထား တာက ၂၀၀ ကျော်ရှိတယ်ကြားပါတယ်။ ကွာရန်တင်းမှာတော့ ကိုယ့်စားရိတ်နဲ့ ကိုယ်နေရတာပဲ” ဟု ၎င်းက ဆိုသည်။
အလားတူပင် ဝ ဒေသတွင်လည်း နေရပ်ပြန်သည့် တရုတ်နိုင်ငံသား စုစုပေါင်း ၂ သောင်းကျော်ရှိနိုင်ပြီး မိုင်းလားဒေသ ကဲ့သို့ပင် လုပ်ငန်းများ နည်းပါးသွားသဖြင့် အခွန်အကောက်ရရှိမှု လျော့နည်းသွားနိုင်ကြောင်း ၎င်းက ဆိုသည်။
ဝ နှင့် မိုင်းလားဒေသတွင် တရုတ်နိုင်ငံသားများ ပြန်သွားသဖြင့် မည်မျှအထိ စီးပွားရေးကျဆင်းမှု ဖြစ်နေကြောင်း မေး မြန်းရန် UWSP နှင့် မိုင်းလား အာဏာပိုင်များထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ယခုသတင်းရေး သား နေချိန်အထိ တစုံတရာ တုံ့ပြန်ဖြေကြားခြင်း မရှိပေ။
လေ့လာသူများ အဆိုအရ ဝ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် တရုတ်လူမျိုး ၁ သိန်းဝန်းကျင်ရှိနိုင်ပြီး အများစုမှာ ရွှေ့ပြောင်းလုပ်သားနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က တရုတ်အစိုးရ အာဏာပိုင်များထံ UWSP ဥက္ကဌ ဦးပေါက်ယူချန်း ရေးခဲ့သည့် စာတွင် ဝ ဒေသ၌ စီးပွားရေးကျဆင်းနေမှုကို ဖော်ပြထားကြောင်း တရုတ်သတင်းဌာနအချို့၏ ရေးသားချက်အရ သိရသည်။
ယင်းစာတွင် တရုတ်အစိုးရက အွန်လိုင်းငွေကြေးလိမ်လည်မှုများကို တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ နိုင်ငံသား များအား ပြန်လည်ခေါ်ယူမှုသည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းက ပုံမှန်စီးပွားရေးလုပ်ငန်းများကို သိသိသာသာ ထိခိုက် စေကြောင်း ထောက်ပြ ရေးသားထားသည်။
“ကျနော်တို့ဟာ ကုန်စည်နဲ့ နည်းပညာကိစ္စတွေနဲ့ ပတ်သက်ရင် တရုတ်ကို အများအပြား မှီခိုရပါတယ်။ ဒေသရှင်သန် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျနော်တို့ဟာ တရုတ်နိုင်ငံရဲ့ မူဝါဒကို မဆန့်ကျင်နိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ပြည်နယ်ထဲမှာရှိတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းအားလုံးကို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု UWSP ဥက္ကဌ ဦးပေါက်ယူချန်းက ဆိုသည်။
တရုတ်နိုင်ငံတွင် နေထိုင်သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း တရုတ်နိုင်ငံသားများ နေရပ်ပြန်ကုန်သဖြင့် ဝ နှင့် မိုင်းလားဒေသတို့တွင် စီးပွားရေး ထိခိုက်မှုများရှိနေသည်မှာ မှန်ကြောင်း မှတ်ချက်ပေး သည်။
“မိုင်းလားတို့၊ ဝတို့ မှာတော့ အကုန်ထိခိုက်ကုန်ကြတာ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်တွေပဲ လာပြီး ရင်းနှီးမြှုပ်နှံနိုင် တာကိုး ။ သူတို့က အကုန်လုံးထားပြီးထွက်သွားတာကိုး။ အဲဒီတော့ နေ့စားတွေဘာတွေက ဝတွေပဲဖြစ်ဖြစ် ၊ အဲဒီမှာ ငှက်ပျောတွေလိုဟာမျိုးလာစိုက်တာတွေမှာ အလုပ်လုပ်နေတဲ့သူအကုန် အလုပ်လက်မဲ့ဖြစ်ကုန်တာပေါ့” ဟု ၎င်းက ဆိုသည်။
