စစ်ကိုင်းတိုင်း အင်းတော်ဒေသရှိ ရွှေမျော လုပ်ကွက်တချို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လယ်ယာမြေများ ပျက်စီး လာသည်ဟုဆိုကာ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( ပ အ ဖ) က ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ ပိတ်ထားလိုက်ကြောင်း သိရသည်။
အင်းတော်မြို့နယ် မဲဇာချောင်းအတွင်း ရွှေတူးဖော်မှုများလုပ်ဆောင်ရာတွင် စက်ယန္တရားကြီးများ အသုံးပြုလုပ်ကိုင် နေ သောကြောင့် ချောင်းတိမ်ကောလာပြီး အဆိုပါချောင်းကို မှီခိုနေရသော လယ်ယာမြေများ ထိခိုက်လာမည်ကို စိုးသော ကြောင့် တားမြစ်ထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် စွန့်ပစ်မြေဇာကို အနီးဝန်းကျင်ရှိ လယ်ယာမြေများပေါ်သို့ စွန့်ပစ်ရာတွင် ယင်းစွန့်ပစ်မြေဇာများမှ ဓာတ်သတ္တုများကြောင့် လယ်ယာမြေပျက်စီးကာ စိုက်ပျိုး၍ မရတော့သောကြောင့် ဖြစ်ကြောင်း သိရ သည်။
အင်းတော်မြို့နယ် ပ အ ဖ တာဝန်ခံ တဦးက ရွှေမျောလုပ်ကိုင်ခွင့်ချပေးရာတွင် စစ်ဘေးရှောင်ဖြစ်ပါက တလုံးထိုး အင်ဂျင်ဖြင့် တူးဖော်ခွင့်ပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ခွင့်ပြုသောကြောင့် ချပေးခဲ့ခြင်း ဖြစ်သော်လည်း လက်တွေ့တွင် ၁၀လုံးထိုးအင်ဂျင်များဖြင့် စုပ်ယူတူးဖော်နေခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက “အခုက ချောင်းထဲမှာတင် ရေလည်ပြီး စုပ်တာမဟုတ်ဘူး။ ဘေးက လယ်မြေယာမြေ တွေကို ပိုက်ဆံတွေနဲ့ ဝယ်။ ပြီးတော့ အကုန်လုံး လယ်မြေ ယာမြေတွေကို ပျက်စီးအောင် လုပ်နေတာပါ။ ဒီဟာတွေကို မတားရင် ဒေသမှာ စိုက်စရာ မြေကြီးဆိုတာ မကျန်ဘဲ နေတော့မှာပါ။ ဒါကြောင့်မို့ ကျနော်တို့က ဒီဟာတွေကို တား ထားရပါတယ်။ ပထမတုန်းက ရိုးရိုးသားသား စစ်ဘေးရှောင်ထင်လို့ ကျနော်တို့က လုပ်ပေးလိုက်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက အင်းတော်မြို့နယ်အတွင်းရှိ ရွှေမျောလုပ်ကိုင်သူများကို ပ အ ဖ မှ ပိတ်ထား ခဲ့ရာတွင် ရွှေမျောလုပ်ကိုင်သူများက ၎င်းတို့သည် တနိုင်တပိုင် လုပ်ကိုင် စားသောက်သည့် စစ်ဘေးရှောင်များ ဖြစ်သည်ဟု NUG၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြခဲ့သောကြောင့် မြို့နယ် ပ အ ဖ မှ ပြန်လည် လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ၎င်းက “သူတို့ရဲ့ ရင်းနှီးထားတာတွေက လူတဦးတယောက်ကို ကျပ် သိန်း ၂၀၀ နဲ့ ၃၀၀ လောက် ရင်းနှီး ထားတာတွေ ရှိတယ်လို့လည်း ကျနော်သိတယ်ဗျ။ ခက်ခက်ခဲခဲ စစ်ဘေးရှောင် အမှန်တကယ်ဆိုရင် ကျနော်တို့သည် စစ်ဘေးရှောင်စခန်းတို့မှာ စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ စစ်ဘေးရှောင် မဟုတ်ပါဘူးဗျ။ မဲဇာချောင်းမှာ လာပြီးတော့ ရွှေလုပ်တဲ့သူတွေပါ”ဟု ဆိုသည်။
