ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတခုအား အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက် စီးနင်း ဖမ်းဆီးစဉ် တိုက်ပေါ်မှ ခုန်ချခဲ့သူများအား ယနေ့တွင် စစ်ကောင်စီ လက်အောက်ခံတရားရုံးများက နှစ်ရှည်ထောင် ဒဏ်များ ချမှတ်လိုက်သည်။
ယမန်နှစ် ဩဂုတ်လ ၁၀ ရက်တွင် စစ်ကောင်စီအဖွဲ့ဝင်များက ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတခုအား အကြမ်းဖက် ပစ်ခတ်စီးနင်းစဉ် မဝေဝေမြင့်၊ ကိုဝေဇော်ဖြိုး၊ ကိုရဲမင်းဦး(ခ)ရဲကြီး၊ ကိုမင်းသစ္စာအောင်(ခ)ဗလနှင့် ကိုဝေယံ ထက်တို့မှာ တိုက်ခန်းတခု၏ လေးလွှာမှ ခုန်ချခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ ခုန်ချမှုကြောင့် မဝေဝေမြင့်နှင့် ကိုဝေဇော်ဖြိုးတို့ သေဆုံးခဲ့ကာ၊ ကျန်သုံးဦးမှာ ဦးခေါင်းနှင့် ခြေ၊ လက်တို့တွင် ပြင်ထန်းစွာ ဒဏ်ရာများရရှိခဲ့ပြီး အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။
အသက် မသေဘဲ ဒဏ်ရာများ ပြင်းထန်စွာရရှိကာ အဖမ်းခံရသူများဖြစ်သည့် ကိုရဲမင်းဦး (ခ)ရဲကြီး၊ ကိုမင်းသစ္စာအောင် (ခ) ဗလနှင့် ကိုဝေယံထက်တို့အား ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၅ အရ အလုပ်နှင့် ထောင် ၅ နှစ်နှင့် ပုဒ်မ ၃/၆ အရ အလုပ်နှင့်ထောင် ၇ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
ထောင်ဒဏ်များအား အင်းစိန်ထောင်တွင်းရှိ ဗိုလ်တထောင်ခရိုင်၊ အထူးတရားရုံး တရားသူကြီးက သီးခြားစီ ကျခံစေရန် အမိန့်ချခဲ့သည့်အတွက် ၎င်းတို့အနေဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရသည်။
ယင်းပြင် အဆိုပါဖြစ်စဉ်တွင် လက်လုပ်ဗုံးများ၊ ယမ်းများနှင့်အတူ ဖမ်းဆီးခံရသည့် မပိုးကျော်ကျော်ခန့်၊ ကိုသီဟကောင်း ဆက်နှင့် ကိုဝေဖြိုးအောင်တို့မှာလည်း အဆိုပါ ပုဒ်မများဖြင့်ပင် စုစုပေါင်း အလုပ်နှင့်ထောင် ၁၂ နှစ် ချမှတ်ခံခဲ့ရသည်။
သီးခြား အနေဖြင့်လည်း ဆက်စပ် ဖမ်းဆီးခံရသည့် တက္ကစီယာဉ်မောင်းဖြစ်သူမှာလည်း ပုဒ်မ ၃/၆ ဖြင့် အလုပ်နှင့်ထောင် ၇ နှစ် ချမှတ်ခံရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် တိုက်ခေါင်မိုးပေါ်တက်ကာ ပုန်းအောင်းနေခဲ့သည့် ကိုကောင်မင်းသန်း(ခ) Flex တဦးတည်းသာ လွတ် မြောက်ခဲ့သည်။
You may also like these stories:
ဗိုလ်တထောင် တိုက်ပေါ်ခုန်ချမှု ဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ပထမဆုံးအကြိမ် ရုံးထုတ်
ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး