မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းမြှာရွာအနီး လမ်းဘေးတွင် လက်ပြန်ကြိုးတုပ်လျက် အသတ်ခံရထားသည် အမျိုးသား ၂ဦး၏ အလောင်းကို မေလ ၁၀ ရက်တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက “ငါန်းဇွန်မြို့အနောက်ဘက် ငါန်းမြှာကားလမ်းပေါ် ကတ္တရာလမ်းဘေး ငါန်းလွန့်ကျေးရွာဆိုင်းဘုတ်နားမှာ တလောင်းတွေ့တယ်။ နောက်တလောင်းက အဲဒီရဲ့ အနောက်ဘက်နား သံကုန်းသွားတဲ့ မြေလမ်းပေါ်မှာ တွေ့ခဲ့ရတာ။ လက်ပြန်ကြိုးတုပ် မှောက်လျက်အနေအထားတွေ့တာ။ အလောင်းတွေကို စစ်တပ်နဲ့ ရဲတွေ လာသယ်သွားကြတယ်။ အခုထိ ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
သေဆုံးသူအမျိုးသားနှစ်ဦး၏ အမည်၊ နေရပ်များကို မသိရှိရသေးကြောင်း၊ အသက် ၃၅ ဝန်းကျင်အရွယ်များဖြစ်ပြီး အလောင်းများတွင် သေနတ်ဒဏ်ရာနှင့် ညှဉ်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများတွေ့ရကြောင်းလည်း သတင်းပေးသည့် ဒေသခံများ၏ ပြောပြချက်ကိုကိုးကား၍ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။
၎င်းက “တယောက်က နဖူးသေနတ်ဒဏ်ရာတွေ့တယ်။ နောက်တယောက်လည်း ရင်ဘတ်မှာ သေနတ်ဒဏ်ရာတွေ့တယ်၊။ သူတို့ကို မသတ်ခင်နှိပ်စက်ထားကြတယ်။ နားတွေကနေသွေးထွက်နေပြီး နားအုံတွေရိုက်ခံထားရတယ်လို့ သိရတယ်။ အလောင်းတွေ တွေ့တယ်လို့ ကျနော်တို့ဆီကို သတင်းရလို့ သွားကြည့်ဖို့ ပြင်ဆင်နေတုန်း စစ်တပ်က လာသယ်သွားတယ် ဆိုလို့ ဘယ်သူတွေဆိုတာ စုံစမ်းဖို့ရာခက်နေတာ” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၅ ရက်တွင် စစ်ကောင်စီခန့် ငါန်းမြှာကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၁ နှစ်အရွယ် ဦးသန်းဇော် (ခ) ဦးအောင်သန်းဇော်ဆိုသူသည် ရွာအတွင်းရှိ လက်ဖက်ရည်ဆိုင်မှအပြန် သေနတ်ဖြင့်ပစ်ခံရပြီး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့မှုနှင့် ဆက်စပ်နိုင်ကြောင်း ဒေသခံများကဆိုသော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါ အမျိုးသားနှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ငါန်းဇွန်မြို့နယ်၌ အများပြည်သူ သွားလာနေသည့် လမ်းဘေးတွင် မိုင်းထောင်ပြီး တံတားအား မီးရှို့ဖျက်ဆီးရန် ပြုလုပ်နေကြောင်း သတင်းရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုင်းထောင်ဖောက်ခွဲရန် ပြုလုပ်နေသူနှစ်ဦးကို တွေ့ရှိသည့် အတွက် စစ်ဆေးမေးမြန်းရန်ခေါ်ယူစဉ် ထွက်ပြေးသောကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။
ငါန်းဇွန်မြို့နယ် အပါအဝင် မြင်းခြံခရိုင်အတွင်းရှိ တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီးမြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ပျူစောထီးများ အသတ်ခံရတိုင်း စစ်တပ်နှင့်ရဲတို့က ကျေးရွာနေဒေသခံများကို ဖမ်းဆီးကာ ပြန်လည် သတ်ဖြတ်ပြလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
မေလ ၉ ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာမှ အမျိုးသား ၇ ဦး၊ ညောင်လေးပင်ကျေးရွာမှ အမျိုးသား ၁ ဦး၊ တောင်ရွာဘိုကျေးရွာမှ အမျိုးသား ၁ ဦး၊ နဘဲပင်ကျေးရွာမှ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးတို့ကိုလည်း အရပ်ဝတ် များ ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။
သားကျင်ကျေးရွာဒေသခံတဦးက “အကြောင်းပြချက်မရှိဘဲနဲ့ သံသယတွေနဲ့ လူတွေကို ထင်ရာစိုင်းပြီးဖမ်းနေကြတာ။ ၉ ရက်နေ့တရက်တည်း ရွာ ၄ ရွာကနေ ၁၁ ဦးထိကို ဖမ်းခံရတာ။ သံသယတွေနဲ့ ဖမ်းတာမျိုးပေါ့။ နဘဲပင်က ဖမ်းခံရတဲ့သူ တွေကတော့ ရွာကဘုန်းကြီးက တောင်းတောင်းပန်ပန်နဲ့ အာမခံပေးလို့ ခေါ်မသွားဘဲ တနေကုန်နီးပါး စစ်ဆေးတာတွေ လုပ်ခံကြရတယ်။ သားကျင်ရွာက အမျိုးသား ၄ ယောက်ဆိုရင် လက်ဖက်ရည်ဆိုင်ထိုင်နေကြတဲ့အချိန်မှာ နာမည်မေးပြီး တဝိုင်းတည်း ထိုင်နေသူတွေကို အကုန်ဖမ်းသွားတာ” ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးခံရသူများအနက် သားကျင်ကျေးရွာ လက်ဖက်ရည်ဆိုင်မှ ဖမ်းဆီးခံရသူ အမျိုးသား ၄ ဦးမှအပ ကျန်သူများ မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း၊ ထိုသို့ ပြန်လည်လွတ်မြောက်ရန်အတွက် ငွေကြေးပေးခဲ့ရမှုများလည်းရှိ ကြောင်း၊ ကျန်ရှိနေသည့် သားကျင်ကျေးရွာသား ၄ ဦးကို မြင်းခြံစစ်ကြောရေးသို့ ပို့ဆောင်ထားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
You may also like these stories:
နွားထိုးကြီး၌ စစ်တပ်က ရွာခံ ၃ ဦးကို သတ်၍ လမ်းဘေးစွန့်ပစ်
ရေဇင်းရွာခံ ၇ ဦးအား စစ်ကောင်စီ သတ်ဖြတ်၊ ရွာကိုလည်း စီးနင်းထား
စပ်တပ် ဖမ်းသွားသူများကို သွေးသောက်ကတ်ပြား ချိတ်၍ အလောင်း စွန့်ပစ်ထား