စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းတပ်စွဲခဲ့သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာတွင် အပြစ်မဲ့ ပြည်သူ ၉ ဦးအား ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းတွင် ချင်းပုန်းကျေးရွာအနီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲသို့ စစ် ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်သည့်အပြင် ရွာထဲသို့ ဝင်ရောက် စီးနင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စီးနင်း ဝင်ရောက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူများလည်းရှိသလို၊ ရွာအတွင်းရှိ တွဲလျက်ဖွင့်ထားသည့် မူကြိုကျောင်းနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းကျောင်းများမှ မူကြိုအရွယ် ကလေးငယ် ၈၀ ကျော်နှင့် ၁၈ နှစ်အောက် ကလေးငယ်များ၊ ဆရာ၊ ဆရာမများ အပါအဝင် ဒေသခံ ၂၀၀ ခန့်ကို ၂ ရက်ကြာ ဓားစာခံအဖြစ် ဖမ်း ဆီးထားကာ ယနေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
ထို့နောက် ယနေ့ နေ့လယ်ပိုင်းတွင် ကျေးရွာမှ စစ်တပ် ထွက်ခွာသွားပြီးနောက် ပစ်ခတ်သတ်ဖြတ်ခံထားရသည့် အသက် ၂၀ နှင့် ၅၀ ကြားအရွယ်ရှိ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၏ စုစုပေါင်း ၉ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ပြီး မည်သူမည်ဝါ ဖြစ်သူကို အတည်ပြုနေဆဲ ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုသည်။

ဒေသခံ တဦးက “၉ ယောက်လုံးကို ပစ်သတ်သွားတာ။ သူတို့ကတော့ ငါနဲ့ မတည့်သူ ငါ့ရန်သူ သဘောထားတော့ ဒီဘက်တွေမှာ ဆိုရင် ကနီ၊ ယင်းမာပင်၊ ပုလဲ ၃ မြို့နယ်ကို သူတို့ ရန်သူလို့ သတ်မှတ်ထားပြီးတော့ တဦးတယောက် မကျန် တွေ့ရင် သတ်ဖို့ပဲ ချောင်းနေတာ။ စစ်သားတွေက ပြန်လာမှာ စိုးလို့ တချို့လူတွေက ကြောက်လန့်ပြီးတော့ မဝင် ကြသေးဘူး။ ကလေးတွေကိုပါ ခေါ်သွားပြီးတော့ ရွာထဲက ထွက်သွားတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်က ချင်းပုန်းကျေးရွာမှ မထွက်ခွာမီ ဘုန်းကြီးကျောင်း ဆောက်လုပ်ရန် လှူဒါန်းငွေများအပြင် ကျေးရွာ အတွင်း နေအိမ်များအား ဖောက်ထွင်း မွှေနှောက်ကာ ငွေကြေးနှင့် တန်ဖိုးရှိ ပစ္စည်းများအား ယူငင်သွားကြောင်း ဒေသ ခံတဦးက ပြောသည်။
ကျေးရွာတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃ လုံး မီးလောင်ကာ လက်နက်ကြီး ထိမှန်၍ နေအိမ် ၁ လုံး ထိခိုက်ခဲ့ပြီး ကား ၄ စီး၊ ဆိုင်ကယ် ၅၉ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့က စစ်ကောင်စီတပ်က ဘုန်ကြီးကျောင်းရှိ လော်စပီကာမှတဆင့် ရွာခံများ အနေဖြင့် မိမိတို့ ကလေးငယ်များ ကို ပြန်လာခေါ်ပြီး နေအိမ်များသို့ ပြန်လာနိုင်ပြီ ဖြစ်ကြောင်း အကယ်၍ ပြန်မလာပါက အိမ်များအား ချိတ်ပိတ်ခြင်း၊ မီးရှို့ခြင်းများကို ပြုလုပ်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ထိုသို့ ကြေညာပြီးနောက် ကလေးငယ်များကို ပြန်လာခေါ်သူ ၁၀ ဦးကျော်ကို စစ်ကောင်စီက ထပ်မံ၍ ဖမ်းဆီးခဲ့သေး ကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်က ကလေးငယ်များအား ဓားစာခံအဖြစ် ဖမ်းဆီး အသုံးပြုခြင်းမှာ ပဋိပက္ခကာလအတွင်း ကလေး သူငယ်များအပေါ် အကြမ်းဖက်မှု ဖြစ်သည့်အတွက် အပြင်းအထန် ရှုတ်ချကြောင်း အမျိုသား ညီညွတ်ရေး အစိုးရ (NUG) လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန် သည်။
You may also like these stories:
လွှတ်တော်အမတ်များ၊ အနုပညာရှင်များ၏ နေအိမ်များ ဆက်တိုက် ချိပ်ပိတ်ခံရ
ကလေး-ဂန့်ဂေါ ကားလမ်းကို ထိန်းချုပ်ရန် စစ်ကောင်စီ ပိုမိုကြိုးစားနေ
ပုလဲတွင် ပျူစောထီးရွာများကို PDF ဝင်တိုက် ၄၀ ကျော်သေဆုံး