လုံခြုံရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းများ ပေါက်ကွဲရန်အချိန် နီးကပ်လာခြင်းနှင့်အတူ မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံ လမ်းကြောင်းပေါ်တွင် ရှောင်လွှဲမရအောင် ရောက်ရှိနေပြီ ဖြစ်သည်။ မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်မားလာခြင်းကြောင့် စစ်အုပ်စုသစ်၏ ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှုအောက်တွင် အကြီးအကျယ် ဒုက္ခခံစားနေရသော မြန်မာပြည်သူများ ကံကြမ္မာဆိုးသည် အခြေအနေ ပိုမိုဆိုးရွားသွားသည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ စစ်တပ်က အာဏာသိမ်းယူပြီးနောက် စစ်တပ်သည် လူတထောင်ကျော်ကို သတ်ဖြတ်ပြီး ၅၀၀၀ ကျော်ကို ဖမ်းဆီးကာ ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှုများနှင့် ကျယ်ပြန့်သော ဖိနှိပ်မှု အစီအမံများဖြင့် ၎င်းတို့၏ အာဏာကို ခိုင်မာအောင်လုပ်ဆောင်နေသည်။
ထို့ကြောင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများနှင့် ထင်သလိုသတ်ဖြတ်ခြင်းသည် ပြည်သူများ အထူးသဖြင့် လူငယ်များအကြားတွင် တော်လှန်ရေးစွမ်းအားများကို ဖြစ်စေခဲ့သည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသည် အကြမ်းမဖက်သည့် ခုခံမှုဖြင့် စတင်ခဲ့သော်လည်း လက်နက်ကိုင်တိုက်ပွဲသည်သာ နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းနိုင်တော့မည်ဟု အများအပြားက နားလည်သဘောပေါက်လာကြသည်။ ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်များဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) သည် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကိုဆန့်ကျင်ပြီး ဒီမိုကရေစီပြန်လည်ထိန်းသိမ်းရေး နိုင်ငံတဝှမ်းတွင် အနှံ့အပြား ပေါ်ပေါက်လာသည်။ နေ့စဉ်ဆိုသလို လူငယ်အုပ်စုများက နိုင်ငံတဝှမ်းတွင် လျှပ်တပြတ် ဆန္ဒပြပွဲများ ပြုလုပ်နေဆဲဖြစ်သော်လည်း စစ်ရေးဖက်ကို အားသာသော အစိတ်အပိုင်းများက စစ်တပ်ပစ်မှတ်များကို လျှို့ဝှက်တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။
စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးပြိုလဲသွားပြီး ဘဏ္ဍာရေးလည်း ပြိုကွဲသည်။ ထို့ကြောင့် မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းပြီး ဆင်းရဲနွမ်းပါးမှုနှုန်းသည် နှစ်ဆတိုးသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က သတိပေးသည်။ စစ်ကောင်စီ အုပ်ချုပ်ရေး ၆ လကြာသောအခါ သပိတ်မှောက်မှုများနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ကျန်းမာရေး ဝန်ထမ်းများကို တာဝန်မှ ဆိုင်းငံ့ခြင်းကြောင့် ကျန်းမာရေးစနစ် ပျက်စီးနေသော နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းကို ရင်ဆိုင်နေရသည်။
စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ ဆူပွက်နေသော ပြည်တွင်းစစ်ကလည်း ပြန်လည်ခေါင်းထောင်လာသည်။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သည့် အကျိုးဆက်များသည် ထိုကြေကွဲစရာ ဇာတ်လမ်းများမျှသာ မကပါ။ စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ ဆူပွက်နေသော ပြည်တွင်းစစ်ကလည်း ပြန်လည်ခေါင်းထောင်လာသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့သည် စစ်အုပ်စုကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုများ ပြုလုပ်ကြပြီး အခြားအဖွဲ့အစည်းများ အထူးသဖြင့် ရှမ်းပြည်နယ်မှ အဖွဲ့အစည်းများကလည်း အချင်းချင်း ပိုင်နက်အငြင်းပွားကာ လက်နက်ကိုင် တိုက်ခိုက်လာကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစုသည် သမိုင်းကြောင်းအရ NLD အပေါ် သံသယရှိကြပြီး ဖြုတ်ချခံ NLD လွှတ်တော်ကိုယ်စားလှယ်များဖြင့် အဓိက ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တွင် ပါဝင်ရန် စိတ်အားထက်သန်ခြင်း မရှိကြပေ။ ထိုသို့ပူးပေါင်းမည့်အစား ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင် နိုင်ငံရေးအစီအစဉ်များကိုသာ ဆက်လက်လုပ်ဆောင်နေသည်။
အာဏာသိမ်းသည့်နေ့မှာပင် မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံ ဖြစ်သွားနိုင်ကြောင်း အတွေ့အကြုံအရင့်ဆုံး သုတေသီများက ဟောကိန်းထုတ်ခဲ့ပြီး ထိုအတိုင်းလည်း ပိုမိုဆိုးရွားစွာ ဆက်လက်ဖြစ်ပေါ်နေသည်။ အာဏာသိမ်းပြီး ၆ လအတွင်း တနိုင်ငံလုံးတွင် အနှံ့အပြား ဖြစ်ပေါ်နေသည့် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ အသစ်တဖန်ပြန်လည်ဖြစ်ပွားလာသော ပဋိပက္ခများ၊ ပိုမိုကျယ်ပြန့်လာသော လုံခြုံရေးလစ်ဟာနယ်မြေ၊ တစစီကြေမွသွားသော စီးပွားရေး၊ လွန်စွာမြင့်မားနေသော အလွန်အကျွံ ဆင်းရဲနွမ်းပါးမှုနှင့် ဆိုးရွားလှသော ကျန်းမာရေးနှင့် လူသားချင်းစာနာမှု ကပ်ဘေးများကို ရင်ဆိုင်ကြရတော့သည်။ အချို့သော ရှုထောင့်များမှကြည့်ပါက ပကတိဖြစ်ပေါ်နေသည့် အခြေအနေသည် ကျဆုံးနိုင်ငံအဆင့်ထက်ပင် ပိုမိုဆိုးရွားနေသည်။ နိုင်ငံ၏ အစွန်အဖျားဒေသများတွင် နိုင်ငံရေးနှင့် ပထဝီအရ ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့် အားထုတ်မှုများကြောင့် အာရှ၏ သေနင်္ဂဗျူဟာ ဗဟိုအချက်အခြာတွင် တည်ရှိသော မြန်မာနိုင်ငံသည် ပြိုကွဲပြီး ပိုင်နက်ဒေသများ အစိတ်စိတ်အမွှာမွှာ ပြိုကွဲမည့် အန္တရာယ်ကိုလည်း ရင်ဆိုင်နေရသည်။
တပ်မတော်သည် ၎င်းတို့ စိတ်တိုင်းကျသုံးနိုင်သည့် အတင်းအကျပ်ရယူထားသော အာဏာဖြင့် ၎င်းတို့အာဏာကို ခိုင်မာအောင် မလုပ်နိုင်သေးဘဲ ၎င်းတို့၏စည်းမျဉ်းများကိုလည်း မသွပ်သွင်းနိုင်ကာ သို့မဟုတ် နိုင်ငံကို ပုံမှန်အခြေအနေသို့ ပြန်လည်ပို့ဆောင်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ စစ်ကောင်စီအတွက် အဓိက စိန်ခေါ်မှုများမှာ ၎င်းတို့တပ်များ၏ စိတ်ဓါတ်ရေးရာ အလွန်အမင်း ကျဆင်းနေခြင်း၊ စစ်မျက်နှာအများအပြားတွင် တိုက်ခိုက်နေရခြင်း၊ ပူးပေါင်းဆောင်ရွက်မှု