သတင်း

ASEAN ထိပ်သီးအစည်းအဝေးတွင် မြန်မာ စစ်အာဏာသိမ်းမှုကို ဂျိုးဘိုင်ဒင် ရှုတ်ချ

မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုနှင့် “စက်ဆုပ်ဖွယ် အကြမ်းဖက်မှု”ကို အောက်တိုဘာလ ၂၆ ရက်နေ့က ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ရှုတ်ချခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

ဗီဒီယိုဖြင့် ကျင်းပသည့် ထိိုထိပ်သီးဆွေးနွေးပွဲတွင် ဘိုင်ဒင်က မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုနှင့် စက်ဆုပ်ဖွယ်အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး “လွန်စွာစိုးရိမ်ကြောင်း” ပြောကြားပြီး အကြမ်းဖက်မှု ချက်ခြင်းရပ်ရန်၊ မတရား ဖမ်းဆီးထားသူများကို လွှတ်ရန်နှင့် ဒီမိုကရေစီလမ်းကြောင်းကို ပြန်လျှောက်ရန် မြန်မာစစ်ကောင်စီကို တောင်းဆိုကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။

ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုနှင့် အတိုက်အခံများကို သတ်ဖြတ်နှိမ်နင်းမှုများ အတွက် မြန်မာစစ်ကောင်စီခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲတက်ခွင့် မပေးသောကြောင့် စစ်ကောင်စီသည် ဘရူနိုင်းကကျင်းပသည့် ASEAN ထိပ်သီးဆွေးနွေးပွဲကို သပိတ်မှောက်သည်။

ဘိုင်ဒင်က လူသိရှင်ကြားပြောကြားသော ASEAN ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် တရုတ်ကို ရင်ဆိုင်မည့်သဘောမျိုး သွယ်ဝိုက်ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံအမည်ကို ထည့်သွင်းပြောကြားခြင်းမရှိပေ။

အိမ်ဖြူတော်မှ ဗီဒီယိုမှတဆင့်ပြောကြားရာတွင် ဘိုင်ဒင်က ASEAN သည် “မရှိမဖြစ်” အရေးကြီးကြောင်း ပြောကြားပြီး အမေရိကန်ပြည်ထောင်စုသည် ASEAN ၏ “အချက်အခြာကျမှု”ကို ယုံကြည်ချက်ထားကြောင်းပြောသည်။

အမေရိကန်ပြည်ထောင်စုသည် အာရှတလွှားတွင် ပိုမိုသြဇာကြီးမားလာသည့် တရုတ်နိုင်ငံ၏ သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးတည်ရှိမှုကို တွန်းလှန်ရန် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် ASEAN အဖွဲ့ကို အမေရိကန်၏ သေနင်္ဂဗျူဟာတွင် အရေးပါသော အစိတ်အပိုင်းအဖြစ်မြင်သည်။

သမ္မတဖြစ်လာပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နှစ်ကြိမ်ဖုန်းပြောခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင် ဗီဒီယိုမှ တဆင့်ဆွေးနွေးရန် စီစဉ်ထားသော ဘိုင်ဒင်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကဲ့သို့ ဘေ့ဂျင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရေး တွန်းတွန်းတိုက်တိုက် မရှိပေ။

သို့သော် တောင်တရုတ်ပင်လယ်တွင်း ဖြစ်ပွားနေသော အငြင်းအခုံနှင့် ထိုင်ဝမ်ကျွန်းအရေးတို့တွင် အမေရိကန်က အခိုင်အမာ ရပ်တည်နေသည်။

သူပြောလိုသည့် အဓိကအချက်မှာ ရှင်းလင်းလှပြီး ASEAN သည် နိုင်ငံတိုင်း တန်းတူကစားကွင်းတွင် ယှဉ်ပြိုင်အောင်မြင်နိုင်သည့်၊ ကြီးမားသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ နိုင်ငံအားလုံး ဥပဒေလိုက်နာသည့် ဒေသတွင်းတည်ငြိမ်မှု ထိန်းသိမ်းရေးတွင် အရေးပါကြောင်းပြောသည်။

အမေရိကန်-ASEAN ပူးပေါင်းဆောင်ရွက်မှုသည် ဘုံလုံခြုံရေးနှင့် ချမ်းသာကြွယ်၀ရေးအတွက် အုတ်မြစ်ဖြစ်သည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည့် လွတ်လပ်ပွင့်လင်းသည့် အင်ဒို ပိစိဖိတ်ဒေသကို ထိန်းသိမ်းထားနိုင်ရေးအတွက် အရေးပါကြောင်း ဘိုင်ဒင် ပြောသည်။

“အင်ဒိုပိစိဖိတ်ဒေသနှင့် စည်းမျဉ်းအခြေပြုနိုင်ငံတကာစနစ်နှင့်ပတ်သက်သည့် ASEAN ၏ အမြင်ကို အမေရိကန်နိုင်ငံက အခိုင်အမာထောက်ခံသည်” ဟုလည်း သူပြောသည်။

ကိုးကား။ ။ AFP

You may also like these stories:

စစ်ကောင်စီကို ပထုတ်ထားသော ASEAN ထိပ်သီးဆွေးနွေးပွဲ မြန်မာမပါဘဲ စတင်

စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုမှု ပိုမိုပေါ်လွင်ဟု NUG ဆို

အာဆီယံအနေဖြင့် NUG နှင့် တရားဝင်တွေ့ဆုံရန် APHR တိုက်တွန်း

မြန်မာအတိုက်အခံများကို တနေရာပေးရန် ASEAN အတွက် အချိန်ကျပြီ

Loading