ထိုကြောင့် လက်တလောတွင် ရွှေမျော လုပ်ကိုင်သူများကို တားမြစ်ထားခြင်း ဖြစ်ကြောင်း၊ ယခင် ရွှေမျော လက်လုပ် လက်စားလုပ်ကွက်များ ချပေးစဉ်က ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း တလုံးထိုး စက်တလုံးလျှင် ဒဏ်ကြေး ကျပ် ၅ သိန်းနှင့် တလုံးထက်ပိုပါက ဒဏ်ကြေး ကျပ် ၇ သိန်း ကောက်ခံကာ လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ခွင့်ပြုပြီးနောက် မဲဇာချောင်းအတွင်းရှိ ရွှေမျောလုပ်ကွက်များကို စီစစ်ရာတွင် လုပ်ကိုင်သည့် ရွေမျောပေါင်း ၁၇၀ နီးပါးကို တွေ့ရှိရသော်လည်း ဒဏ်ကြေးပေးဆောင်သည့် ရွှေမျော လုပ်ငန်းရှင်မှာ ၅၉ ဦးသာ ရှိသောကြောင့် ဝန်ကြီး ဌာနသို့ တင်ပြရာတွင် ဝန်ကြီးဌာနမှ မြေပြင်နှင့် ကိုက်ညီမှုမရှိလျှင် တာဝန်ရှိပုဂ္ဂိုလ်များက စိစစ်ဆောင်ရွက်ပေးရန် ပြောကြားလာသောကြောင့် ရွှေမျောလုပ်ကွက်အားလုံးကို ပိတ်သိမ်းရခြင်း ဖြစ်ကြောင်း ဆိုသည်။
အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ NUG ပြောရေးဆိုခွင့်ရှိသူက NUG စိုးမိုးနယ်မြေများတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ)များကို အခွန်အကောက်နှင့် ပတ်သက်၍ လုပ်ပိုင်ခွင့် ပေးထားကြောင်း ဆိုသည်။
လက်ရှိတွင် အင်းတော်မြို့နယ်အတွင်းရှိ ရွှေမျောလုပ်ကွက်များကို ပိတ်ထားသည်မှာ ၁ လဝန်းကျင် ရှိနေပြီဖြစ်သော ကြောင့် လုပ်ငန်းရှင်များ ဘက်ကလည်း ရွှေမျောလုပ်ကွက်များ ပြန်လည် ခွင့်ပြုပေးရန် NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနသို့ မြို့နယ် သယံဇာတ ကော်မတီမှတဆင့် အသနားခံစာ တင်ပြထားကြောင်း သိရသည်။
အင်းတော်မြို့ရှိ ဒေသခံ ရွှေမျော လုပ်ငန်းရှင် တဦးက “အခု ရွှေမျောလုပ်တဲ့သူတွေက စစ်ဘေးရှောင် လို့လည်း ပြောလို့ရ တယ်။ အသေးစားလုပ်ငန်းရှင်လို့လည်း ပြောလို့ရတယ်” ဟုဆိုသည်။
ပအဖ ဘက်မှ တူးဖော်လုပ်ကိုင်ခွင့် ချပေးသောကြောင့် လုပ်ငန်းရှင်များဘက်မှလည်း ငွေကြေးများ ကို ၅ သိန်းတဖြတ်၊ ၇သိန်းတဖြတ် ပေးဆောင်ခဲ့ရပြီး ယခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် မျော လုပ်ငန်းကို ပအဖ ဘက်မှ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အထက်ပါလုပ်ငန်းရှင်က ဆက်လက်၍ “ပြီးခဲ့တဲ့ ၅ လပိုင်း မှာ ၅ သိန်း တဖြတ်ပေးရတာ မျောပေါင်း ၃၀၀ လောက်ရှိ တယ်။ ၈ လပိုင်းမှာက ၇ သိန်း တဖြတ် ပေးရတာရှိတယ်။ နောက် ၁၂ လပိုင်းနဲ့ အခုနှစ် ၁ လပိုင်းကြားမှာက ၇ သိန်း တဖြတ် အဲ့လို ပေးရတယ်။ ၃ ကြိမ်ပေးထား ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ လုပ်နေသော ရွှေမျော လုပ်ငန်းရှင်များ သည် တနိုင်တပိုင် အသေးစား လုပ်ငန်းရှင်များ ဖြစ်သလို စစ်ဘေးရှောင် များလည်း ဖြစ်ကြောင်း၊ ဒဏ်ကြေးလည်း ပေးဆောင်ထားပြီး တခြားသော ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ရွှေမျောမှ ရရှိသည့် ငွေဖြင့် ထောက်ပံ့ပေးနေကြောင်း၊ လက်ရှိတွင် လုပ်ငန်းများ ပိတ်ခံထားရသဖြင့် စားဝတ်နေရေး ကျပ်တည်းလာ သောကြောင့် လုပ်ကိုင်သူ ၂၀၀ခန့်က ဝန်ကြီးဌာနသို့ အသနားခံစာ တင်ထားကြောင်း ၎င်းက ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “သယံဇာတက စိုက်ပျိုးရေးကို အခြေခံတယ်ဆိုတဲ့ပုံစံမျိုးနဲ့ လယ်ယာ၊ ချောင်းမြောင်းတွေ ပျက်တယ် ဆိုတဲ့ ပုံစံနဲ့ ပိတ်လိုက်တာပါ။ ပိတ်လိုက်တော့ စားရေး သောက်ရေးတွေပါ ခက်လာတယ်။ ဂိတ်တွေကလည်း စစ်တပ်က စီးထားတော့ ပြန်လို့မရဘူး။ ရွှေလုပ်ငန်းရှင်တွေက ခက်ခဲလာတော့ ဒီလိုနေလို့ မဖြစ်ဘူး အသနားခံစာတင်ရအောင်ဆိုပြီး ဝိုင်းဝန်းပြီး တင်ကြတာ”ဟု ပြောသည်။
ရွှေမျောလုပ်ငန်းရှင်များဘက်မှ မဲဇာချောင်းအတွင်း လုပ်ကိုင်နေသော လုပ်ငန်းရှင်၂၀၀ ကျော် အားလုံးက ဒဏ်ကြေးများ ကို အပြည့်အဝဆောင်ထားကြောင်း ပြောဆိုသော်လည်း မြို့နယ် ပ အ ဖ ဘက်မှ ၅၉ ခုသာ စာရင်းရှိကြောင်း ပြောဆို ထားသည်။
သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအကြောင်းပြကာ ပိတ်လိုက်ခြင်းဖြစ်သည်ဟုဆိုသော်လည်း အခြားတဖက်တွင် ကောက်ခံ ရရှိသည့် ဒဏ်ကြေးကွာဟမှု ပြဿနာ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “မျောလုပ်ငန်းတွေ ပိတ်သွားတဲ့ အခါကျတော့ တော်တော်လေးကျပ်တည်းသွားကြတယ်။ သဘာဝသယံဇာတ သတ္တုတူးဖော်ရေး ကော်မတီ က နုတ်မိန့်နဲ့ ပိတ်သွားတယ်။ အဓိကတော့ဗျာ မြို့နယ် ပအဖ တွေ ပကဖတွေနဲ့ ပြဿနာလေး ရှိတယ်။ အဲ့ဒီမှာ မြို့နယ်ကော်မတီက ကောက်ခံထားတဲ့ ဒဏ်ကြေးဆိုတဲ့ နေရာမှာ တော်တော်လေး ကွာဟထားတာ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် အင်းတော်မြို့နယ်နည်းတူ ဗန်းမောက်မြို့နယ်တွင် ရွှေတူးဖော်မှုများ လုပ်ကိုင်ခြင်း ရှိသော်လည်း ဗန်းမောက်မြို့နယ် တွင် ဒဏ်ကြေးမှာ သောင်းဂဏန်းသာ ရှိပြီး အင်းတော်မြို့နယ်တွင် သိန်းဂဏန်းထိ ကောက်ခံနေခြင်း ဖြစ်သည်။
You may also like these stories:
စစ်ကိုင်းတိုင်းမှာ တရားမဝင် ရွှေလုပ်ကွက်တွေ ဘာကြောင့် များနေတာလဲ
စစ်ကောင်စီက ဥရုချောင်းအတွင်း ရွှေမျောလုပ်ကွက်များကို ချပေးနေ
အာဏာသိမ်းပြီးနောက် ချင်းတွင်းမြစ်တလျှောက် တရားမဝင်စီးပွားဖြစ် ရွှေမျှောလုပ်သူများလာ