စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်ဒေသတွင် အရပ်သား ပြည်သူများကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား ထောက်ပံ့သည်ဟု ဆိုကာ ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိပြီး ယနေ့ချိန်ထိ အဖမ်း ခံရသူဦးရေမှာ အယောက် ၂၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (ပကဖ) ၂ ဦး မတ်လ ၃ ရက်က ဖမ်းဆီးခြင်းခံရပြီးနောက် ၎င်းတို့ တွင် ပါရှိသော အလှူရှင်စာရင်းအရ စစ်ကောင်စီက ယခုလို ဖမ်းဆီးမှုများကို ဆက်တိုက်ပြုလုပ်လာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် စာရင်းတွင် ပါရှိသောသူများအနေဖြင့် ကြိုတင်ရှောင်ထားရန် လိုအပ်ကြောင်း အင်းတော်မြို့နယ် Indaw Revolution- IR ၏ ပြန်ကြားရေး တာဝန်ခံက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဖမ်းဆီးခံရတဲ့သူတွေထဲမှာ CDM ဆရာမ ၃ ယောက်ပါတယ်။ ပကဖ ရဲဘော် နှစ်ယောက် မြို့ထဲမှာ အဖမ်းခံလိုက်ရပြီး အလှူရှင်စာရင်းတွေ ပါသွားတယ်။ အဲဒီကနေတဆင့် ဖမ်းဆီးနေတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာမှာလဲ တင်ထား တယ်” ဟု ဧရာဝတီသို့ပြောသည်။
လက်ရှိတွင် ထိုသို့ အဖမ်းအဆီးများ ပြုလုပ်နေသဖြင့် အင်းတော်မြို့ရှိ ဈေးဆိုင်ခန်းများ ပိတ်ထားပြီး တိမ်းရှောင်နေကြ သူများလည်း ရှိကြောင်းလည်း ပြောသည်။
၎င်းကဆက်၍ “လတ်တလော အင်းတော်မှာတော့ ဈေးဆိုင်ခန်း တချို့လည်း ပိတ်ထားတယ်။ မြို့ထဲမှာလည်း လူသွားလူလာရှင်းနေတယ်။ အကုန်လုံးက တိမ်းရှောင်နေရတယ်” ဟုဆိုသည်။
ထိုသို့ ဖမ်းဆီးမှုများကို စစ်ကောင်စီတပ် ခမရ ၁၈၆ က ပြုလုပ်နေခြင်းဖြစ်ကာ အဖမ်း ခံရသူများ အနေဖြင့် ရိုက်နှက်နှိပ်စက် ခံရသူများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။
အင်းတော် ဒေသခံတဦးက “မတ်လ ၅ ရက်တုန်းက ဒေသခံ အယောက် ၂၀ လောက် ဖမ်းတယ်။ ၂၂ ယောက်လို့ တော့ သတင်းရတယ်။ ညပိုင်းမှာတော့ ၆ ယောက်တော့ ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းတာတော့ ထောက်ပို့ကိစ္စမှာ ပါဝင်တယ်ဆိုပြီး ဖမ်းနေတာ။ ဖမ်းခံရပြီး ပြန် မလွတ်တဲ့အထဲ အမျိုးသမီးတွေလည်း ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အင်းတော်ဒေသတွင် စစ်ကောင်စီအနေနှင့် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြုလုပ်နေ သလို၊ အင်းတော်ဒေသ နားရခေါင်ရွာထဲနှင့် နားရခေါင်ဘုရားတောင်ပေါ်တွင်လည်း စစ်ကောင်စီတပ်များက တပ်စွဲခြင်းများ ပြုလုပ်နေကြောင်း နယ်မြေအခြေ အနေကို ၎င်းက ပြောသည်။
ယခု မိုင်းခွန်ရွာကားလမ်းဘေးတွင် ငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်မှာ အင်းတော်မြို့နယ်တွင် စစ်ကြောင်းထိုးခြင်း၊ PDF အယောင်ဆောင်၍ ဓားပြတိုက်ခြင်းများ ပြုလုပ်လေ့ရှိသော စစ်ကောင်စီ၏ ခမရ ၃၀၁ နှင့် ခလရ ၄၁၆ တို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင်လည်း အင်းတော်မြို့ရှိ သားချောစာရေး ကိရိယာဆိုင်အား ဝင်ရောက်စီးနင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ပံ့ သည်ဟုဆိုကာ ဆိုင်ပိုင်ရှင် ဦးချစ်ကိုကို (ခ) ဦးဖိုးစီအား ဖမ်းဆီးခဲ့သလို၊ ဇန်နဝါရီ ၂၄ ရက်တွင်လည်း ဒေါ်သစ်ဆုံ စားသောက်ဆိုင်ပိုင်ရှင် ဇနီးမောင်နှ အား PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၆ ရက်တွင် ထုတ်ပြန်သော စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ် ကျော်ကာလအတွင်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူ ၁ သောင်း ၆ ထောင်ကျော် ဖမ်းဆီးခံထားရပြီး ယင်းအထဲတွင် စစ်ကိုင်းတိုင်းမှ ၂ ထောင်ကျော် ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်တပ်က သတ်သွားသည့် တာတိုင်ရွာဒေသခံ ၁၇ ဦး အလောင်း ပြန်တွေ့
ကန့်ဘလူနယ်တွင် တနေ့တည်း ဒေသခံ ၉ဦး မိုင်းထိ၊ ကလေးတဦး သေဆုံး
ကသာနယ်တွင် စစ်ကြောင်းထိုးသဖြင့် ဒေသခံ ၃ထောင်ကျော် ထွက်ပြေးနေရ