စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ထားသည့် မန္တလေးမြို့မှ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်သည် ၎င်း၏အမှုအား ကိုယ်တိုင်ခုခံချေပသွားမည် ဖြစ်ကြောင်း ရှေ့နေအသိုင်း ဝိုင်းထံမှ သိရသည်။
ဒေါ်ရွက်နုအောင်ကို ဧပြီ ၂၈ ရက်က ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီးနောက် မေ ၂၆ ရက်တွင် မန္တလေးခရိုင်တရားရုံး၌ ရုံးထုတ်တရားစွဲတင်ကာ အိုးဘိုထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ဒေါ်ရွက်နုအောင်က သူ့ကို စွဲဆိုထားတဲ့အမှုအပေါ် ရှေ့နေမငှားတော့ဘဲ ကိုယ်တိုင်ခုခံချေပ ထုချေသွားမယ်လို့ ပြောတယ်။ ရုံးချိန်းကတော့ ထောင်တွင်းအထူးတရားရုံးနဲ့ စစ်မှာလား၊ အပြင်မှာ စစ်မှာလားဆိုတာ စစ်မယ့်ရက် ပြန်ပေးမှာ။ အခုက ယာယီအနေနဲ့ ပေးထားတော့ တိတိကျကျပြောလို့ မရသေးဘူး။ လက်ရှိမှာ စာရွက်စာတမ်းတွေက မိတ္တူကူးလို့ မရသေး ဘူး။ မိတ္တူကူးလို့ရမှသာ အသေးစိတ်ကို သိရမှာ” ဟု ဒေါ်ရွက်နုအောင်နှင့် နီးစပ်သည့် ရှေ့နေတဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်သည် မန္တလေးအိုးဘိုထောင်အတွင်းရှိ အထူးတရား ရုံးတွင် ဒေါက်တာဇော်မြင့်မောင်၏ အမှုအား ရုံးထုတ်စစ်ဆေးပြီး အပြန်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် ၁ လနီးပါးကြာ မန္တလေးနန်းတွင်းစစ်ကြောရေး၌ စစ်ဆေးခံခဲ့ရပြီး စစ်ကောင်စီ လက်အောက်ခံ မန္တလေးခရိုင်တပ်ဖွဲ့မှ ရဲမှူးတဦးက တရာလိုပြုလုပ်၍ မန္တလေးခရိုင်တရားရုံးတွင် တရားစွဲတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
ဒေါ်ရွက်နုအောင်သည် စစ်ကောင်စီ၏ ဖမ်းဆီး တရားစွဲဆိုခြင်း ခံထားရသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်၏ ရှေ့နေအဖွဲ့ဝင်တဦး ဖြစ်သလို မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအကြံပေးလည်း ဖြစ်သည်။
စစ်ကောင်စီက ဒေါ်ရွက်နုအောင်သည် မန္တလေးမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်ဟု ဆိုသော တရားလွှတ်တော်ရှေ့နေ တဦးလည်း ဖြစ်သည့် ဦးစည်သူ (ခ) ဆိတ်ကြီးကို ၎င်းအနေဖြင့် ငွေကျပ် ၃ သိန်း ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုချက်အရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) သည် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင် ဒဏ် တသက်တကျွန်းထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့်ပုဒ်မ ဖြစ်သည်။
ဒေါ်ရွက်နုအောင်သည် NLD အစိုးရလက်ထက်က နိုင်ငံကျော်အမှုတခုဖြစ်သော နေပြည်တော်မှ ဗစ်တိုးရီးယားအမှုတွင် နစ်နာသူ ကလေးငယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သလို Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း အား အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) က စွဲဆိုသည့် အမှုတွင်လည်း အကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် မန္တလေးတိုင်း NLD တိုင်းအဆင့် အဖွဲ့ဝင်တဦး ဖြစ်သည့် ဒေါ်ရွက်နုအောင်သည် ဥပဒေကိစ္စရပ်များတွင် အားကိုး အားထားပြုရသူ တဦးဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပြင် စစ်ကောင်စီ၏ ဖမ်းဆီးတရားစွဲဆိုခြင်း ခံနေရသည့် အခြားသော မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့၏ အမှုများကိုလည်း ရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်သည်။
ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ NLD ပါတီ နာယက ဦးဝင်းထိန်တို့၏ အမှုများတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့မှ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။
You may also like these stories:
PDF ထောက်ပံ့သည်ဆိုကာ ရှေ့နေဒေါ်ရွက်နုအောင်ကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်
ရှေ့နေ ဒေါ်ရွက်နုအောင်အား မန္တလေးနန်းတွင်း စစ်ကြောရေး၌ စစ်ဆေးနေ
ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