စစ်ကိုင်းနှင့် မကွေးတိုင်း၌ စစ်ကောင်စီက လူမှုကူညီရေးအသင်းကားများ၊ အိမ်စီးကားများသုံး၍ အရပ်သားဟန်ဆောင် ကာ ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) စခန်းများအား ဝင်ရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။
စစ်ကိုင်း၊ မြောင်၊မင်းကင်း၊ ပုလဲ ၊ ရေစကြို ၊ ချောင်းဦး အစရှိသည့် မြို့နယ်များတွင် အရပ်ဖက်ကားများကိုသုံးကာ ကျေးရွာ များအား စီးနင်းခြင်း၊ PDF စခန်းများအား ဝင်ရောက် တိုက်ခိုက်ခြင်းများရှိကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကဆို သည်။
အောက်တိုဘာ ၁၇ ရက်က စစ်ကိုင်းခရိုင် ဆားတောင်မြို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းသို့ စစ်ကောင်စီတပ်များ လူမှုကူညီရေးအသင်းကား တစီးအပါအဝင် ဆိုင်ကယ်များဖြင့် ရောက်လာကာ အပြန်အလှန်ပစ်ခတ်သဖြင့် PDF ၂ ဦး သေဆုံးပြီး ၁ ဦး ဖမ်းဆီးခံခဲ့ရသည်။
ထို့အတွက် စစ်ကောင်စီ၏ လူမှုရေးအသင်းကားနှင့် အိမ်စီးကားများ အသုံးပြုမှုကို မြို့နယ် ဒေသခံ ကာကွယ်ရေး အဖွဲ့ အနေဖြင့် ရှောင်တခင်စစ်ဆေးမှုများ လုပ်နေရကြောင်း ပုလဲမြို့နယ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။
“သူတို့ကို တားဆီးပြီးတော့ စစ်ဆေးလို့ ကောင်းမယ့် နေရာလေးတွေကနေ အထိုင်ထားပြီးတော့ စစ်တယ်။ အဲဒီလိုခဏ ခဏစစ်တဲ့အခါ သူတို့ဘက်ကနေ ရံဖန်ရံခါပဲ အသုံးပြုတယ်။ သတိထားပြီး သုံးတယ်ပေါ့။ နောက်ပိုင်း အရပ်ဝတ်ရော စစ် ရော ညှပ်ပြီးတော့ ကားလမ်းတွေ တက်လာတယ်။ တိုက်ပွဲဖြစ်တာပဲ။ သူတို့ဘက်ကတော့ အစွမ်းကုန်ရသလောက် လှည့် စားပြီးတော့ လူထုအပေါ်မှာ ဖိနှိပ်တိုက်ခိုက်ဖို့ စီစဉ်နေတာ အမြဲတမ်း ဘယ်လိုညစ်ပတ်ရမလဲ ကြည့်နေတဲ့ကောင်တွေ နည်းမျိုးစုံနဲ့ လာတယ်။ ကျနော်တို့လည်း တတ်နိုင်သမျှ ကျနော်တို့ မြို့နယ်အတွက် ကာကွယ်နေတာ” ဟု ၎င်းကပြော သည်။
ထို့ပြင် မကွေးတိုင်း မြောင်မြို့နယ်တွင်လည်း စစ်ကောင်စီက လူမှုရေး အသင်းအဖွဲ့ကားများ အသုံးပြုကာ PDF စခန်း ၃ ခု ခန့်ကို ဝင်ရောက်စီးနင်းခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့က စခန်းတခု ဝင်စီးခံရရာ တူမီး သေနတ် ၁၅ လက်ခန့် သိမ်း ခံရ သည့်အပြင် ရပ်ရွာအခြေစိုက် လူမှုကူညီရေး အသင်းအဖွဲ့ကားများကိုလည်းသိမ်းယူသွားကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ပြောသည်။