မရှိသောကြောင့် နိုင်ငံတော် အခြေခံ အုပ်ချုပ်ရေး ယန္တရားကို အကောင်အထည် မဖေါ်နိုင်ခြင်းတို့ ဖြစ်သည်။ စစ်အာဏာသိမ်းမှုကို အပြင်းအထန်ထောက်ခံသူများသည်ပင် လက်စားချေခံရမည်ကို ကြောက်သောကြောင့် စစ်အုပ်စုနှင့် လူသိရှင်ကြား ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်ခြင်း မရှိကြပေ။ သို့သော် စစ်အုပ်စုသည် နောက်ပြန်လှည့်မည့် လက္ခဏာ မရှိပေ။ ကြားဖြတ် စီမံအုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖြစ် ပြန်လည် ဖွဲ့စည်းလိုက်ပြီး မူလက ကြေညာထားသော အရေးပေါ်အခြေအနေကို သက်တမ်း ၁ နှစ်မှ ၂ နှစ်ခွဲသို့ တိုးလိုက်သည်။ ထိုလုပ်ရပ်သည် အာဏာကို ကာလပိုမိုကြာရှည်စွာ ဆုပ်ကိုင်ထားရန် စစ်ကောင်စီ၏ သေနင်္ဂဗျူဟာတွင် နောက်ထပ်ခြေလှမ်းသစ်ဖြစ်ပုံရသည်။
တချိန်တည်းတွင် NUG ၏ စင်ပြိုင်အစိုးရသည်လည်း စစ်ကောင်စီကို ဖြိုချနိုင်လောက်အောင် အင်အားတောင့်တင်းခြင်း မရှိသေးပေ။ လက်နက်ကိုင်ခုခံမှု ပြုလုပ်ရန် ဆုံးဖြတ်ထားသော်လည်း NUG သည် ၎င်းတို့လွန်စွာမျှော်လင့်ထားသည့် ဖက်ဒရယ်တပ်တတပ် ထူထောင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညီညွတ်ရေးတပ်ပေါင်းစု မဖွဲ့နိုင်သေးပေ။ NUG ကကြေညာ ဖွဲ့စည်းထားသည့် PDF သည် လက်နက်ခဲယမ်းလိုအပ်ချက်ကြောင့် အပြည့်အ၀ လှုပ်ရှားနိုင်ခြင်း မရှိသေးဘဲ ဒေသအလိုက်ဖွဲ့စည်းထားသည့် ပြည်သူ့စစ်များသည်လည်း တနိုင်ငံလုံးသို့ တိုးချဲ့န်ိုင်ခြင်း မရှိသေးသောကြောင့် သီးခြားလှုပ်ရှားနေရပြီး နိုင်ငံရေးအစွန်းရောက်မှုကို နေ့စဉ်ပိုမိုဖြစ်ပေါ်စေသည်။
လက်နက်ကိုင်ခုခံမှု ပြုလုပ်ရန် ဆုံးဖြတ်ထားသော်လည်း NUG သည် ၎င်းတို့လွန်စွာမျှော်လင့်ထားသည့် ဖက်ဒရယ်တပ်တတပ် ထူထောင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညီညွတ်ရေးတပ်ပေါင်းစု မဖွဲ့နိုင်သေးပေ။
ထိုအကြောင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများသည် အကျပ်အတည်းကြား ချောင်ပိတ်မိနေသည်။ ၎င်းတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည် စစ်အုပ်စုအတွက် ပြင်းထန်သော စိန်ခေါ်မှု ဖြစ်နိုင်သည်ကို အနည်းနှင့် အများဆိုသလို သိကြသော်လည်း ကာလကြာမြင့်စွာ အယုံအကြည် ကင်းမဲ့ခဲ့သောကြောင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုနိုင်ဘဲဖြစ်နေသည်။ မျှမျှတတ ဆိုရပါက ၎င်းတို့အနေဖြင့် NLD လွှမ်းမိုးသော NUG မယုံကြည်နိုင်သည့် လုံလောက်သော အကြောင်းရင်းလည်း ရှိသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် ကျင်းပသော ရွေးကောက်ပွဲတွင် အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌနှင့် NLD ဒု ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ NLD သည် တိုင်းရင်းသားပါတီများကို ဗြောင်ကျကျ ဆန့်ကျင်သည့် အခြေခံကို ယူခဲ့သည်။
ထိုသို့ဖြစ်နေသည့် တချိန်တည်းတွင် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များကို ပြတ်ပြတ်သားသား မချေမှုန်းနိုင်ဘဲ မည်သည့် အတိုက်အခံကမျှလည်း ၎င်းတို့တဖွဲ့တည်းဖြင့် စစ်ကောင်စီကို ဖြိုမချနိုင်သလို စစ်ကောင်စီဆန့်ကျင်သည့် အင်အားစုအမျိုးမျိုးအကြား ညှိနှိုင်းဆောင်ရွက်မှုကလည်း ကင်းမဲ့နေကြောင်း ထင်ရှားလာသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အကျပ်အတည်းကျရောက်နေပြီး ဆယ်စုနှစ်များစွာ တော်လှန်ပုန်ကန်မှု၊ ပြည်တွင်းစစ်နှင့် မည်သည့်ဘက်ကမျှ မဖြေရှင်းနိုင်သည့် အကျပ်အတည်းများ၏ သမိုင်းသည် ရှေ့ဆက်နေသည်။ လုံခြုံရေးလစ်ဟာသောနယ်ပယ် ကျယ်ပြန့်လာသည်နှင့်အမျှ ပိုင်နက်နယ်မြေများ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ခြင်း၊ စီးပွားပျက်ကပ်၊ ဆင်းရဲနွမ်းပါးမှု မြင့်တက်ခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်မားခြင်းနှင့်အတူ အကျပ်အတည်း ကျရောက်နေပြီးဖြစ်သော ကျန်းမာရေးစနစ်ပြိုလဲခြင်း စသည်တို့အတွက် ဖြစ်လာနိုင်ခြေက ပိုမိုကြီးမားလာနေသည်။
ထိုပြဿနာများကို မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းတွင် ဖြေရှင်းနိုင်ခြင်း မရှိဘဲ မြန်မာနိုင်ငံမှ လျှံကျလာသော အခြေအနေဆိုးများသည် ဒေသတွင်းတည်ငြိမ်မှုအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုကို ဖြစ်လာလိမ့်မည်။ သို့သော် အရှေ့တောင်အာရှ န်ိုင်ငံများအသင်း (ASEAN) ၊ မြန်မာနိုင်ငံ၏ အကြီးမားဆုံး အိမ်နီးချင်း ၂ နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့သည် ထိုကြေကွဲစရာ ဖြစ်ရပ်ကို လျစ်လျူရှုနေကြသည်။ တရုတ်နိုင်ငံသည် ၎င်းတို့၏ လက်ဝေခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ၎င်းတို့ပိုင်နက်ကို ထိန်းချုပ်နိုင်ရေးအတွက် အထောက်အပံ့များ ပေးခြင်း၊ ယခင်ခေတ်များကကဲ့သို့ စစ်အုပ်စုကို ပြတ်ပြတ်သားသား ထောက်ခံမှုမပေးဘဲ နောက်ကွယ်မှ အကူအညီများကို အကန့်အသတ်ဖြင့်ပေးခြင်း နှင့် အနောက်နိုင်ငံများကို ကစားပွဲအတွင်း ပါဝင်ခွင့် မပေးခြင်းတို့ဖြင့် မြန်မာအကျပ်အတည်းတွင် ရှုပ်ထွေးသော ကစားနည်းကို ကစားနေသည်။ ကမ္ဘာတွင် အကြီးမားဆုံး ဒီမိုကရေစီဖြစ်သော အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏ အကျိုးစီးပွားအတွက် မြန်မာစစ်အာဏာသိမ်းမှုကို ရည်ရွယ်ချက်ရှိရှိဖြင့် နှုတ်ဆိတ်နေသည်။
ပြဿနာများကို မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းတွင် ဖြေရှင်းနိုင်ခြင်း မရှိဘဲ မြန်မာနိုင်ငံမှ လျှံကျလာသော အခြေအနေဆိုးများသည် ဒေသတွင်းတည်ငြိမ်မှုအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုကို ဖြစ်လာလိမ့်မည်။
မြန်မာနိုင်ငံအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ASEAN က ဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဦးဆောင်မှုအခန်းကို ရယူသော်လည်း သဘောထားကွဲလွဲမှုများနှင့် စွမ်းဆောင်ရည်ကင်းမဲ့ခြင်းတို့ကြောင့် အခြေအနေကို ကိုင်တွယ်ရာတွင် လိုက်လျှောညီထွေ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အကျပ်အတည်းကို မည်သို့ကိုင်တွယ်ရမည် မသိသော နိုင်ငံတကာ အသိုက်အဝန်းသည် လက်တွေ့ကျကျ မစဉ်းစားဘဲ ထိုတာဝန်ကို ASEAN သို့ ပေးအပ်သည်။ သို့သော် ASEAN သည် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများကြောင့် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖေါ်ရန် အသာထားပြီး အထူးသံတမန်တဦးခန့်ရေးအတွက်ပင် အတော်ရုန်းကန်ခဲ့ရသည်။ ASEAN သည် မည်သည့် သြဇာမျှမရှိဘဲ စစ်ကောင်စီထံမှ သဘောတူညီချက်မရလျှင် ရှေ့ဆက်လုပ်ဆောင်မရ ဖြစ်နေသည်။ မြန်မာဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာချုပ်ကိုင်မှု သက်ဆိုးရှည်ရေးအတွက် ASEAN ကို အမြတ်ထုတ်ရန် စိတ်အားထက်သန်နေကြသည်။
ASEAN ဘုံသဘောတူညီချက်များကို ထိထိရောက်ရောက် လက်တွေ့ကျကျ အကောင်အထည်ဖေါ်ရန် ASEAN သည် အမေရိကန်ပြည်ထောင်စုထံမှ ထောက်ခံမှုနှင့် တွန်းအားလိုသည်။ ကုလသမဂ္ဂသည်လည်း အထူးသဖြင့် လုံခြုံရေးကောင်စီမှ တရုတ်နှင့် ရုရှားတို့၏ ဗီတိုများကြောင့် အင်အားချည့်နဲ့ ထိရောက်မှုမရှိဘဲ ကျန် ဒီမိုကရေစီ နိုင်ငံများကလည်း မြန်မာ့အရေးကို ဦးဆောင်ရန် အမေရိကန်ပြည်ထောင်စုကို အားကိုးနေကြသည်။ ထို့အပြင် ဘိုင်ဒင်အစိုးရသည် ၎င်း၏ အရှေ့တောင်အာရှဆိုင်ရာ သဘောထားတွင် ASEAN ၏ အချက်အခြာကျ အရေးပါမှုကို မြှင့်တင်ရန် ဆုံးဖြတ်ထားသောကြောင့် မြန်မာနိုင်ငံအကျပ်အတည်းသည် အမေရိကန် ပြည်ထောင်စုအတွက် ပြင်းထန်သော သံတမန်ရေး စိန်ခေါ်မှုလည်းဖြစ်သည်။ ဒေသတွင်း နိုင်ငံတကာရေးရာများတွင် ASEAN ၏ အချက်အခြာကျသော အခန်းကဏ္ဍကို ထောက်ခံရေးသည် အမေရိကန် မူဝါဒဖြစ်သော်လည်း ASEAN သည် ဘုံသဘောတူညီချက်များကို အကောင်အထည်ဖေါ်ရန် နိုင်ငံရေးဆုံးဖြတ်ချက် မရှိသောကြောင့် အခြေအနေမှာ ဆက်လက်အကျပ်အတည်းဖြစ်နေသည်။ နောက်ဆုံးတွင် ကျဆုံးနိုင်ငံဖြစ်ရန် သေချာလာပြီး ပိုင်နက်နယ်မြေ တစစီပြိုကွဲမှုနှင့် ရင်ဆိုင်လာရသောအခါ မြန်မာနိုင်ငံသည် ဒေသတွင်း မတည်ငြိမ်မှု၏ ရင်းမြစ်နှင့် အင်ဒိုပစိဖိတ်ဒေသမှ အမေရိကန် သေနင်္ဂဗျူဟာအတွက် ရေရှည်အဟန့်အတားအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံအခြေအနေ ထိန်းချုပ်မရဖြစ်မသွားမီ ဝါရှင်တန်အနေဖြင့် ဦးဆောင်မှုအခန်းမှပါဝင်ရန် အချိန်စောင့်မနေသင့်ပေ။ ပထမဆုံးအချက်အနေဖြင့် ဘိုင်ဒင်အစိုးရသည် နိုင်ငံခြားရေးဝန်ကြီး သို့မဟုတ် သမ္မတကို တိုက်ရိုက်အစီရင်ခံသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တဦးခန့်သင့်သည်။ ထိုအထူးသံတမန်၏ ပထမဆုံးတာဝန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံများအကြားနှင့် မြန်မာပြည်သူများနှင့် ကျယ်ပြန့်သော ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရေးသာမက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေးအတွက် မဟာမိတ်များ၊ မိတ်ဆွေများနှင့် ခိုင်ခိုင်မာမာ ညှိနှိုင်းဆောင်ရွက် ရှေ့နောက်ညီညွတ်သော မူဝါဒတခု ချမှတ်ရေးကို ထောက်ခံရန်ဖြစ်သည်။
မြန်မာနိုင်ငံအခြေအနေ ထိန်းချုပ်မရဖြစ်မသွားမီ ဝါရှင်တန်အနေဖြင့် ဦးဆောင်မှုအခန်းမှပါဝင်ရန် အချိန်စောင့်မနေသင့်ပေ။ ပထမဆုံးအချက်အနေဖြင့် ဘိုင်ဒင်အစိုးရသည် နိုင်ငံခြားရေးဝန်ကြီး သို့မဟုတ် သမ္မတကို တိုက်ရိုက်အစီရင်ခံသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တဦးခန့်သင့်သည်။
တချိန်တည်းတွင် ဒီမိုကရေစီလိုလားသည့် အင်အားစုများ တောင့်တင်းကြံ့ခိုင်ရေး အထူးသံတမန်သည် မြန်မာနိုင်ငံတဝှမ်းလုံးမှ ပြည်သူများ၏ အခွင့်အရေးများနှင့် လုံခြုံရေးကို ကာကွယ်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်အတွက် ပူးတွဲရည်မှန်းချက်ကို ထူထောင်ရန်နှင့် အတိုက်အခံအုပ်စုများအကြား ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရန် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် အင်အားစုများနှင့် အတူတကွ လုပ်ဆောင်သင့်သည်။ စစ်ကောင်စီနှင့် တရုတ်လက်ဝေခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တရုတ်နိုင်ငံက ထောက်ခံမှုကို ထည့်သွင်းစဉ်းစားပြီး ဘေ့ဂျင်းနှင့် အထူးသဖြင့် ထိတွေ့ဆက်ဆံရန် လိုအပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော မတည်ငြိမ်မှုသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် တရုတ်အကျိုးစီးပွားကို ခြိမ်းခြောက်နေကြောင်း ယုံကြည်အောင်ပြောကြားရန် ဖြစ်သည်။
ထို့အပြင် အမေရိကန် အထူးသံတမန်၏ အခန်းကဏ္ဍမှာ ထိရောက်သော နိုင်ငံတကာ တုံ့ပြန်မှုများ ပေါ်ပေါက်စေရေးဖြစ်သည်။ လတ်တလော အစောဆုံးလုပ်ဆောင်ရမည့် ကိစ္စမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် နေရာတွင် ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်ကို ထောက်ခံခြင်းဖြစ်သည်။ စစ်အာဏာသ်ိမ်းပြီးနောက် ဦးကျော်မိုးထွန်းသည် ဖြုတ်ချခံလိုက်ရသော ရွေးကောက်ခံ အစိုးရနှင့် စစ်အာဏာသ်ိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူများအား ထောက်ခံလိုက်သောကြောင့် စစ်ကောင်စီသည် သူ၏နေရာတွင် ၎င်းတို့ကို သစ္စာခံသော သံအမတ်သစ်ဖြင့် အစားထိုးခန့်အပ်ရန် ကြိုးစားနေသည်။ ထိုအငြင်းပွားမှုကို စက်တင်ဘာလလယ်တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ ရာထူးအသိအမှတ်ပြုရေးကော်မတီက ဆုံးဖြတ်မည်ဖြစ်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် မည်သူဖြစ်သင့်သည်ကို ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်သည် မြန်မာအတိုက်အခံများ နိုင်ငံတကာတွင် အားထုတ်မှုများရှေ့ဆက်ရေးအတွက် လွန်စွာအရေးပါသည်။ ဥပမာအားဖြင့်ဆိုရပါက ဦးကျော်မိုးထွန်းသည် ဇွန်လက ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည်။ စစ်ကောင်စီကို အသိအမှတ်ပြုလိုက်ခြင်းသည် စစ်ကောင်စီက ၎င်းတို့ကိုယ်စားပြုသည်ဟုပြောသော ပြည်သူများကို ၎င်းတို့ကိုယ်တိုင် ရက်စက်ကြမ်းကြုတ်သည့် နှိမ်နင်းမှုများ ဆက်လက်ပြုလုပ်ရန် အတင့်ရဲလာစေမည်ဖြစ်သည်။ ထို့ကြောင့် အထူးသံတမန်နှင့် အခြား စိတ်တူကိုယ်တူ န်ိုင်ငံများမှ ဆွေးနွေးဖက်များသည် NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး ညှိနှိုင်းသင့်ပြီး ထိုသို့အသိအမှတ်ပြုခြင်းသည် ၎င်းတို့၏ သံတမန်များ ခန့်အပ်ခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အထူးသဖြင့် ကုလသမဂ္ဂသို့ ကိုယ်စားလှယ်များ စေလွှတ်ခြင်းဖြင့်ပါ ထင်ဟတ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။
လတ်တလော အစောဆုံးလုပ်ဆောင်ရမည့် ကိစ္စမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် နေရာတွင် ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်ကို ထောက်ခံခြင်းဖြစ်သည်။
ထို့အပြင် အမေရိကန် ပြည်ထောင်စုနှင့် ၎င်း၏ ဒီမိုကရက်တစ် မဟာမိတ်များသည် ၎င်းတို့၏ သံတမန်ရေး သြဇာကို သုံးပြီး မြန်မာနိုင်ငံသို့ လက်နက်စီးဆင်းမှု ရပ်တန့်စေရေး၊ အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်လျှောက်လှမ်းရေး တစုံတရာသော မျှော်မှန်းချက်များ မပြည့်မီမချင်း စစ်ကောင်စီနှင့် အပေါင်းပါများကို ပြင်ပဘဏ္ဍာရေး ရင်းမြစ်များအား ဖြတ်တောက်ပစ်ရန် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံများအားလုံး လိုက်နာအောင် တိုက်တွန်းရမည်ဖြစ်သည်။
ဘိုင်ဒင်အစိုးရက ထိုကဲ့သို့သော နည်းလမ်းကို ကျင့်သုံးခြင်းသည် ဒီမိုကရေစီရေး ကမ္ဘာတဝှမ်းက အခိုင်အမာထောက်ခံကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များသည် လက်တွေ့ကျသော အရေးယူမှုများ ပြုလုပ်ပြီး ခိုင်မာသော ဆုံးဖြတ်ချက်ရှိကြောင်း စစ်ကောင်စီကို သိရှိစေမည်ဖြစ်သည်။ စစ်ကောင်စီသည် ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖေါ်ရန် စိတ်ထက်သန်လာမည်ဖြစ်ပြီး ၎င်းတို့ကို ဆန့်ကျင်သူများသည် အင်အားမနည်းကြောင်း၊ အာဏာကို အသေအလဲဆုပ်ကိုင်ထားခြင်းသည် သက်ဆိုးရှည်မည်မဟုတ်ကြောင်း စစ်ကောင်စီကို သိရှိသွားစေမည်ဖြစ်သည်။
(ကိုရဲ ခေါ် ရဲမျိုးဟိန်းသည် တကောင်း နိုင်ငံရေးသိပ္ပံအင်စတီကျုမှ အမှုဆောင်ဒါရိုက်တာနှင့် Woodrow Wilson International Center for Scholars မှ သုတေသီဖြစ်သည်။ သူ၏သုတေသနများသည် အခြေခံအားဖြင့် စစ်ဘက်အရပ်ဘက် ဆက်ဆံရေးနှင့် မြန်မာပြုပြင်ပြောင်းလဲမှု နိုင်ငံရေးကို အထူးပြုသည်။ The National Interest ပါ How to Cooperate Over the Burma Coup ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
အာဖဂန်ကျဆုံးခြင်း မြန်မာ လာဂယက်ထ
တရုတ်က NLD ဖျက်သိမ်းခံရမှာကို မလိုလား
စင်ကာပူက စစ်ကောင်စီနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထား
အမေရိကန်ဒုသမ္မတနှင့် စင်ကာပူ ဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး
မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်