စစ်ကောင်စီတပ်များသည် ဧပြီလ ၃၀ ရက်နှင့် မေလ ၁ ရက်နေ့များတွင် စစ်ကိုင်းမြို့နယ်မှ အနည်းဆုံး ကျေးရွာခြောက်ရွာကို ဝင်ရောက်စီးနင်းပြီး ခုခံတော်လှန်ရေးသမားတဦးကို ဦးခေါင်းဖြတ်သတ်ခဲ့သည်။
စစ်ကောင်စီတပ်က မေလ ၁ ရက်နေ့တွင် စီးနင်းတိုက်ခိုက်ပြီးနောက် သူ၏အလောင်းကို ဝမ်းဗိုက်ဒဏ်ရာဖြင့် တအိမ်တဲကျေးရွာတွင် တွေ့ရခြင်းဖြစ်သည်ဟု ဒေသခံ ခုခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
“သူ့ရဲ့အူတွေ ထွက်ကျနေတယ်။ သူ့ရဲခေါင်းကို ၃ ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ တွေ့ရတာ” ဟု ၎င်းကပြောသည်။
ဧပြီလ ၃၀ ရက်နေ့တွင် ရွာမကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းသောအခါ ခုခံတော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲဖြစ်ပြီး အခြားခုခံတော်လှန်ရေးသမားတဦးလည်း ကျဆုံးသည်။
ရွာမကျေးရွာတွင် ခိုလှုံနေသည့် ဒေသခံအနည်းဆုံး ၁၀၀ ကိုလည်း စစ်ကောင်စီတပ်များက ဖမ်းဆီးထားကြောင်း သတင်းရင်းမြစ်တခုက ပြောသည်။
အချို့မှာ ညှဉ်းပန်းနှိပ်စက်ခံနေရပြီး သုံးဦးဆေးကုသမှု ခံယူနေရသည်ဟုလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
တအိမ်တဲရွာမှ နေအိမ် အနည်းဆုံး ၁၅ လုံးကို စစ်ကောင်စီတပ်က မေလ ၁ ရက်နေ့တွင် မီးရှို့ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်များသည် မြိုင်လယ်၊ မောင်းထောင်၊ လက်ပံသာနှင့် ထိန်းကုန်းကျေးရွာများကိုလည်း စီးနင်းခဲ့သည်။
အင်အား ၁၅၀ ခန့်ရှိသော စစ်ကောင်စီတပ်များတွင် ပျူစောထီး ခါးပိုက်ဆောင်တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။ ထိုတပ်ဖွဲ့များသည် အမေလ ၂ ရက်နေ့တွင် စစ်ကိုင်းမှ အနီးရှိ မြင်းမူသို့ ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းမှ ခုခံတော်လှန်ရေးအမာခံဒေသများကို စီးနင်းတိုက်ခိုက်နေပြီး ခုခံတော်လှန်ရေး အဖွဲ့ဝင်များနှင့် အရပ်သားများကို သတ်ဖြတ်နေသည်။
“သူတို့က လူတွေကြောက်လန့်အောင် လုပ်နေတာ။ ဒါပေမယ့် ကျနော်တို့ကို ဒီလိုခြိမ်းခြောက်လို့မရဘူး။ တော်လှန်ရေး ပြီးတဲ့အချိန်အထိ သူတို့ကို ဆက်လက်တိုက်ခိုက်မယ်” ဟု ခုခံတော်လှန်ရေး အဖွဲ့ဝင်တဦးက ပြောသည်။
ထိုဒေသရှိ ခင်ဦးမြို့နယ် သံဘိုကျေးရွာမှ ခုခံတော်လှန်ရေးအဖွဲ့ဝင် တဦးသည်လည်း မတ်လ ၁၃ ရက်နေ့တွင် ဦးခေါင်းဖြတ်သတ်ခံခဲ့ရသည်။
တပ်မ ၉၉ မှ စစ်သား ၁၀၀ ခန့်ပါသော စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းရှိ အရာတော်၊ မြင်းမူနှင့် စစ်ကိုင်းမြို့နယ်များတွင် စီနင်းတိုက်ခိုက်မှု အများအပြား လုပ်ဆောင်နေသည်။
ထိုတပ်သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၅ ရက်အတွင်း ခုခံတော်လှန်ရေးအဖွဲ့ဝင် ၂၀ ကို သတ်ဖြတ်ဦးခေါင်းဖြတ်ပြီး ဖမ်းဆီးထားသည့် အမျိုးသမီး သုံးဦးအပါအဝင် အရပ်သား ၁၆ ဦးကို အစုလိုက်အပြုံလိုက် သတ်သည်။ အမျိုးသမီးများကို မသတ်ဖြတ်မီ အဓမ္မ ပြုကျင့်ခဲ့သည်ဟုဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Resistance Fighter Beheaded in Sagaing ကို ဘာသာပြန်သည်။)
You may also like these stories:
ဗိုလ်ဆင်ရိုင်းကို ဦးခေါင်းဖြတ်သည့် သက်သေမှတ်တမ်းထွက်လာ
ခင်ဦးတွင် စစ်တပ်က PDF တဦးကို ခေါင်းဖြတ်သတ်ပြီး သစ်ပင်၌ ချိတ်ဆွဲထားခဲ့
တာတိုင်ရွာက လူသတ်မုဒိမ်းမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ
စစ်ကောင်စီ၏ ၂၀၂၂ အဆိုးရွားဆုံး အစုအပြုံလိုက် သတ်ဖြတ်မှုများ
မုံရွာ၊ ထန်းလေးပင်ရွာတွင် သတ်ဖြတ်ခံရသူ ၁၈ဦးတွေ့
မြန်မာတွင် လွတ်နေသော ငရဲခွေးများကို မည်သူတားဆီးမည်နည်း