နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဦးညီညီဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုမှုတွင် သက်သေအဖြစ် ဒေါက်တာဇော်မြင့်မောင်အား ယနေ့ တင်ပြခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ယနေ့ တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒေါက်တာဇော်မြင့်မောင်အား သက်သေတင်ပြမှုနှင့် ပတ်သက်ပြီး ၎င်း၏ ကျန်းမာရေး အခြေအနေအရ သက်သေခေါ်ရန် အခက်အခဲ ရှိနိုင်သော်လည်း သက်သေတင်ပြမှုအား တရားရုံးဘက် က လက်ခံခဲ့သည်။
မန္တလေးတိုင်း ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲခံထားရပြီး အိုးဘိုထောင်တွင် ချုပ်နှောင်ခံရကာ တရားရင်ဆိုင်နေရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ ရုံးချိန်းတွင် ၎င်းအနေဖြင့် ဖျားနာနေသည်ကို တွေ့ရပြီး ၎င်းအား ချုပ်နှောင်ထားသည့် အ ခန်းမှာ မိုးမလုံသည့်အတွက် အအေးမိခြင်း ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ် တာဝန်ထမ်းဆောင် နေစဉ် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးကုသမှု ခံယူခဲ့ရသလို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး ချုပ်နှောင်ထားစဉ် စက်တင်ဘာလ အတွင်းကလည်း ထောင်တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတွက် ဆေးရုံတက် ကုသမှုခံခဲ့ရသေး သည်။
ယနေ့ တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဦးညီညီဆိုသူက တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့၌ သက်သေအဖြစ် ဒေါက်တာဇော် မြင့်မောင်အား စစ်ဆေးရန် စီစဉ်ထားကြောင်း သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) က ရုံးချိန်းတွင်လည်း အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုတွင် NLD နာယက တဦးဖြစ်သူ ဦး ဝင်းထိန်က သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဥပဒေချိုးဖောက်ခဲ့ခြင်း မရှိ ကြောင်း ထွက်ဆိုခဲ့သည်ဟုလည်း သိရသည်။
NLD နာယက တဦးဖြစ်သူ ဦးဝင်းထိန်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က ဖြင့် တရားစွဲခံရကာ အောက်တိုဘာ ၂၉ ရက်နေ့က ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံထားရ သည်။
စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီက နေပြည်တော်၌ ပြုလုပ်ခဲ့ သည့် မဲဆွယ်ယာဉ်တန်းအား အိမ်ရှေ့ထွက် လက်ပြနှုတ်ဆက်ခဲ့သည့်အတွက် ဥပဒေချိုးဖောက်သည် ဟုဆိုကာ တရားစွဲဆို ခြင်းဖြစ်ပြီး ယင်းသို့ လက်ပြနှုတ်ဆက်ချိန်တွင် ဦးဝင်းထိန်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရှိနေခဲ့သည်။
အဆိုပါ အမှုတွင် မူလက သက်သေအဖြစ် နေပြည်တော်ကောင်စီဝင် ဦးမင်းသူအား ထည့်သွင်းစစ်ဆေးရန် စီစဉ်ခဲ့သော် လည်း စွပ်စွဲခံရသူများဘက်က ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
You may also like these stories:
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၅)
ရွေးကောက်ပွဲရလဒ် ဖျောက်ဖျက်လျှင် ဒီမိုကရေစီ မဟုတ်
ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိစွပ်စွဲချက် ဦးဖြိုးမင်းသိန်းဇနီး သက်သေထွက်ရန် ပျက်ကွက်