ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးတွင် စစ်ကောင်စီက လမ်းကြောင်းများ ပိတ်ဆို့ကာ စပါးရိတ်သိမ်းစက်များအပါအဝင် စက်ယန္တရားများကို တမြို့နယ်နှင့်တမြို့နယ် သယ်ယူခွင့် တားမြစ်ထားသည့်အတွက် စပါးရိတ်သိမ်းရမည့် ယခုကာလတွင် လယ်သမားများ အခက်ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် ( AA )နှင့် တကျော့ပြန် တိုက်ပွဲများ ပြင်းထန်ခဲ့သည့် သြဂုတ်လနောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်များကို ရေလမ်းနှင့်ကုန်းလမ်းများ လုံးဝပိတ်ဆို့ထားခြင်းဖြစ်သည်။
ရသေ့တောင်မြို့နယ်အတွင်းက လယ်သမားတဦးက “စစ်ကောင်စီက စက်ယန္တရားနဲ့ ပတ်သက်ပြီးတော့ လုံးဝကို သယ်ယူခွင့်ပိတ်ထားတာ။ အခုစပါးရိတ်သိမ်းမယ့် အချိန် ရောက်နေပြီ။ စပါးရိတ်သိမ်းစက်တွေကို ပြည်မက ဝယ်ယူမယ်ဆိုလည်း အမ်းဂိတ်က ဖြတ်ခွင့်မပေးဘူး။ တမြို့နယ်နဲ့ တမြို့နယ် သယ်ယူခွင့်လည်း မပြုဘူး။ လူအားနဲ့ လုပ်ဖို့ လည်း ဒေသတွင်းက အလုပ်လုပ်နိုင်တဲ့ လူတွေ မကျန်တောဘူး။ အကုန် ပြည်ပကို ထွက်ခွာသွားကြပြီ။ ကျနော်တို့ လယ်သမားတွေက ဦးခေါင်း မီးတောက်နေသလို ခံစားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းရေး မငြိမ်မသက်ဖြစ်ကာ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများကို ပိတ်ဆို့ထားသည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းနှင့်အတူ လယ်ယာလုပ်ငန်းသုံးသွင်းအားစုများ ဈေးမြင့်ခြင်း၊ ရာသီဥတုကြောင့် စပါးခင်းများ ပျက်စီးခြင်း၊ စပါး ဝယ်ယူမည့်သူများ မရှိခြင်း စသည့် ဘက်ပေါင်းစုံ အခက်အခဲများကို ကြုံတွေ့နေရကြောင်း လယ်သမားများထံမှ သိရသည်။
လတ်တလောစပါးပေါက်ဈေးမှာ ပေါ်ဆန်းတင်း ၁၀၀ လျှင် ၇၅၀,၀၀၀ ကျပ်၊ မနောသုခ၊ ရွှေဝါထွန်း စသည့် စပါးတင်း ၁၀၀ လျှင် ၅၀၀,၀၀၀ ကျပ်ခန့် ရှိသော်လည်း ဝယ်ယူမည့်သူ မရှိဖြစ်နေကြောင်း လယ်သမားများက ပြောသည်။
ကျောက်တော်မြို့နယ်မှ လယ်သမားတဦးက “ဒီနှစ်အရင်းအနှီးကတော့ တော်တော်များတယ်။ ဓါတ်မြေသြဇာ ၁ အိတ်ကို ၁၈၀၀၀၀ ၊ ဒီဇယ် ၁ ဂါလံ ၁၅၀၀၀ ဝယ်ယူပြီးတော့ အရင်းသွင်းထားရတာ။ တချို့ လယ်သမားတွေကဆို အရင်းမသွင်း နိုင်တော့လို့ ဒီအတိုင်း ပစ်ထားလိုက်ရတာလည်းရှိတယ်။ အခု စပါးရိတ်သိမ်းချိန်ကျ ပြန်တော့လည်း စပါးရိတ်ကမရှိ။ လုပ်သားကလည်း ရှာမရ ၊ စစ်တပ်က လမ်းတွေပိတ်ထားတော့ ဆန်စပါး တင်ပို့ရောင်းချဖို့လည်း ဘယ်နေရာ သွားရောင်း ရမှန်း မသိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် တပ်စခန်းအနီးဝန်းကျင်တွင်ရှိသည့် စပါးခင်းများကို လယ်သမားများ စပါးလာမရိတ်ရန် တားမြစ်ခြင်း ၊ သေနတ်ဖြင့် လှမ်းပစ်ခြင်းများကို ပြုလုပ်နေသည့်အတွက် စပါးရိတ်သိမ်း၍ မရကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း လယ်သမားအရေးဆောင်ရွက်နေသူ တဦးက “စစ်တပ်က စစ်ဆေးပြင်ဆင်တာ တခုတည်းမဟုတ်ဘူး။ ပြည်သူကို ဦးတည်ပြီးတော့ ဒုက္ခပေး နေတယ်။ ပုဏ္ဏာကျွန်း ၅၅၀ တပ်ရင်းအနီးက စပါးခင်းတွေဆိုရင် စစ်တပ်က တားထားလို့ အခုလယ်သမားတွေ စပါးခင်းကို ခြေတောင်မချနိုင်ဘူး။ သူတို့ကို လာ စောင့်ကြည့်တယ်ဆိုပြီး သေနတ်နဲ့ လှမ်းပစ်တယ်။ မင်းပြားဘက်မှာဆိုလည်း လယ်သမား စပါးခင်းတွေကို စစ်တပ်က ဆင်းပြီးတော့ ရိတ်ယူတယ်။ တော်တော်ကြီးကို ဆိုးနေတာ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းသည် လယ်ယာလုပ်ငန်းကို အဓိက အခြေခံကာ လုပ်ကိုင်နေသည့် ဒေသတခုဖြစ်ပြီး ရခိုင် တပြည်နယ်လုံးတွင် စပါးစိုက်ဧက ၁၂ သိန်းခန့်ရှိသော်လည်း စစ်ဘေးအပါအဝင် စိုက်ပျိုးစရိတ်ကြီးမြင့်မှုများကြောင့် ၂၀၂၁ ခုနှစ်အတွင် လယ်ဧက ၈၅၀၀၀ ခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ စာရင်းများအရ သိရသည်။
ထို့ပြင်စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ရှိ ကုန်းလမ်း ၊ ရေလမ်းများကို ပိတ်ဆို့ထားသလို ဘိလပ်မြေ ၊ ဓါတ်မြေသြဇာနှင့် ဆေးဝါးများ သယ်ယူ ခွင့်ကိုလည်း အကြောင်းပြချက်မရှိ ပိတ်ပင်ထား သည်။
ယင်းကဲ့သို့ ရခိုင်ပြည်နယ်မြောက်ပိုင်းသွားလာရေး လမ်းကြောင်းများကို ပိတ်ဆို့ကာ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ထားသည့်အတွက် ဒေသတွင်း ကုန်ဈေးနှုန်းများ အဆက်မတန်မြင့်တက်ခြင်း ၊ ဆေးဝါးများ ပြတ်လပ်ခြင်းနှင့် စိုက်ပျိုးထားသည့် စပါးများ ရိတ်သိမ်းရောင်းချရန် ခက်ခဲခြင်း စသည့် အခက်အခဲ အကျပ်အတည်းများကို ဒေသခံများ ကြုံတွေ့နေကြရသည်။
You may also like these stories:
ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား
မောင်တောမြောက်ပိုင်း၌ စစ်တပ်က ပိတ်ဆို့ထားသဖြင့် ရိက္ခာပြတ်နေ
စစ်တွေသို့ ဈေးဝယ်လာသည့် စက်လှေ ၉ စီးကို စစ်တပ် ဖမ်းဆီး
ကျောက်တော်တွင် စစ်တပ်နှင့် AA စစ်ရေးတင်းမာနေ