လက်ရှိ ရွေးကောက်ပွဲစနစ်ဖြစ်သည့် နိုင်သူအကုန်ယူစနစ်နေရာတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) PR ဖြင့် အစားထိုးနိုင်ရေး ကြိုးပမ်းမှုကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများက လက်မခံဘဲ ကန့်ကွက်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ၂၆ ရက်အကြာတွင် စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ရွေးကောက်ပွဲအနိုင်ရ ပါတီကြီး အများစုမပါဘဲ ၎င်းတို့လိုလားသည့် နိုင်ငံရေးပါတီ ၅၁ ပါတီနှင့် တွေ့ဆုံခဲ့ပြီး PR စနစ်ကျင့်သုံးရန် ဆွေးနွေးခဲ့ဖူးသည်။ ထိုစဉ်ကပင် အနိုင်ရပါတီကြီးများက PR စနစ်လက်မခံကြောင်း ထုတ်ပြောခဲ့သည်။
သို့သော်လည်း UEC က အနိုင်ရပါတီကြီးများ၏ ပြောကြားချက်ကို နားမထောင်ဘဲ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းခဲ့သလို PR ကိစ္စဆွေးနွေးပွဲများ ထပ်မံလုပ်လာသည့်နောက်တွင် PR ကို လက်မခံကြောင်း ယင်းပါတီများက ထပ်ပြောလာခြင်းဖြစ်သည်။
စစ်ကောင်စီခန့် UEC က နိုဝင်ဘာလ ၅ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းအစိုးရရုံးတွင် နိုင်ငံရေးပါတီ ၅၀ ကျော်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် PR စနစ်ကျင့်သုံးနိုင်ရေး ဆွေးနွေးခဲ့သည်။
ယင်းဆွေးနွေးပွဲသို့ ၂၀၂၀ အထွေထွေရွေးရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အခြားသော ရွေးကောက်ပွဲအနိုင်ရ အင်အားကြီးပါတီအများစု မပါဘဲ နိုင်ငံရေးအရ ပြည်သူအပေါ် သြဇာသက်ရောက်မှု အားနည်းသည့် ပါတီငယ်များနှင့် စစ်တပ်လိုလားသော ပါတီ အများစုသာ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ယခုဆွေးနွေးပွဲသည် နိုင်ငံရေးပါတီများနှင့် UEC အကြား တတိယအကြိမ်ဆွေးနွေးခြင်းဖြစ်ပြီး PR စနစ်ဒီဇိုင်း မည်ကဲ့သို့ကျင့်သုံးမည်ဆိုသည့် အချက်နှင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် PR စနစ်ဖော်ဆောင်နိုင်ရေး ဆွေးနွေးခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
ထိုသို့ကဲ့သို့ UEC နှင့် စစ်ကောင်စီလိုလားသည့် နိုင်ငံရေးပါတီများ ပါဝင်သော PR စနစ်ကျင့်သုံးနိုင်ရေး ဆွေးနွေးပွဲသည် မြန်မာနိုင်ငံတွင် PR စနစ်ကို အစားထိုး အကောင်အထည်ဖော်နိုင်ရန် ရှေ့တိုးပြင်ဆင်နေသည့်သဘောပင်ဖြစ်ကြောင်း ရွေးကောက်ပွဲလေ့လာသူအချို့နှင့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီ အချို့က ရှုမြင်ကြသည်။
