ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဒုဥက္ကဋ္ဌ ဦးမျိုးဇော်ဟိန်း မတ်လ ၇ ရက်နေ့တွင် ပဲခူးတိုင်းအရှေ့ပိုင်းသို့ မဲဆွယ်ခရီးထွက်သောအခါ သူနှင့်အတူ ဦးသိန်းစိန်အစိုးရလက်ထက် တိုင်းရင်းသားများနှင့် မအောင်မြင်သော ငြိမ်းချမ်းရေး ညှိနှိုင်းမှုကို ဦးဆောင်သူ ဦးအောင်မင်း၏သား ဦးထူးခြားအောင်လည်း လိုက်ပါလာသည်။
ဒေါက်တာ ထူးခြားအောင်သည် တပ်မတော်ဆေးတက္ကသိုလ်မှ ဘွဲ့ရသည်။ သူသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း လွှတ်တော်အတွက် ယှဉ်ပြိုင်ရန် စစ်တပ်မှထွက်သော်လည်း ရွေးကောက်ပွဲ ရှုံးခဲ့သည်။
USDP ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီ ပြီးခဲ့သည့် ဒီဇင်ဘာလက ပဲခူးတိုင်းတွင် မဲဆွယ်သောအခါ ဦးအောင်မင်းလည်း လိုက်ပါလာသည်။ သူသည် စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲဝင်မည့် သူ့သားကို ထောက်ခံမှုရရန် လိုက်လာသည်ဟု လေ့လာသူများက ပြောသည်။ ဦးအောင်မင်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် USDP အတွက် ကယားပြည်နယ်မှ ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။
ဦးအောင်မင်းသည် ၂၀၀၂ ခုနှစ်က ဗိုလ်ချုပ်အဆင့်မှ အငြိမ်းစားမယူမီ စစ်တပ်တွင် ၃၅ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်ဝတ်စုံချွတ်ပြီးနောက် သူသည် ယခင်စစ်အုပ်စုတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မီးရထားဝန်ကြီးလုပ်ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလတွင်တက်သော အရပ်သားအစိုးရအတုတွင်လည်း ဝန်ကြီးလုပ်သည်။
၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် သူ့ကို သမ္မတရုံးဝန်ကြီးခန့်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးဆောင်ရန် လုပ်ပိုင်ခွင့် ပေးခဲ့သည်။
ထိုလုပ်ပိုင်ခွင့်အရ သူသည် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကို ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်သည်။ သို့သော် ထိုဖိတ်ခေါ်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် အင်အားကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်များက လက်မခံဘဲ စစ်တပ်အတွင်း သဘောထား ကွဲလွဲမှုများကြောင့် ရပ်ဆိုင်းသွားသည်။
၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရလာပြီးနောက် ဦးအောင်မင်းသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားပြီး လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ပဲခူးတွင် ကျင်းပသည့် USDP အခမ်းအနားတခုတွင် ပြန်ပေါ်လာသည်။
သူသည် ယခုအခါ စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲတွင် သူ၏နိုင်ငံရေးနှင့် စစ်ဘက် အဆက်အသွယ်များမှတဆင့် သူ၏သား အကျိုးခံစားပြီး အာဏာရရန် လုပ်ဆောင်နေသည်ဟု လေ့လာသူများက ယူဆကြသည်။
You may also like these stories:
ဦးခင်ရီကို USDP လုပ်ဖော်ကိုင်ဘက်ဟောင်းများ ထောက်ခံ
ဂျပန်မှ စစ်ကောင်စီလော်ဘီ USDP ကို ထောက်ခံအရောဝင်
USDP ဥက္ကဋ္ဌက တော်လှန်ရေးကို ချေမှုန်းရန် ကတိပြု