ဥရုချောင်းဘေး ဒေသများ ကမ်းပြိုမည့်အန္တရာယ် ကြုံနေရ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တောဒေသရှိ ဥရုချောင်းတလျှောက် ပြီးခဲ့သည့် နွေရာသီအတွင်း ရွှေမျောတိုက်ပြီး မျောစာများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် မိုးဦးကျ ချောင်းရေတက်ချိန်တွင် အနီးဝန်းကျင်ဒေသများ ရေကြီးမှု ဖြစ် ပေါ်နေသလို ကမ်းပါးယံပြိုကျနိုင်သည့် အန္တရာယ်လည်း ကြုံနေရကြောင်း ဒေသခံများက ပြောသည်။
ဇွန် ၁၂ ရက်မှစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ဥရုချောင်းရေ မြင့်တက်လာမှုကြောင့် ဟုမ္မလင်းမြို့နယ် နမ့်တောဒေသ အပါအဝင် ကချင်ပြည်နယ်၊ ဖားကန့်ရှိ ရပ်ကွက် ၅ ခုခန့်တွင် ရေကြီးနေပြီး ရေဘေးသင့်ပြည်သူများ အတွက် လူမှုကူညီရေးအသင်းများက အစားအသောက်များ လာရောက် ပို့ဆောင်ပေးရကြောင်း၊ လက်ရှိတွင်လည်း ရေအနည်းငယ်သာ ပြန်ကျသေးကြောင်း သိရသည်။
မိုးရာသီကာလတွင် ဥရုချောင်းရေ မြင့်တက်မှုကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာ၊ ရပ်ကွက်များ ရေကြီးရေလျှံလေ့ ရှိ သော်လည်း ယခုနှစ်တွင်မူ မိုးဦးကျအချိန်မှာပင် ရေကြီးရေလျှံနေခြင်း ဖြစ်ကြောင်း၊ ချောင်းရေကျချိန် ရောက်ပါက လည်း ချောင်းအောက်ဘက်ရှိ ကျေးရွာများမှာ ရေတိုက်စားမှုကြောင့် ကမ်းပါးယံပြိုကျနိုင်သည့် အန္တရာယ်များလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။
ဟုမ္မလင်း ဒေသခံတဦးက “အခုကတော့ ရွှေမျောတွေက ခေတ္တရပ်ထားတယ်။ ရွှေမျောလုပ်တဲ့ ရေပိုက်က ချောင်းရေ တက်တော့ ချောင်းအောက်ခြေ မျက်နှာပြင်ကို မမီတော့လို့ ခဏနားတဲ့ပုံစံဗျ။ ဒါပေမဲ့ ဥရုချောင်းထဲမှာ ရွှေမျောဖောင် တွေကနေ စွန့်ပစ်လိုက်တဲ့ မျောမီးစာတွေ (ရွှံ့ပုံစံ) တွေကို ချောင်းထဲပဲ ပစ်ချခဲ့တော့ ရေစီးတဲ့အခါ အဟန့်အတားဖြစ်ပြီး ရေက မစီးနိုင်တော့ဘူး။ ချောင်းကြီးက ပိတ်နေတယ်။ ဒါကြောင့် အခု ရေကြီးရေလျှံ ဖြစ်တော့ ခါတိုင်းနှစ်တွေထက် ပိုခံရတယ်။ ဒီနေ့ထိ ရေပြန်မကျသေးဘူး။ အကျနှေးနေတယ်” ဟု ပြောသည်။
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်ကလည်း ဥရုချောင်းအတွင်း ရွှေမျောတိုက်ခြင်း ရှိ သော်လည်း ရွှေမျောဖောင်မှာ ဆယ်ဂဏန်း ဝန်းကျင်သာရှိကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၁ နှစ်ကျော် အတွင်း ရွှေမျောဖောင်များမှာ ရာဂဏန်းဝန်းကျင်ထိ ရှိလာကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ယခင်က ရွှေမျောများ ချပေးရာ၌ လုပ်ငန်းလုပ်မည့်သူများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဆောင် ရွက်ရန်နှင့် မျောစာများကို ချောင်းအတွင်းနှင့် လယ်ကွင်းများသို့ စွန့်ပစ်ခြင်း မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရ သည်။
သို့သော် လက်ရှိ အခြေအနေတွင် ရွှေမျောလုပ်ကိုင်သူများသည် ချောင်းအတွင်းသို့ မျောစာများအား စည်းကမ်းမဲ့စွာ စွန့်ပစ်နေသလို လုပ်ကွက်များမှာလည်း အဆမတန် များလာခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၏ အကျိုး ဆက်များကို ဒေသခံများ စတင်ခံစားလာနေရခြင်း ဖြစ်ကြောင်း ချောင်းအနီးဒေသခံများက ပြောသည်။
နမ့်တောဒေသခံတဦးက “ရေကြီးရေလျှံ ဖြစ်နေတယ်။ ဟုမ္မလင်းတဝိုက် အထက်ရောအောက်ရော တော်တော်ခံရ တယ်။ ခါတိုင်းနှစ်တွေ အခုလောက် မဆိုးရွားဘူး။ ဒီနှစ်မှာ ပိုပြီးတော့ ဆိုးရွားနေတယ်။ အဓိကတော့ ချောင်းအတွင်း မျောမီးစာတွေ ပိတ်ဆို့မှုကြောင့်ပဲ။ ရေကျချိန်ဆို ပိုဆိုးမယ်ဗျ။ ချောင်းအောက်ဘက်ကရွာတွေ တော်တော်များများက ကမ်းပါးပြိုမယ့် အခြေအနေ ရှိတယ်” ဟု ရှင်းပြသည်။
စစ်ကောင်စီက ရွှေမျောလုပ်ကွက် ၁ ကွက်အား ၁ လလျှင် ကျပ် သိန်း ၃၀ နှင့်အထက် ပေးနိုင်ပါက ရွှေမျောတိုက်ခြင်း လုပ်ငန်းများကို လုပ်ခွင့်ပေးနေခြင်းကြောင့် ရွှေမျောတိုက်သူ များပြားလာကာ ဒေသခံများအပြင် ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများရှိ လုပ်ငန်းရှင်များကပါ လာရောက် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်းဒေသခံတဦးက “စစ်ကောင်စီကခွင့်ပြုတဲ့ ရွှေမျောတိုက်တာတွေ ရှိသလို ရှမ်းနီအမျိုးသားတပ်မတော် (SNA) ဘက်က ရွှေမျောလုပ်ကွက် ဖွင့်ပေးတာတွေလည်း ရှိတယ်။ ဒါကြောင့် ရာချီတဲ့ ရွှေမျောတွေ ရှိလာပြီး ဥရုချောင်း တ လျှောက်လုံးကို ဖြစ်လာတာ။ ပြီးတော့ စနစ်တကျ စွန့်ပစ်တာလည်း မရှိတော့ အခုလို လက်တဆုပ်စာက ကြီးပွားပြီး အများစုက သဘာဝဘေးဒဏ် ခံကြရတာ” ဟု မှတ်ချက်ပြုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေမျောလုပ်ကိုင်မှုများကို စစ်ကောင်စီက စီးပွားဖြစ် ချပေးနေခြင်းများကြောင့် ပြီးခဲ့ သည့်လအတွင်းကပင် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် ဆင်ခေါင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ရွှေမျောများ လုပ်ကိုင်နေခြင်းကို ရပ်တန့်ရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
ထို့အတူ ယခုအချိန်တွင် ချင်းတွင်းမြစ်ရိုးဖြစ်သည့် ဟုမ္မလင်းမြို့နယ်၊ ထုံမာတဲကျေးရွာအနီး ရွှေမျောတိုက်ခြင်းများ စတင် လုပ်ဆောင်လာသဖြင့် ဒေသခံများက ကန့်ကွက်မှုများ ပြုလုပ်နေပြီး မြို့နယ်စစ်ကောင်စီကိုလည်း ပြီးခဲ့သည့် ဧပြီနှင့် မေလအတွင်းက ကန့်ကွက်စာများ ပေးပို့ထားကြောင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
စစ်ကောင်စီက ဥရုချောင်းအတွင်း ရွှေမျောလုပ်ကွက်များကို ချပေးနေ
အာဏာသိမ်းပြီးနောက် ချင်းတွင်းမြစ်တလျှောက် တရားမဝင်စီးပွားဖြစ် ရွှေမျှောလုပ်သူများလာ
ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