မကြာခင်ကျရောက်တော့မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းနေသည့် အာဏာသိမ်း စစ်ကောင်စီက ခရိုနီကုမ္ပဏီများကိုပါ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရန် တွန်းအားပေးလျက် ရှိကြောင်း သိရသည်။
စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများတွင် ယခင်သင်္ကြန်ပွဲတော်များ ကျင်းပခဲ့စဉ်ကကဲ့သို့ စီးပွားရေးလုပ်ငန်းကြီးများ၏ မဏ္ဍပ်များ တည်ဆောက်ရန်အတွက် ပါမစ်များချပေးနေသော်လည်း အများစုမှာ ပြည်သူလူထု၏ သပိတ်မှောက်မှုခံရမည်စိုးသဖြင့် မလုပ်ချင်ကြကြောင်း ရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “စီးပွားရေးသမားတွေက မဏ္ဍပ်ထိုးရမှာစိုးလို့ တရားစခန်း၊ ဒုလ္လဘဝတ်မယ်ဆိုပြီး အကုန်ပတ်ပြေးနေကြတာ” ဟု ဆိုသည်။
ဦးကျော်ဝင်း ပိုင်ဆိုင်သော ရွှေသံလွင်ကုမ္ပဏီအုပ်စုသည် စစ်အာဏာသိမ်းမှုမဖြစ်ခင်ကာလ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ချိန်များ၌ ရန်ကုန်နှင့်နေပြည်တော်တို့တွင် သင်္ကြန်မဏ္ဍပ်များ နှစ်စဉ်တည်ဆောက်ကာ ဖျော်ဖြေရေးအစီအစဉ်များ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့၏ Sky Net မဏ္ဍပ်များမှာ လူသိများသည့်မဏ္ဍပ်များ ဖြစ်သည်။
မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်နီးစပ်သည့် လုပ်ငန်းရှင်တဦးက “ဦးကျော်ဝင်း(ရွှေသံလွင်) တို့ဆိုရင် သင်္ကြန်ပွဲ အတွက် Shwe Bank အနေနဲ့ ပိုက်ဆံလှူပါမယ်၊ စပွန်ဆာပေးပါမယ်ပေါ့။ ဒါပေမဲ့ ကုမ္ပဏီနာမည်တော့ မထည့်ပါနဲ့ဆိုပြီး ပြောထားရတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုအချက်နှင့်ပတ်သက်၍ ဧရာဝတီက သီးခြား အတည်ပြုချက် ဖော်ပြနိုင်ခြင်းမရှိသေးပါ။
တခြားသော နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်အများစုသည်လည်း စစ်ကောင်စီက ကျင်းပမည့် သင်္ကြန်ပွဲတော်ကို နောက်ကွယ်မှသာ ငွေကြေးထောက်ပံ့မှု လုပ်ဆောင်လိုကြပြီး ရှေ့ထွက်မလုပ်ချင်ကြကြောင်း ဧရာဝတီသတင်းရင်းမြစ်အချို့က ဆိုသည်။
၎င်းတို့၏ ပြောပြချက်အရ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ညီအစ်ကိုတော်စပ်သူ ဦးနေ အောင်ပိုင်ဆိုင်သော IGE ကုမ္ပဏီအုပ်စု၊ ဦးကျော်ဝင်းပိုင်ဆိုင်သော ရွှေသံလွင်ကုမ္ပဏီအုပ်စု၊ ဦးခင်မောင်အေးပိုင်ဆိုင်သော စီဘီကုမ္ပဏီအုပ်စု စသည့် ခရိုနီကုမ္ပဏီများအနေဖြင့် ကုမ္ပဏီတွင်း သီးသန့်သင်္ကြန်ပွဲများပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဖျော်ဖြေပွဲစီစဉ်သည့်လုပ်ငန်း လုပ်ကိုင်နေသော အသက် ၃၀ အရွယ် လူငယ်တဦးက “ဒီကာလကြီးမှာ ဘယ်သူကမှ သိပ်ပြီး အပြင်မှာထွက်ပြီး မကဲချင်ကြဘူး။ အဓိကက လုံခြုံရေးအခြေအနေအရပေါ့။ အခုက ဟိုတယ်တွေနဲ့ ကလပ်တွေမှာပဲ သင်္ကြန် Vibe၊ Private ပွဲတွေလုပ်ဖို့ စီစဉ်နေကြတာများတယ်။ မနှစ်ကလည်း ဒီလိုပဲလုပ်ခဲ့ကြတာပဲလေ” ဟု ပြောသည်။
စစ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံ၏ အစည်ကားဆုံးပွဲတော်တခုဖြစ်သော သင်္ကြန်ပွဲတော်ကို ၂၀၂၀ တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် မကျင်းပနိုင်ခဲ့သလို ၂၀၂၁ တွင်လည်း စစ်တပ်ကအာဏာသိမ်းမှုကြောင့် သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
၂၀၂၂ ခုနှစ်တွင်မူ အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို ပြန်လည်ကျင်းပခဲ့သော်လည်း ပြည်သူအများစုက ရေမကစားဘဲ တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသခဲ့ကြရာ ၂၀၂၂ သင်္ကြန်၌ လည်ပတ်သူ မရှိသဖြင့် တပ်ထောက်ခံသူများနှင့် အစိုးရဝန်ထမ်းများကိုစုစည်းပြီး ကားဖြင့်တင်ကာ သင်္ကြန်မဏ္ဍပ်များသို့ လိုက်လံ ပို့ဆောင်ခဲ့ရသည့် အခြေအနေ ဖြစ်ခဲ့သည်။
ယခုတွင်လည်း စစ်ကောင်စီသည် ၂၀၂၃ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ရေကစားမဏ္ဍပ်များ တည်ဆောက်မည်ဆိုပါက အခွန်ပေးဆောင်စရာမလိုဘဲ ဆောက်လုပ်ခွင့်ပြုကြောင်း ဖိတ်ခေါ်ထားသည်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော အင်အားစုများဘက်ကလည်း စစ်ကောင်စီကျင်းပမည့် သင်္ကြန်ပွဲတော်အား ပါဝင်ဆင် နွှဲခြင်းမပြုရန်၊ သင်္ကြန်ကာလအတွင်း စစ်တပ်နှင့် ဆက်နွယ်ပတ်သက်နေသည့် ကုန်ပစ္စည်းများ၊ ခရီးသည်တင်ယာဉ်လိုင်း များနှင့် ဟိုတယ်များကို အသုံးမပြုဘဲ သပိတ်မှောက်ရန် တိုက်တွန်းထားသည်။
You may also like these stories:
သင်္ကြန်ပွဲတော် စည်ကားစေရန် စစ်ကောင်စီ ကြိုးပမ်းနေ
သင်္ကြန်ကာလ နိုင်ငံပြင်ပ ထွက်လည်မည့်သူများပြား
အာဏာသိမ်း စစ်ကောင်စီ သင်္ကြန် ရီဗျူး
စစ်တပ်ရဲ့ အမြစ်ဖြတ်မှုကို ရုန်းကန်တော်လှန်တဲ့ သင်္ကြန်သံချပ်