မြောင်မြို့နယ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “သူတို့ဝင်မွှေတဲ့ရွာက သိမ်းလာတဲ့ လူမှုကူညီရေးကားတွေနဲ့ ပတ်ပြီး လိုက်ဆွဲတာ။ သာမန်ပြည်သူ တယောက်အနေနဲ့ ကြည့်လိုက်ရင် ဒါကြီးက လူမှုကူညီရေး ကားကြီးပေါ့။ ပုံမှန် အတိုင်း သွားလာနေကြပြီး သူတို့မထင်ရင် မထင်သလို ဝင်ပြီးဆွဲတယ် ဖမ်းတယ်။ ကားထဲကနေ ဝုန်းဝုန်းဒိုင်းဒိုင်း ဆင်းလာပြီးတော့ သေနတ်ဒင်တွေနဲ့ ရိုက်တာတို့ ဒူးထောက် ထိုင်ခိုင်းတာတွေတော့ အဲဒါမျိုးတွေ လုပ်တာ” ဟု ပြောသည်။
ထိုသို့ လူမှုရေး အသင်းအဖွဲ့ကားများကို စစ်ကောင်စီက အဓ္ဓယူခြင်းများအပြင် ပရဟိတ သမားများ ဖမ်းဆီးခံရခြင်း စသည့် မတည်ငြိမ်သည့် အခြေအနေများကြောင့် ဒေသအခြေစိုက် လူမှုကူညီရေး အသင်းများအနေဖြင့် ကူညီမှုများ ရပ်ဆိုင်းထား ကြောင်း စုံစမ်းသိရှိရသည်။
ရေစကြိုမြို့နယ် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင် တဦးက “နိုင်ငံရေးအရ အရှုပ်အထွေးရှိတော့ မသွားလာတော့တာ။ ဖမ်းတာတွေ၊ သေတာတွေ အဲဒီ သတင်းတွေကြားနေတော့ မသွားရဲကြဘူး မမောင်းရဲကြတော့ဘူးလေ” ဟု ပြောသည်။
ဒေသခံ ခုခံရေးတပ်များကို ရှင်းလင်းသည့် စစ်ဆင်ရေးများ ပြုလုပ်ရန် အာဏာသိမ်း စစ်ကောင်စီသည် အောက်တိုဘာ လဆန်းပိုင်းမှ စကာ အင်အားအလုံးအရင်းဖြင့် တပ်ကူများကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်များသို့ ပို့ဆောင်နေခြင်း ဖြစ်သည်။
အဆိုပါ ဒေသများတွင် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်သားများ အထိအခိုက် အများအပြားရှိခဲ့သည်။
စက်တင်ဘာလ ၁ လတည်းတွင်ပင် တနိုင်ငံလုံးတွင် တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ် ၆၉၀ ရှိသည့် အနက် စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပြီး ၁၈၄ ကြိမ်အထိ ဖြစ်ခဲ့ကာ ၁ လတည်းတွင် စစ်ကောင်စီတပ်သား ၇၆၈ ဦး သေဆုံးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲများတွင်လည်း စစ်ကောင်စီအနေဖြင့် အရပ်သား ဟန်ဆောင်ကာ PDF တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု ရှိကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောပြချက် အရ သိရသည်။
မင်းကင်းမြို့နယ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက “စစ်သားတွေကိုက အရပ်ဝတ်တွေ ဝတ်နေတာ။ ကိုယ်တွေဘက်ကလည်း တူမီးပဲ ကိုင်တာဆိုတော့ ခဏခဏ မှားတယ်။ မီးတွေဘာတွေ အယောင်ပြထမ်းပြီး ဖွက်လာတာ။ လက်နက်တွေ ဖွက်လာပြီး တကယ်ပစ်တော့ တူမီးနဲ့ မပစ်ဘူး။ ဘောက်နဲ့ပဲ ဆွဲတာ” ဟုပြောသည်။
You may also like these stories:
အာဏာသိမ်းခေါင်းဆောင် နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ဟု ပြည်သူ့စစ်သားများပြော
မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ
၁၉၈၈ ကလို ၂၀၂၁ က စစ်ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်