၂၀၂၀ ထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂ ၊ တိုင်း လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သော ဦးဘိုဘိုဦးက ယခုကဲ့သို့ စစ်ကောင်စီဘက်က ရွေးကောက်ပွဲစနစ်ကို PR စနစ်ဖြင့် အစားထိုးရန် ပြင်ဆင်နေခြင်းသည် လက်ရှိနိုင်ငံရေးအခြေအနေကို ပိုမိုရှုပ်ထွေးသွားစေရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။
စစ်ကောင်စီက ၂၀၀၈ အခြေခံဥပဒေ ရှိသေးသည်ဟု ကိုင်စွဲထားပြီး ထိုသို့ ကိုင်စွဲထားလျက်နှင့် PR စနစ်ကို အကောင်အထည်ဖော်မည်ဆိုပါက ဥပဒေအရ လွှတ်တော်ခေါ်ယူရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အကယ်၍ ပြင်ခဲ့မယ်ဆိုရင်လည်း လွှတ်တော်ရှိမှ ပြင်လို့ရမှာပါ။ ဆိုတော့ ဘာနဲ့တူသလဲဆိုတော့ နိုင်ငံရေးလေး အလုပ်ပြတယ်ဆိုတဲ့ သဘောမျိုးလုပ်ပြတာဗျ။ ဆိုတော့ဗျာ ဆိုင်းဘုတ်ထောင်တဲ့ နားမှာ ထီးတချောင်းနဲ့ ရစ်သီရစ်သီလုပ်ကြတဲ့ လူတွေကတော့ တက်ကြမှာပေါ့ဗျာ။ တကယ့်ကို နိုင်ငံရေးသိတဲ့ သူတွေက ဘယ်သူမှ တက်မှာမဟုတ်ဘူး” ဟု ဦးဘိုဘိုဦးက ပြောသည်။
ဆက်လက်၍ ဦးဘိုဘိုဦးက ၎င်းအနေနှင့် PR စနစ်ကျင့်သုံးမည်ကို မနှစ်သက်ကြောင်းပြောသည်။
“ကျနော်ကတော့ PR စနစ်ကို မကြိုက်ဘူး။ မကြိုက်ရတာက ကျနော်တို့မှာ ရှိတဲ့ နိုင်ငံရေး ရင့်ကျက်မှု ရေချိန်နဲ့ ဆိုရင် PR စနစ်က အလုပ်ဖြစ်မှာ မဟုတ်လို့ပဲ” ဟု ၎င်းက ဆိုသည်။
PR စနစ်ကျင့်သုံးနိုင်ရေးအပေါ် သဘောထားအမြင်နှင့်ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံး အနိုင်ရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြောရေးဆိုခွင့်ရှိသူများ ဖုန်းမကိုင်သဖြင့် အဆက်အသွယ်မရပေ။
USDP သည် UEC နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို တက်ခဲ့သည့် ပါတီဖြစ်ပြီး စစ်ကောင်စီ၏ နိုင်ငံပိုင်း သတင်းစာမှ တဆင့် သတင်းထုတ်ပြန်ချက်အရ UEC နှင့် USDP ကြား၌ မဲဆန္ဒနယ်ခွဲဝေသတ်မှတ်မှုနှင့် ပတ်သက်၍သာ အနည်းငယ် ကွဲလွဲချက်ရှိကြောင်းသိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) ပါတီ ဥက္ကဌ ဦးစိုင်းညွန့်လွင်ကမူ လက်ရှိတွင် UEC သည် နိုင်ငံရေးပါတီများက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ PR စနစ်ဖြင့် အစားထိုးနိုင်ရေး လုပ်ဆောင်မည့် သဘောတွေ့ရကြောင်း ဆိုသည်။
SNLD ပါတီအနေနှင့် ယခင်က ပြောထားသည့်အတိုင်းပင် လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံတွင် PR စနစ်ကျင့်သုံးမည် ဆိုပါက တရားမျှတမှု မရှိနိုင်သဖြင့် PR စနစ်ကျင့်သုံးရေးကို သဘောမတူနိုင်ကြောင်း ၎င်းက ပြောသည်။
“လူထုတွေ မဲပေးမှာက ၇၅ ရာခိုင်နှုန်းအတွက်ပဲ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက Compulsory ရှိနေမှာလေ။ ဒါကြီးရှိနေသမျှကတော့ သူနဲ့ အဆင်ပြေတဲ့ ပါတီပဲ ရမှာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ၂၅ ရာခိုင်နှုန်းရထားပြီးပြီ။ သူနဲ့ အဆင်ပြေတဲ့ ပါတီက ၂၆ ရာခိုင်နှုန်းရတာနဲ့ အစိုးရဖွဲ့နိုင်ပြီ။ သူတို့နဲ့ အဆင်မပြေတဲ့ နိုင်ငံရေးပါတီဆိုရင်တော့ ၅၁ ရာခိုင်နှုန်းရမှ အစိုးရဖွဲ့နိုင်မှာ။ အဲဒါမျိုးတွေ ကွာတယ်။ အဲဒါတွေကြောင့် တရားမျှတမှုရှိတယ်လို့ ပြောလို့မရဘူးလေ။ အခုထက်ထိတော့ ကျနော်တို့ ရပ်တည်ချက် မပြောင်းလဲသေးပါဘူး” ဟု ဦးစိုင်းညွန့်လွင်က မှတ်ချက်ပေးသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် စတုတ္ထမြောက် မဲအများဆုံးရရှိထားသည့် ရခိုင်အမျိုးသား ပါတီ (ANP) ကလည်း PR စနစ်ကျင့်သုံးနိုင်ရေး ဆွေးနွေးသည်ကို မူအားဖြင့် သဘောတူသော်လည်း တပါတီတည်းကြီးစိုးရေးနှင့် တစုတဖွဲ့ကောင်းစားရေးအတွက် ရည်ရွယ်ကာ ပြင်ဆင်မည်ဆိုပါက PR စနစ်ပြောင်းလိုက်သော်လည်း တိုင်းပြည်အတွက် အကျိုးရှိလိမ့်မည်မဟုတ်ကြောင်း ဆိုသည်။
ANP ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က “PR ကလည်း ကမ္ဘာမှာ ကျင့်သုံးနေတဲ့ စနစ်ကလည်းအများကြီး။ လက်တည့်စမ်းသလိုဖြစ်နေမယ်။ ရေရှည်မခံဘဲ ၊ ပြည်သူ့အမျိုးသား အကျိုးစီးပွားကို အထောက်အပံ့မဖြစ်ဘူးဆိုရင် မြန်မာနိုင်ငံက ဒုံရင်းအတိုင်းပဲ ဖြစ်နေမှာပဲ။ လေ့လာတာကို မူအားဖြင့် ထောက်ခံတယ်။ တနိုင်ငံလုံးက တိုင်းရင်းသားပြည်သူတရပ်လုံးအကျိုးရှိစေဖို့ စေတနာကောင်းကောင်းနဲ့ လုပ်ရင်တော့လက်ခံတယ်။ တဖွဲ့တပါတီ ကောင်းစားဖို့ပဲ လုပ်တယ်ဆိုရင်တော့ သူတို့အကျိုးကျေးဇူးဖော်ဆောင်နိုင်ရေးအတွက် လုပ်တယ်ဆိုရင်တော့ ဘယ်လိုမှ အကျိုးရှိမှာမဟုတ်ဘူး” ဟု ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပဉ္စမမြောက်မဲအများဆုံး ရရှိထားသည့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) ကလည်း လက်ရှိအချိန်တွင် PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည်ဆိုပါက မဲဆန္ဒရှင်ပြည်သူများအကြား မည်ကဲ့သို့မဲပေးရမည်ကို သေချာမသိတော့ဘဲ ရှုပ်ထွေးမှုများဖြစ်လာနိုင်သဖြင့် မကျင့်သုံးသင့်သေးကြောင်းဆိုသည်။
TNP ပါတီအတွင်းရေးမှူး ဦးမိုင်းအုန်းခိုင်က “ဘာဖြစ်လို့လဲဆိုရင် အခုလက်ရှိကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်တောင်မှ ကျနော်တို့ဒေသက တိုင်းရင်းသားတွေက သိပ်သဘောမပေါက်ကြသေးဘူး။ PR စနစ်ဆိုရင် ပိုရှုပ်ထွေးမယ်ထင်တယ်။ အဲဒါကျင့်သုံးမယ်ဆိုရင် အသိပညာပေးတာတွေ ၊ ဘာတွေက အများကြီး လုပ်ရဦးမှာ။ ချက်ချင်းကတော့ လုပ်ဖို့ မလွယ်ပါဘူး” ဟု ဆိုသည်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ တဦးကမူ လက်ရှိမြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် ပြဿနာများသည် ရွေးကောက်ပွဲစနစ်အစားထိုး ပြင်ဆင်လိုက်ရုံဖြင့် ပြေလည်သွားမည့် ပြဿနာ မဟုတ်ကြောင်း ပြောသည်။
“ပြဿနာက ပြေလည်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲဆိုတာက နိုင်ငံရေးဖြစ်စဉ်ကြီး တခုလုံးရဲ့ အစိတ်အပိုင်းပဲဖြစ်တယ်။ သဘောကတော့ လက်ရှိရှိနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကြားထဲမှာ နိုင်ငံရေးအရရှိနေတဲ့ သဘောတူညီချက်တွေ နိုင်ငံရေးအရ ယုံကြည်မှုတွေ လက်ရှိရှိနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူ အားလုံး အဲဒီလိုဟာမျိုးတွေ ပြေလည်တော့မှ အခုဖြစ်နေတဲ့ ရွေးကောက်ပွဲစနစ်က နိုင်ငံရေးပြဿနာဖြေရှင်းရာမှာ အထောက်အကူဖြစ်မှာ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် မည်သည့်စနစ်ဖြင့် ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ မြန်မာနိုင်ငံတွင် ရှိနေသည့် နိုင်ငံရေးခေါင်းဆောင်များ အားလုံး လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်ခွင့်ရရန်လိုကြောင်း ၊ ပါဝင်ပတ်သက်သင့်သူများ ရွေးကောက်ပွဲတွင် မပါပါက ရွေးကောက်ပွဲအနှစ်သာရ အားနည်းနိုင်ကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ တဦး မှတ်ချက်ပေးသည်။
ထို့အပြင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်ဆိုပါက တိုင်းပြည်တွင် နိုင်ငံရေးတည်ငြိမ်မှုရှိရန်လည်း အရေးကြီးကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးတည်ငြိမ်မှုမရှိဘဲ ပဋိပက္ခများကြီးထွားကာ တစ်ဖက်နှင့် တစ်ဖက်စစ်ရေးအရ အနိုင်တိုက်ခိုက်ရေးသာ အားသန်နေသည့် အခြေအနေဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ၂၀၂၃ တွင် တိုင်းပြည်တည်ငြိမ်ပါက ရွေးကောက်ပွဲ ပြန်ကျင်းပပေးမည်ဟု ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုမရှိသော်လည်း ရွေးကောက်ပွဲအား PR စနစ်ဖြင့် ကျင်းပနိုင်ရေး UEC ဘက်က ပြင်ဆင်လာစဉ်မှာပင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီများ၏ ကန့်ကွက်မှုများက တိုးတိတ်မသွားဘဲ ဆက်လက်ထွက်ပေါ်နေခြင်းလည်း ဖြစ်သည်။
You may also like these stories:
ပြည်သူ့ဆန္ဒ ပယ်ဖျက်ခံလိုက်ရသည့် ၂၀၂၀ ရွေးကောက်ပွဲ ၁ နှစ်ပြည့် စကားသံများ
ရွေးကောက်ပွဲရလဒ် ဖျောက်ဖျက်လျှင် ဒီမိုကရေစီ မဟုတ်
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး
တိုက်ပွဲပုံစံသစ်ကို စစ်ကောင်စီ ရင်ဆိုင်နေရ