အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လွန်ခဲ့သောနှစ်မှ စတင်ပြီး သွားရောက်တွေ့ဆုံခြင်း မရှိသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေကို ယခုလ အစောပိုင်းက သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဦးသန်းရွှေကို နေပြည်တော်ရှိ အိမ်တွင် ဧပြီလ ၃ ရက်နေ့က သွားရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
သူသွားရောက် လည်ပတ်ခြင်းမပြုမီက စစ်အုပ်စု ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အခြားဗိုလ်ချုပ်များသည် မြန်မာနိုင်ငံကို ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဖိနှိပ်ခဲ့သည့် ဦးသန်းရွှေကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဦးသန်းဌေးနှင့် အခြားဗိုလ်ချုပ်များက ဦးသန်းရွှေကို သွားရောက် တွေ့ဆုံခြင်းသည် သင်္ကြန်မတိုင်မီ ၎င်းတို့ ခေါင်းဆောင်ဟောင်းကို သွားရောက် ဂါရဝပြုခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ လက်ရှိနှင့် လက်ဟောင်း ဗိုလ်ချုပ်များသည် ၎င်းတို့ ခေါင်းဆောင်ဟောင်းကို လေးစားသည့်အနေဖြင့် မကြာခဏ သွားရောက် ဂါရဝ ပြုသည်မှာ ထုံးစံဖြစ်သည်။
ထိုသို့ သွားရောက်တွေ့ဆုံစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးသန်းရွှေအား လွန်ခဲ့သောနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအခြေအနေကို ပြောကြားသည်ဟု ယူဆရသည်။ ၎င်းတို့၏ ပြောဆိုချက် အသေးစိတ်များကို မသိရပေ။ အာဏာသိမ်းမှုကို ဦးသန်းရွှေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံခဲ့ဖူးသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ့ကို စစ်တပ်အကြီးအကဲအဖြစ် ဆက်ခံရန် ရွေးချယ်ခန့်အပ်ခဲ့သူ ဦးသန်းရွှေကို လွန်ခဲ့သောနှစ် နှစ်လယ်က နောက်ဆုံးတွေ့ဆုံပြီးနောက် ယခုအကြိမ်သည် ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။
သူရာထူးစွန့်လွှတ်သည့် ၂၀၁၁ ခုနှစ်တွင် ဦးသန်းရွှေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စစ်တပ်အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သောကြောင့် လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှု ပြုလုပ်ပြီး တိုင်းပြည်ကို ထိန်းချုပ်ရန် လမ်းပွင့်သွားသည်။
ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဦးသန်းရွှေကို သွားရောက်တွေ့ဆုံရန် ပျက်ကွက်နေသောကြောင့် သူသည် တိုင်းပြည်ကို ဆရာသမားဟောင်းထံမှ လမ်းညွှန်ချက် မလိုဘဲ အုပ်ချုပ်နိုင်ကြောင်းပြကာ သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲနေသည်ဟု အများအပြားက ယူဆကြသည်။
ဧပြီလဆန်းပိုင်းက ဦးသန်းရွှေကို သွားရောက်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လက်နက်ကိုင်ခုခံမှု အပါအဝင် သူ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မတွန့်ဆုတ်သော လူထုဆန့်ကျင်ခုခံမှုကို ရင်ဆိုင်နေရချိန် ဖြစ်သည်။
တချိန်တည်းတွင် မြန်မာစစ်တပ်မှ ဘက်ပြောင်းလာသည့် နှုန်းသည် မကြုံစဖူး မြင့်မားနေပြီး တပ်တွင်းညီညွတ်ရေးလည်း မကြုံစဖူး ပျက်စီးနေသည်။
You may also like these stories:
နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ
အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ
“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”
နောက်တက်မယ့် တပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလား