စစ်ကောင်စီက ဥရုချောင်းအတွင်း ရွှေမျောလုပ်ကွက်များကို ချပေးနေ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသရှိ ဥရုချောင်းရိုးတလျှောက်ရှိ ရွှေမျောလုပ်ကွက်များကို စစ်ကောင်စီက ချပေးနေခြင်းကြောင့် ချောင်းတိမ်ကောလာသည့်အပြင် စိုက်ပျိုးမြေများပါ ပျက်စီးလာကြောင်း ဒေသခံများထံမှ သိရ သည်။
ရွှေမျောလုပ်ကွက် ၁ ကွက်အား ၁ လလျှင် ကျပ် သိန်း ၃၀ နှင့်အထက် ပေးနိုင်ပါက ရွှေမျောတိုက်ခြင်းလုပ်ငန်းများကို လုပ်ခွင့်ပေးနေခြင်းဖြစ်ပြီး ဒေသခံများထက် စစ်ကိုင်းတိုင်းအောက်ပိုင်းမှ ဒေသခံများ အပါအဝင် ရန်ကုန်၊ မန္တလေး စသည့် ဒေသစုံမှ လုပ်ငန်းရှင်များက လာရောက်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဟုမ္မလင်း ဒေသခံတဦးက “ဥရုချောင်းဘက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးဆိုးရွားရွား ရွှေမျောလုပ်ကွက်တွေ အများကြီး ချလိုက်တယ်။ အခုဆို နွေရာသီလည်း ရောက်လာပြီ။ မြစ်တွေ၊ ချောင်းတွေ ခမ်းလာပြီ။ ဥရုချောင်းဆိုရင် စက်လှေတွေ သွားဖို့လာဖို့ ခက်ခဲတဲ့အထိ ဖြစ်နေပြီ။ ဒီရွှေမျောက စွန့်ပစ်ပစ္စည်းတွေ ချလို့ပေါ့။ သူတို့ကတော့ ရင်းနှီး တယ်၊ မရင်းနှီးဘူး ဆိုတာထက် ပိုက်ဆံပေးရင် ရွှေမျောလုပ်ကွက်ချပေးတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဥရုချောင်း ဆိုရင် ချောင်းတခုလုံးမှာရှိတဲ့ နေရာတွေကို ချပေးထားတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တချို့ ရွှေမျောလုပ်ကိုင်နေသူများက စစ်ကောင်စီခန့် ရပ်ကျေးဥက္ကဋ္ဌများနှင့် ဆက်နွယ်သူများဖြစ်ကြပြီး လက်ရှိ ဥရုချောင်းထဲတွင် စစ်ကောင်စီက ရွှေမျောလုပ်ကွက်များ ချထားပေးသည်မှာ လုပ်ကွက်ပေါင်း သောင်းနှင့်ချီ၍ ရှိသဖြင့် ယခင်ထက် အဆမတန် များပြားလာနေကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အရင်က အဲဒီလောက်မရှိဘူးဗျ။ ပမာဏ အတိအကျ မသိပေမယ့် အာဏာမသိမ်းခင်က ဥရုချောင်းထဲမှာ ရွှေမျောတိုက်မယ်ဆိုရင် ဘယ်လိုခေါ်မလဲ စနစ်တကျပေါ့။ မျောမီးတွေစွန့်ပစ်လည်း ဘယ်နေရာမှာ စွန့်ပစ်ပေါ့။ စနစ်တကျ အကန့်အသတ်နဲ့ လုပ်ကွက်တွေကို လုပ်ရတယ်။ အခုကျတော့ ချောင်းထဲပဲ ဒီအတိုင်း စွန့်ပစ် တာတွေရှိတော့ ချောင်းတခုလုံးပျက်စီးပြီး တိမ်ကောလာတာပေါ့။ အဲဒီနားမှာရှိတဲ့ စိုက်ပျိုးမြေတွေလည်း ပျက်စီးကုန် တာ” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် ဥရုချောင်းဒေသအနီးတဝိုက် ရွှေမျောတိုက်ခြင်းများ အဆမတန် များပြားစွာ လုပ်ကိုင်နေခြင်း ကြောင့် ချောင်းတိမ်ကောလာခြင်း၊ စိုက်ပျိုးမြေများ ရေမရဘဲ ဆုံးရှုံးလာခြင်းနှင့် လာမည့် မိုးရာသီတွင် ရွာနီးရှိ ကမ်းပါးများ ပြိုကျလာနိုင်သည်အထိ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

ထို့ပြင် ဥရုချောင်းအနီး နမ့်တောဒေသသည် နွေကာလ ရေကျချိန်သို့ရောက်လျှင် နုန်းမြေများပေါ်တွင် စပါး အပါအဝင် ဟင်းသီးရွက်၊ သီးနှံများကို စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် ရွှေမျောတိုက်ခြင်းများကြောင့် စွန့်ပစ်ပစ္စည်းများ ဖြစ်သော မျောမီးစာများက ဖျက်ဆီးသွားသဖြင့် စိုက်ပျိုး၍ မရတော့သည်အထိ ဖြစ်သွားကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတဦးက “ဟုမ္မလင်းမြို့နယ်ထဲမှာရှိတဲ့ ဥရုချောင်းတခုလုံး ပျက်စီးသွားတာဆိုတော့ စိုက်ပျိုးမြေဧကလည်း တော်တော်များများ ပျက်စီးသွားတာ။ ဒီဥရုချောင်းထဲမှာ ရွှေမျောတိုက်လို့ ပျက်စီးသွားတဲ့ဖြစ်ရပ်က စစ်ကောင်စီ တခုထဲ ကြောင့်တော့ မဟုတ်ဘူးဗျ။ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ဘက်ကလည်း ရွှေမျောလုပ်ကွက် ဖွင့်ပေး တာ တွေလည်း ရှိတယ်။ ပြီးတော့ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း ပါတယ်ပေါ့လေ။ ဘယ်လောက်ပဲ လုပ်ကွက် ချပေးချပေး ကိုယ့်ဘက်ကတင်းခံပြီး ကန့်ကွက်နေရင် မအောင်မြင်ဘူးပေါ့။ ဒါကြောင့် ဥရုချောင်း ပျက်စီး လာတာ တော့ အားလုံးနဲ့ ဆိုင်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

ဥရုချောင်းတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာမှစတင်ပြီး ရွှေတူးဖော်မှုများကို ပြုလုပ်ခဲ့ကြရာ ယခုအခါ ပို၍ များပြားလာ ခြင်းကြောင့် ဥရုချောင်းအတွင်းရှိ ကြည်လင်သောရေသည်ပင် နောက်ကျိလာနေပြီး နွေအခါတွင် စက်လှေများ သွား လာ၍ပင် မရသည်အထိ တိမ်ကောလာနေကြောင်း ဒေသခံများက ပြောသည်။
ယခင် စစ်အစိုးရအဆက်ဆက်က ချင်းတွင်းမြစ်ကြောင်း တလျှောက်တွင် ရွှေမျောလုပ်ကွက်များ ချပေးသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခွင့်မပြုခဲ့သည်မှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင်အထိ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေမျောလုပ်ကိုင်မှုများကို စစ်ကောင်စီက စီးပွားဖြစ် ချပေးနေခြင်းများကြောင့် ပြီးခဲ့ သည့်လအတွင်းကပင် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် ဆင်ခေါင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ရွှေမျောများ လုပ်ကိုင်နေခြင်းကို ရပ်တန့်ရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
You may also like these stories:
ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ
မြစ်ဆုံဒေသတဝိုက် စက်ယန္တရားများဖြင့် ရွှေတူးဖော်မှု များပြားလာ
အာဏာသိမ်းပြီးနောက် ချင်းတွင်းမြစ်တလျှောက် တရားမဝင်စီးပွားဖြစ် ရွှေမျှောလုပ်သူများလာ