အမည်စာရင်းနှင့်တကွ မဖြစ်မနေ တရုတ်ပြည်ပြန်ရမည်ဟု ဆင့်ခေါ်နေခြင်းဖြစ်ပြီး ပြန်လာရမည့် နိုင်ငံသားအများစုမှာ ဖူကျန့်၊ ဟူနန်၊ ကွေ့ကျိုးနှင့် ကွမ်ရှီးပြည်နယ်များတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။
ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာန၏ ဇူလိုင် ၁၈ ရက်ထုတ် Chinese crackdown on online fraud forces citizens to leave Myanmar’s ‘Little China’ ဆောင်းပါးတွင် ပြည်ပသို့ရောက်နေသည့် တရုတ်နိုင်ငံသားများကို အွန်လိုင်းမှ တဆင့် ငွေကြေးလိမ်လည်သည့် ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်သည်ဆိုသည် သော သံသယ ဖြင့် တရုတ်အစိုးရက စစ်ဆေးရန် ပြန်ခေါ်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ဝ (တောင်ပိုင်း ၊မြောက်ပိုင်း) ၊ မိုင်းလား ၊ မူဆယ်နှင့် ကိုးကန့်ဒေသများမှ နေရပ်ပြန်သည့် တရုတ်နိုင်ငံ သား စုစုပေါင်း ၁ သိန်းဝန်းကျင်ခန့် ရှိနိုင်ကြောင်း အဆိုပါဆောင်းပါး အရသိရသည်။
နေရပ် ပြန်ကြသည့် တရုတ်နိုင်ငံသားများတွင် ငွေကြေးမကြွယ်ဝသည့် သာမန်လူများပါဝင်သကဲ့သို့ ငွေကြေးချမ်းသာ သည့် သူများလည်းပါဝင်ကြောင်း ဝ နှင့် မိုင်းလား မှ ဒေသခံအချို့က ဆိုသည်။
တရုတ်နိုင်ငံသားအများစုသည် ၎င်းတို့၏ အလုပ်အကိုင် ၊ စီးပွားရေးနှင့် ပိုင်ဆိုင်မှုများ အားလုံးကို စွန့်ထားခဲ့ရပြီး အိမ်ပြန်ရမည်ဖြစ်သောကြောင့် နေရပ်သို့ မပြန်ချင်ကြပေ။
သို့သော်လည်း နေရပ်သို့ မပြန်ပါက တရုတ်နိုင်ငံရှိ ၎င်းတို့၏ မိသားစုဝင်များအား ပြည်သူ့ဝန်ဆောင်မှုအခွင့်အရေးများ ရယူခွင့်ကို ကန့်သတ်မည်ဟု တရုတ်အစိုးရက အကြပ်ကိုင်ခြိမ်းခြောက်ထားသဖြင့် မဖြစ်မနေပြန်ကြရခြင်း ဖြစ်သည်။
“အမည်စာရင်းမှာ ပါတဲ့ လူ ၉၀ ရာခိုင်နှုန်းက သူတို့ဘဝကို ရိုးရိုးသားသားအလုပ်နေကြတဲ့ သူတွေဖြစ်တယ်ဆိုတာကို ကျနော့်ဘဝနဲ့ ရင်းပြီး အာမခံပါတယ်။ သူတို့တွေဟာ ပြည်ပမှာ သူတို့ရဲအရင်းအနှီးတွေနဲ့ ခက်ခက်ခဲခဲ ရင်းနှီးမြှုပ်နှံခဲ့ ကြတဲ့ သူတွေပါ။ တချို့ ပြည်နယ်တွေမှာ မိသားစုဝင်တွေရဲ့ အိမ်ရှေ့မှာ အလိမ်အညာတွေရဲ့ အိမ်ဆိုပြီး ဆေးနဲ့စာရေး သွားတာ။ ကလေးတွေကို ကျောင်းမပို့ဖို့ ခြိမ်းခြောက်တာတွေအထိရှိတယ်။ ဒီလောက်ကြီး လုပ်တာတော့ အရမ်းကို များလွန်းပါတယ်” ဟု အမည်မဖော်လိုသည့် တရုတ်နိုင်ငံပြန်ရမည့် စီးပွားရေး လုပ်ငန်းရှင်တဦးက South China Morning Post ကို ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကမူ တရုတ်နိုင်ငံသားများကို တရုတ်အစိုးရက ပြန်ခေါ်ခြင်းသည် ကိုဗစ်ရောဂါကူးစက်မှု ကို ထိန်းချုပ်လိုခြင်း ၊ နိုင်ငံဖြတ်ကျော် အမှုအခင်းများနှင့် အွန်လိုင်းမှ တဆင့် ငွေကြေးလိမ် လည်ခြင်းများကို တိုက်ဖျက်ရန်အတွက် ပြန်ခေါ်နေခြင်း ဖြစ်ကြောင်း ဆိုသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ယန်ကျိချီ၏ ၂၀၂၀ ခုနှစ် စက်တင်ဘာလဆန်း ပိုင်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း၌ လည်း နှစ်နိုင်ငံနယ်စပ်ဒေသများတွင် လောင်းကစား အပါအဝင် တရားမဝင် ကိစ္စရပ် များကို ပူးတွဲတိုက်ဖျက်သွားရေး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ဖူး သည်။
တရုတ်နိုင်ငံတွင် ပင်စင်စား အဘိုးအဘွားများကို ပစ်မှတ်ထားကာ အွန်လိုင်းမှ တဆင့် ငွေလိမ်နေမှုများရှိနေပြီး ငွေလိမ်မှုများကြောင့် အဘိုးအဘွားအချို့ပင် ကိုယ့်ကိုယ်ကို သတ်သေအထိရှိနေကြောင်း ဒေါက်တာလှကျော်ဇောက ပြောသည်။
“တချို့ဆိုရင် ကုဋေနဲ့ချီပြီး အလိမ်ခံရတာတွေရှိတယ်။ အခြေအနေကတော့ တော်တော်ဆိုးပုံရတယ်။ လိမ်တာက တခြားလူတော့မဟုတ်ဘူး။ တရုတ်ပြည်က လူတွေပဲ။ တခြားနိုင်ငံရောက်ပြီး တခြားနိုင်ငံသားခံယူပြီး လိမ်တာ။ အဲဒီအလုပ်မှာ ပြည်မတရုတ်လေသံပေါက်တဲ့ သူတွေကို အလုပ်ပြန်ခန့်ပြီး လိမ်ခိုင်းတာတွေရှိတယ်။ အဲဒါအစိုးရ ကလည်း အဲဒီကိစ္စကို တော်တော်လိုက်ပုံရတယ်။ အခုနောက်ဆုံးကျတော့ ရောဂါလည်းဖြစ်၊ နယ်ခြားကျော်တဲ့ အမှုတွေကိစ္စရော၊ ဗမာပြည်မှာလည်း နိုင်ငံရေးမတည်ငြိမ်တော့ တရုတ်ဆန့်ကျင်ရေး တွေဘာတွေလည်းဖြစ်တော့ အဲဒီအကြောင်းတွေကြောင့်အကုန် ပြန်ခေါ်တာပေါ့” ဟု ၎င်းက သုံးသပ်သည်။
လက်ရှိတွင် နေရပ်သို့ ပြန်မလာသည့် တရုတ်နိုင်ငံသားများကို နိုင်ငံသား မှတ်ပုံတင်မှ ပယ်ဖျက်ခြင်း ၊ အမည်ပျက် စာရင်းသွင်းခြင်း နှင့် တရုတ်နိုင်ငံရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများသိမ်းခြင်းကို တရုတ်အစိုးရက စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံမှလာသည့် သတင်းများအရ သိရသည်။
သို့သော်လည်း မြန်မာနိုင်ငံဘက်အခြမ်းရှိ မိုင်းလားဒေသတွင်မူ ၎င်းတို့ဒေသ၌ ရင်းနှီးမြှုပ်နှံမှုများလုပ်ခဲ့သည့် တရုတ် နိုင်ငံသားများ နောက် ၃ နှစ်အကြာတွင် မိုင်းလားဒေသသို့ ပြန်လာကြလိမ့်မည်ဟု ဒေသခံအချို့က မျှော်လင့်နေကြ သည်။
“အခုကြားတာကတော့ ၃ နှစ်ကြာရင် ပြန်လာခွင့်ပေးမယ် ကြားနေတာပဲ။ ရောဂါအခြေအနေအပေါ်မူတည်မှာပေါ့။ ဒေသအာဏာပိုင်တွေကတော့ ပြန်လာစေချင်တာပေါ့။ ပြန်လာပြီး နဂိုအတိုင်း ပြန်ဖြစ်ရင်တော့ ကောင်းတာပေါ့။
ဒီကာလကြားထဲတော့ ဒီအတိုင်းပဲ နေ့စဉ်စားဝတ်နေရေးက ကြံဖန်ရင်ဆိုင်ရမှာပဲ” ဟု မိုင်းလားဒေသခံတဦးက ပြောသည်။
You may also like these stories:
မိမိတိုင်းပြည်ကို အားကိုးစိတ်မွေးရန် “ဝ” နှင့် မိုင်းလားတို့တို့ကို တပ်ချုပ်ပြော
မိုင်းလားမြို့က ညနတ်သမီးလေးတွေ