ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့မှုရငွေ ပမာဏအတိုင်းသာ သွင်းကုန်များ ပြန်သွင်းရမည်ဆိုသော စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကြောင့် နယ်စပ်ကုန်သည်အများစု အခက်ကြုံတွေ့နေရကြောင်း သိရသည်။
ယင်းညွှန်ကြားချက်မှာ မြန်မာမှ ထိုင်းသို့ တင်ပို့သည့် ပို့ကုန်ရငွေ အပါအဝင် မြန်မာလုပ်သားများ၏ လုပ်ခလစာပြန်လွှဲ ငွေ ပေါ် မူတည်ကာ ထိုင်းမှ သွင်းကုန်တင်သွင်းမှု ပမာဏာကို ခွင့်ပြု သွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနက အောက်တို ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စနစ်သည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က နယ်စပ်ကုန်သွယ်ရေး ပိုမိုအဆင်ပြေစေရန် ဖြေလျော့ပေးသည့် အနေဖြင့် ပယ်ဖျက်ထားပြီး ဖြစ်သော်လည်း ယခု နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ စစ်ကောင်စီက ပြန်လည်ကျင့်သုံးလာခြင်း ဖြစ်သည်။
မြဝတီနယ်စပ်ကုန်သည်တဦးက“အခုကန့်သတ်ချက်က ပို့ကုန်သမားတွေထက်စာရင် သွင်းကုန်သမားတွေအတွက် အများကြီးထိခိုက် ကုန်တယ်။ တရားဝင်ကုန်သွယ်ရေးလုပ်နေတဲ့သူတွေက ပိုခက်လာပြီး တရားမဝင်ကုန်သွယ်ရေးက ပိုကြီးထွားလာတော့မယ် ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် ပို့ကုန်သမားများကို ပြီးခဲ့သည့်နှစ်များက ပို့ကုန်ရငွေများကို အတင်းအကျပ် ပြန်လည်ပေးသွင်းခိုင်းပြီး ပို့ကုန်သွင်းကုန်လိုင်စင်များ ကန့်သတ်ကာ FDA (အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာန) ထောက်ခံချက်များ တောင်း ခံ လာခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးငွေပေးချေမှုများကို အမေရိကန်ဒေါ်လာဖြင့် ပေးချေခိုင်းခြင်း၊ ဘဏ်စနစ်ဖြင့်သာ ခွင့်ပြု ခြင်း အစရှိသော စည်းမျဉ်းစည်းကမ်းများဖြင့် ကန့်သတ်ထိန်းချုပ်ထားကြောင်း ၎င်းက ဆိုသည်။
“ကုန်သည်တွေက ဘယ်ညွှန်ကြားချက်ကို ဘာလိုက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေကြတာ။ တခုကို လိုက်လုပ်လို့ မပြီး သေးဘူး၊ နောက်ထပ်ပြောင်းလဲလိုက်တဲ့ ညွှန်ကြားချက်က ထွက်လာပြီ။ အဲဒီလို မူဝါဒတွေ မငြိမ်တော့ ကုန်သည်အများစု အလုပ်တွေ လျှော့လုပ်နေကြပြီ ” ဟု အဆိုပါ မြဝတီနယ်စပ် ကုန်သည်တဦးက ပြောသည်။
ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်နေသည့် ကုန်သည်များနှင့် ကုမ္ပဏီများအား ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းခိုင်းခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအပြင် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲ မှုဌာနမှ စိစစ်စောင့်ကြည့်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ဘက်က ဖိအားပေးလုပ်ဆောင် လာနေလျက် ရှိကြောင်း ကုန်သည်များထံမှ သိရသည်။
ထိုသို့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ထပ်မံကန့်သတ်ထိန်းချုပ် လာခြင်းမှာ ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်အဖွဲ့ (FATF) ၏ အမည်ပျက်စာရင်း သွင်းခံလိုက်ရ ပြီးနောက် FATF က အကြံပြုထားသော အစီရင်ခံစာအပေါ် လိုက်နာ ဆောင်ရွက်များ ပိုမိုအားကောင်း စေရန်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ပြောင်းကုန်သည်တဦးက “ တခြားအကြောင်းပြချက်တွေလည်း ရှိချင်ရှိဦးမှာပေါ့ သူတို့သွင်း စေချင်တာထက် ပိုမသွင်းစေ ချင်လို့ဖြစ်နိုင်တယ်။ ဒါပေမဲ့ မြန်မာဘက်က မြဝတီနယ်စပ်ကုန်သွယ်ရေးက သိတဲ့အတိုင်းပဲ ထိန်းဖို့ မလွယ်လောက်ဘူး” ဟု ပြောဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် မြန်မာပို့ကုန်များထက် သွင်းကုန်တင်ပို့မှုက ပိုမိုများသည့်အတွက် ယခုလို ကန့်သတ်ချက်များကြောင့် ထိုင်းနိုင်ငံဘက်မှ တင်သွင်းနေသော ကုန်ပစ္စည်းများ လျော့ကျလာနိုင်သဖြင့် ပြည်တွင်း ဈေးကွက်တွင် ထိုင်းကုန်စည်များ ပစ္စည်းပြတ်လပ်ခြင်း နှင့် ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ့လယ်ယာထွက်ကုန်များ ဖြစ်သော ဆန်၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန်များကို အဓိကတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံဘက်မှ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ မီးဖိုချောင်သုံးဂက်စ် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ နှင့် CMP လုပ်ငန်းသုံး နှင့် အထွေထွေကုန်ကြမ်းပစ္စည်းများ ကို ပြန်လည်တင်သွင်းလျက်ရှိသည်။
ယခု ၂၀၂၂ ဘဏ္ဍာနှစ် ဧပြီလ မှ အောက်တိုဘာလကုန်ပိုင်းအထိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၄၆၀ ကျော်ရှိပြီး သွင်းကုန်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၈၀၇ ကျော်အထိရှိခဲ့သည်။
ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့် နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ကျဆင်းနေလျက် ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
You may also like these stories:
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိုးကျနေ
နယ်စပ်ကုန်သွယ်ရေး ဒေါ်လာ သတ်မှတ်ချက် နေရာထပ်ချဲ့
မြဝတီနယ်စပ်ကုန်သွယ်ရေး ပို့ကုန်တန်ဖိုး ဆက်တိုက် ကျနေ
စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