တရုတ်နိုင်ငံသည် ကိုဗစ်ကပ်ရောဂါကို သာမန်တုပ်ကွေးရောဂါအဖြစ် သတ်မှတ်ပြီးနောက် ကိုဗစ်ကန့်သတ်ချက်များ များစွာ ဖြေလျှော့ကာ နှစ်နိုင်ငံ နယ်စပ်ဂိတ်များလည်း လာမည့်၂၀၂၃ နှစ်ဆန်းပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ခွင့်ပြုရန် ရှိနေကြောင်း ကုန်သည်များထံက သိရသည်။
ထို့ပြင်၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှ စတင်ပြီး တရုတ်နိုင်ငံသည် ပြည်ပနိုင်ငံသားများကို လက်ခံမည် ဖြစ်သလို ၎င်းတို့၏ နိုင်ငံသားများကိုလည်း ပြည်ပသို့ ထွက်ခွာခွင့်ပေးမည်ဖြစ်ကြောင်းလည်း ဒီဇင်ဘာ ၂၇ ရက်တွင် တရုတ်အာဏာပိုင်များက ကြေညာထားသည်။
မူဆယ်နယ်စပ် ကုန်သည်ကြီးတဦးက “တရုတ်ပြည်မှာတော့ ကိုဗစ်ရောဂါ ဖြစ်သူက တရက်ထဲမှာတောင် သန်းနဲ့ချီ ဖြစ်နေတယ်။ ဒါပေမယ့် ဒီရောဂါပိုးကို တရုတ်က သာမန်တုပ်ကွေးအဆင့်လောက်ပဲ သတ်မှတ်လိုက်တယ်။ နယ်စပ်မှာကျတော့ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းမြို့ဝန်းကျင်တွေမှာ ကိုဗစ်ပိုးတွေ့တာ သုညအဆင့်လောက် ရှိတယ်။ အဲဒီတော့ နယ်စပ်ဒေသမြို့တွေမှာ ကိုဗစ်ရောဂါ ကန့်သတ်ချက်တွေကို အများကြီး လျှော့ချလိုက်တယ်။ တရုတ်နှစ်ကူးက လာမည့် ဇန်နဝါရီလ၂၀ ရက်၊ ဒီဟာပြီးရင် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်လို့ ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လာမည့်၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါက်များ ပြန်လည်ဖွင့်လှစ်ရန် ကြိုတင်ညွှန် ကြားချက်ရှိနေကြောင်း ကြားသိရပြီး ယင်းညွှန်ကြားချက်တွင် တရုတ်သို့ ဝင်ရောက် အလုပ်လုပ်ကိုင်၊ နေထိုင်မည့်သူများအနေဖြင့် ကိုဗစ်စစ်ဆေးထားသည့် ကင်းရှင်းကြောင်း အထောက်ထားပါရှိမည်ဖြစ်သည်ဟု ကုန်သည်များက ပြော ဆိုသည်။
တရုတ်နိုင်ငံဘက်သည် ပြီးခဲ့သည့်နှစ်အတွင်းက ကိုဗစ်ကူးစက်မှုများ မြင့်တက်နေသောကြောင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်အများစုကို ပိတ်ထားခြင်းဖြစ်ကာ၊ မူဆယ်မြို့ရှိ ကျင့်စန်းကျော့ဂိတ်တခုသာ ဖွင့်ပေးထားခဲ့ရာမှ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် ကျင်းစန်းကျော့ဂိတ်ကိုပါ ပိတ်လိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့လိုက်သော်လည်း ရောဂါကူးစက်မှုများ မြင့်တက်လျက်ရှိသလို သေဆုံးမှုများလည်းရှိနေသဖြင့် ကမ္ဘာနိုင်ငံတချို့က တရုတ်ခရီးသွားများအပေါ် စောင့်ကြည့်မှုများ ပြုလုပ်နေသော်လည်း မြန်မာဘက်မူ လက်ရှိအချိန်ထိ ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်သော မည်သည့် ကြိုတင်ပြင်ဆင်မှုမျှ မလုပ်ဆောင်ထားသလို စောင့်ကြည့်ခြင်းများလည်း မရှိသေးကြောင်း မူဆယ်မြို့ဒေသခံများနှင့် ကုန်သည်များက ပြောဆိုကြသည်။
မူဆယ် ဒေသခံတဦးက “အခုကတော့ လူဝင်/လူထွက်တော့ တရားဝင် ခွင့်မပြုသေးဘူး။ ဒါပေမယ့် နယ်စပ်ဆိုတော့ သွားလို့ရတဲ့ အပေါက်တွေတော့ ရှိတာပဲလေ။ တရုတ်ဘက်က နယ်စပ်ဂိတ်တွေ အရင် ပုံမှန်ပြန်ဖွင့်ဖို့ ရှိတယ်လည်း ကြားတယ်။ ကိုဗစ်ကူးစက်မှုတွေက သူတို့ဘက်မှာတော့ တအားဖြစ်နေပေမယ့် မြန်မာဘက်ကတော့ ဘာမှ စီစဉ်တာ ပြင်ဆင်တာ မရှိဘူး။ ဒီအချိန်မှာတော့ သူတို့(စစ်ကောင်စီ) က မကြောက်ကြပါဘူး။ သူတို့ အာဏာတည်မြဲဖို့ပဲ။ လူထု ကလည်း အာဏာသိမ်းပြီးထဲက စီးပွားရေး အရမ်းကြပ်တည်းနေတော့ ရောဂါကို သိပ်မကြောက်ကြတော့ဘူး” ဟု ဧရာ ဝတီသို့ ပြောသည်။
ယင်းသို့ နယ်စပ်ဂိတ်များ ပြန်ဖွင့်ပါကလည်း မြန်မာဘက်အနေဖြင့် ကိုဗစ်နှင့်ပတ်သက်သည့် စည်းကမ်းများ သတ်မှတ်ချက်ခြင်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်သင့်ကြောင်း ကုန်သည်တချို့က ဆိုကြသည်။
နယ်စပ် ကုန်သွယ်ရေးဂိတ်များ ယခင်လို ပုံမှန်အတိုင်း လူဝင်/လူထွက်ခွင့်ပြုပြီး ကုန်သွယ်ရေးတွင်လည်း ရှန်တိန်စနစ် များ ပယ်ဖျက်ပေးမည်ဆိုပါက နယ်စပ်ဒေသရှိသူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် စီးပွားရေး ကောင်းမွန်လာ နိုင်သော်လည်း တဖက်တွင် မြန်မာဘက်သို့ ကိုဗစ်ကူးစက်မှု တဖန်ပြန်မြင့်လာနိုင်သည်ကိုလည်း သတိပြုရမည် ဖြစ်ကြောင်း မူဆယ်နယ်စပ် ကုန်သည်တဦးက ပြောသည်။
“အခုထိ လူဝင်/လူထွက် ခွင့်မပြုသေးသလို ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး အစား ထိုးယာဉ်မောင်းစနစ်ကိုလည်း မပယ်ဖျက်သေးဘူး။ ဒါပေမယ့် မကြာခင်မှာ ပယ်ဖျက်တော့မယ်လို့ ကြားတယ်။ ဖျက်ရင်တော့ ကျနော်တို့ ကုန်သည်တွေအတွက် စရိတ်စက သက်သာတယ်။ အရင်က အစားထိုးယာဉ်မောင်းစနစ်နဲ့ တရုတ်ပြည်ထဲပို့ရတော့ ဆန်အိတ် ၁ ထောင်တင်တဲ့ တွဲကားတစီးကို ငွေ ၁၀ သိန်းလောက် ပိုကုန်နေတယ်” ဟု လက်ရှိအခြေအနေကို ၎င်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် ကုန်သွယ်ရေးအခြေအနေမှာ တရုတ်နှစ်ကူး စတော့မည်ဖြစ်သလို၊ နှစ်ကုန်ပိုင်းဖြစ်နေ၍ နည်းပါးကြောင်း ၎င်းက ဆိုသည်။
ယခုလ နောက်ဆုံးပတ်က စတင်ပြီး ကုန်သွယ်ရေးမှာ ယခင်ရက်များထက် ပို၍ ကုန်သွယ်မှုမှာ နည်းပါးနေပြီး ယခင် ဒီဇင်ဘာလဆန်းရက်များ ဆန်နှင့် ဆန်ကွဲ တရုတ်ဘက်သို့ ကားအစီးရေ ၃၀ ဝန်းကျင်သွားပါက ယခုအချိန်တွင် ကား ၁၉ စီး ဝန်းကျင်သာ သွားလာသည့် အခြေအနေရှိကြောင်း ကုန်သည်များထံက သိရသည်။
လက်ရှိအချိန်တွင် တရုတ်ဘက်သို့ ဖရဲ၊ သခွားမွှေး၊ ကြံ၊ ငါးရှဉ့်၊ ကဏန်း၊ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ကြက်သွန်နီ အစရှိသည့် ကုန်စည်များ တင်ပို့နေပြီး တရုတ်ဘက်မှ မြန်မာဘက်သို့ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အသုံး အဆောင် အစရှိသည့် ကုန်ပစ္စည်းတို့ကို တင်သွင်းမှု ပြုလုပ်နေကြောင်း သိရသည်။
ယခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၁၈၅၇ ဒသမ ၈၂၄ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနစာရင်းများ အရသိရသည်။
You may also like these stories:
ရောဂါပိုး ပျံ့နေသော်လည်း ကိုဗစ်ထိန်းချုပ်မှု လျှော့ချပြီး တရုတ်တွေ ခရီးသွားဖို့ ပြင်
တရုတ်ဈေးကွက်ပြန်ရလာသည့် မြန်မာ့ပြောင်း အခြေအနေကောင်းများရှိလာနိုင်
လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး ကျဆင်းလာဟု လုပ်ငန်းရှင်များဆို