ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ အပါအဝင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များအား စစ်တပ်က ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျောက်ဖြူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆင့်၊ မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် မြေတိုင်စာရေး ဦးထွန်းထွန်းနိုင်တို့ကို ဖမ်းဆီးထားသလို ကျောက်ဖြူမြို့ စေတီယျ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလှထွန်းနှင့် ရာအိမ်မှူး ၁ ဦးတို့ကိုလည်း ဖမ်းဆီးထားကြောင်း မြို့ခံများက ပြောသည်။
ကျောက်ဖြူမြို့နယ်အတွင်း ခြေလျင်တပ်ရင်း (ခလရ) ၃၄၊ ခြေမြန်တပ်ရင်း (ခမရ) ၅၄၂၊ ခမရ ၅၄၃၊ ဓညဝတီရေတပ်စခန်း နှင့် အမှတ် ၃၂ ရဲတပ်ရင်း စသည့် တပ်ရင်း၊ တပ်ဖွဲ့များမှ စစ်ကောင်စီ တပ်သားများသည် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA / AA) အဖွဲ့ဝင်များအား လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု အကြောင်းပြပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ ကို ဝင်ရောက်မွှေနှောက်ကာ ထိုသို့ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။
ကျောက်ဖြူမြို့ အရပ်ဘက်လူမှုအဖွဲ့တဖွဲ့မှ မြို့ခံတဦးက “ငါးလုပ်ငန်း ခရိုင်မှူးကတော့ ၁၇(၁) နဲ့ အမှုဖွင့်ခံရပြီး တရားရုံးမှာ ရုံးထုတ်တာကို တွေ့တယ်။ ကျန်တဲ့လူတွေကတော့ စစ်တပ်ထဲမှာ ဖမ်းဆီးထားတဲ့အတွက် မိသားစုဝင်တွေနဲ့ တွေ့ခွင့် မရတော့ ဘယ်အမှုနဲ့ ဖမ်းတယ်ဆိုတာ မသိသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလှထွန်းနှင့် ရာအိမ်မှူး ၁ ဦးတို့လည်း အောက်တိုဘာ ၃၁ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အစည်းအဝေး သွားတက်ရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် မြေတိုင်စာရေး ၁ ဦးတို့မှာ အောက်တိုဘာ ၂၅ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်ကာ ငါးလုပ်ငန်းဦးစီးမှူး ဦးကျော်ဆင့်သည် စက်တင်ဘာ ၂၈ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ (နိုဝင်ဘာ ၃ ရက်) တွင်လည်း ကျောက်ဖြူမြို့ပေါ်ရှိ စေတီတောင်ရပ်ကွက်မှ ရာအိမ်မှူး ၁ ဦးနှင့် ပြင်ဖြူမော်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ထပ်မံဖမ်းဆီးခံရကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။
ကျောက်ဖြူမြို့ခံတဦးက “ULA/ AA အဖွဲ့ဝင်တွေကို လိုက်ဖမ်းနေတယ်ဆိုလည်း ဆက်စပ်သူတွေကတော့ ရှောင်တိမ်းသွား ပြီ။ အခု အများစု အဖမ်းခံနေရသူတွေက ဘာမှ ဆက်စပ်မှု မရှိဘူး။ အခု ကျောက်ဖြူမှာရှိတဲ့ တပ်ရင်းတွေက မြို့နယ်တခု လုံးကို ပတ်ရမ်းနေတာ။ ကားတွေဆိုရင်လည်း ဖမ်းထားတာ အများကြီးပဲ။ ဖမ်းထားတဲ့ ကားတွေကို ပိုက်ဆံနဲ့ လာရွေးခိုင်း တယ်။ ကားပိုင်ရှင်တွေက အဖမ်းခံရမှာ ကြောက်ပြီးတော့ သွားမရွေးရဲကြဘူး။ အခု သူတို့ ကားမျိုးစုံကို စီးပြီးတော့ ဟိုလူ့ ဖမ်းဒီလူ့ဖမ်း လုပ်နေကြတယ်” ဟု ဆိုသည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီ တပ်သားများသည် ကျောက်ဖြူမြို့နယ်အတွင်းက ဌာနဆိုင်ရာအကြီးအကဲများ အပါ အဝင် ဒေသခံ ၃၀ ကျော်အား ဖမ်းဆီးထိန်းသိမ်းထားပြီး တချို့ကို နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားစေရန် ဆူပူလှုံ့ဆော်မှု၊ မတရားအသင်းနှင့်ဆက်သွယ်မှု စသည့် ဥပဒေများဖြင့် တရားစွဲဆိုထားသလို အများစုမှာမူ မည်သည့်နေရာ၌ ဖမ်းဆီးထိန်း သိမ်းထားသည်ကိုပင် မသိရကြောင်း မိသားစုဝင်များက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ယခုနှစ် သြဂုတ်လအတွင်းမှစပြီး တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သည် ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒေသခံများကို ဖမ်း ဆီးခြင်းနှင့် ဒေသတွင်း ကုန်စည်စီးဆင်းရာတွင် အသုံးပြုသည့် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခြင်းများ ပြုလုပ်လျက် ရှိသည်။
You may also like these stories:
မောင်တောနှင့် ပလက်ဝတွင် စစ်တပ်နှင့် AA တို့ကြား တိုက်ပွဲ ပြင်းထန်
ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်များ နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေး
စစ်တပ်ဖမ်းသွားသည့် ဘူးသီးတောင်ဒေသခံများ အဆက်အသွယ် ပြတ်နေ၍ မိသားစု စိုးရိမ်
ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား