စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ခေါင်းဆောင် ဦးခင်ရီကို ၂၀၁၀-၁၅ ခုနှစ်အတွင်း အရပ်သားတပိုင်းအစိုးရတွင် တာဝန်ယူခဲ့ကြသည့် သူ၏ လုပ်ဖော်ကိုင်ဘက် ဝန်ကြီးဟောင်းများက ထောက်ခံကြသည်။
အောက်တိုဘာလတွင် ပါတီခေါင်းဆောင်အဖြစ် ခန့်အပ်ခံရပြီးနောက် ဦးခင်ရီသည် ခရီးကျယ်ကျယ်ပြန့်ပြန့် သွားနေပြီး အမျိုးသားရေး မီးမွှေးခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ရှုတ်ချခြင်းနှင့် ခုခံတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရန် ပါတီဝင်များကို အားပေးခြင်းတို့ လုပ်နေသည်။
သူ့ကို လာရောက် လုပ်ကြံရန် ခုခံတော်လှန်ရေး အင်အားစုများကို စိန်ခေါ်ပြီး အချိန်တန်လျှင် အတူတကွ ပြန်လည်တိုက်ခိုက်ရန် USDP ပါတီဝင်များကို ဦးခင်ရီက တိုက်တွန်းသည်။
သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်း၊ ပဲခူးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဇော်မင်းတို့သည် ဦးခင်ရီကို ဒီဇင်ဘာလ ၉ ရက်နေ့က ပဲခူးတိုင်းတွင် တွေ့ဆုံသည်။ ထို ၃ ဦးလုံးက စိတ်အားထက်သန်စွာ အကူအညီပေးကြသည်ဟု ဦးခင်ရီက သူ၏ Facebook တွင် ရေးသားသည်။
USDP ပါတီဝင်များ၏ အသည်းနှလုံးတွင် ခြင်္သေ့စိတ်ဓာတ် ခပ်နှိပ်ထားကြောင်း ဦးခင်ရီက ပြောကြားပြီး ပါတီသည် ဂုဏ်ယူစရာတခုဖြစ်ကြောင်းလည်း ပြောသည်။ ထိုပါတီ၏ အမှတ်တံဆိပ်သည် ခြင်္သေ့ဖြစ်သည်။
အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်တွင် ဦးခင်ရီသည် ရဲချုပ်ဖြစ်ပြီး ဦးအောင်မင်းသည် မီးရထားဝန်ကြီး ဖြစ်သည်။ ဦးဉာဏ်ဝင်းသည် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး ဗိုလ်ချုပ် ဇော်မင်းသည် ကရင်ပြည်နယ် အစိုးရခေါင်းဆောင် ဖြစ်သည်။ သမ္မတဟောင်း ဦးသိန်းစိန်ခေတ်တွင် ဦးခင်ရီသည် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဖြစ်လာသည်။ ၎င်းတို့ ၄ ဦးသည် ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လုပ်ကိုင်ကြသည်။ ဦးအောင်မင်းသည် ထိုစဉ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းရေးမှူးချုပ် ဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် အခြားသူ ၃ ဦးသည် လူမြင်ကွင်းသို့ မထွက်ကြတော့ပေ။ သို့သော် ဦးခင်ရီသည် စစ်အုပ်စုအဆက်ဆက်တွင် လူယုံဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြံစည်ရာတွင် USDP ဒု ဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့သည်။ သူသည် USDP ဒုဥက္ကဋ္ဌတာဝန်ယူပြီး စစ်တပ်ထောက်ခံပွဲများလုပ်ကာ ၂၀၂၁ အာဏာသိမ်းမှုကို စီစဉ်သူ ဖြစ်သည်။ ထိုစစ်တပ်ထောက်ခံပွဲများသည် ရန်ကုန်တွင် ရုတ်ရုတ်သဲသဲဖြစ်ပြီး ၎င်းတို့ကို ဆန့်ကျင်သူများအား ထိုးကြိတ်ပြီး ဓားဖြင့်ထိုးသည်။
ထို့နောက် မင်းအောင်လှိုင်၏ စစ်ကောင်စီတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ခန့်အပ်ခံရပြီးနောက် လာမည့်နှစ်တွင် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲတွင် USDP ကို ဦးဆောင်ရန် ရာထူးမှ ပြန်လည်နုတ်ထွက်သည်။
ဦးအောင်မင်းနှင့် ဦးဇော်မင်းတို့သည် စစ်ကောင်စီအခမ်းအနားများသို့ တက်ရောက်ကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ရထားသောကြောင့် USDP သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတခန့်ရန် ကိုယ်စားလှယ်နေရာ အလုံအလောက်ရမည်ဟု မျှော်လင့်နေသည်။
You may also like these stories:
ဂျပန်မှ စစ်ကောင်စီလော်ဘီ USDP ကို ထောက်ခံအရောဝင်
ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ်က ဘယ်လိုလူမျိုးလဲ
စစ်ကောင်စီနှင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ဖို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ် ဦးခင်ရီပြော
USDP ဥက္ကဋ္ဌက တော်လှန်ရေးကို ချေမှုန်းရန် ကတိပြု