ထိုင်း – မြန်မာ နယ်စပ်နဲ့ ထိုင်းနိုင်ငံအတွင်းမှာတော့ ပြည်တွင်းက လာရောက် အလုပ် လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ သန်းနဲ့ချီ ရှိနေပါတယ်။ ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နယ်ပယ်အသီးသီးကနေ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်လာသူတွေဟာ တသိန်းကျော်အထိ ရှိလာခဲ့ပါပြီ။
မြန်မာငွေစျေး ကျဆင်းလာမှုကြောင့် နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းတွေပါ မြင့်မားလာပြီး၊ ထိုင်း – မြန်မာ နယ်စပ်မှာ မြန်မာပြည်တွင်း ထွက်ကုန် တန်ဖိုးတွေဟာ တဆ ကနေ တဆခွဲခန့် မြင့်တက်လာပါတယ်။
မြန်မာပြည်သားတွေ အဓိကထား စားသုံးတဲ့ ပေါ်ဆန်းမွှေးဆန် တအိတ်ကတော့ ဘတ် ၈၀၀ ကနေ ဘတ် ၁၄၀၀ လောက်အထိ မြင့်တက်သွားခဲ့ပါတယ်။
ဆန်နဲ့အတူ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ကြက်သွန်၊ အာလူး၊ပဲ နဲ့ ငါးခြောက်စျေးတွေကလည်း အရင်စျေးတွေထက် တကီလိုကို ဘတ် ၄၀ ကနေ ၈၀ အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
အခုလက်ရှိ ဆန်၊ ကြက်သွန်၊ အာလူး၊ ပဲ၊ ငါးခြောက်၊ ရေချို ငပိ နဲ့ လက်ဖက် အစရှိတဲ့ ပစ္စည်းတွေကို ပြည်တွင်းကပဲ သယ်ယူနေရပြီး၊ ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ ကတဆင့် ချင်းမိုင် နဲ့ ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံံ အနှံ့အပြားကို အဓိက ပို့ဆောင်ပေးနေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup