မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် မင်းရွာမှ လူ၃ ဦးကို စစ်တပ်က ဖမ်း၍ သတ်ဖြတ်ပြီး အလောင်းများကို လမ်းဘေး၌ ပစ် ထားရာ တဦးမှာ အသက်ရှင်နေသေးသဖြင့် နွားထိုးကြီးပြည်သူ့ဆေးရုံ၌ အရေးပေါ် ဆေးကုသမှုများ ခံယူနေရ ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဇန်နဝါရီ ၃ရက်က ရွာတွင်း စခန်းချနေသည့် စစ်တပ်မှ ဦးငြိမ်း (၄၅နှစ်)၊ ကိုသောင်းတန်(၂၇နှစ်)၊ ကိုဇော်ထွေး (၂၅နှစ်) တို့ကို ဖမ်း၍ သတ်ကာ နွားထိုးကြီးမြို့အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ဂွေးပင်တော လမ်းခွဲတွင် ပစ်ခဲ့ခြင်း ဖြစ်ပြီး ကိုဇော်ထွေး မှာ အသက်မသေသေးဘဲ မေ့မြောနေသဖြင့် နွားထိုးကြီး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြသည်။
ဒေသခံ တဦးက “၃ရက်နေ့ နေ့လယ်ပိုင်းက မင်းရွာအထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ ဗိုလ်ကြီးနဲ့ စစ်သားတွေက ဦးငြိမ်းကို အရင်ဖမ်းတာ၊ အိမ်မှာ မနေရဲလို့ ဘုန်းကြီးကျောင်းသွားနေတဲ့ ကိုသောင်းတန်နဲ့ ကိုဇော်ထွေးတို့ကို ညပိုင်းမှ ဖမ်းတာ၊ ညှဉ်းပန်း သတ်ဖြတ်ပြီး လူခြေတိတ်ချိန်မှ ဂွေးပင်တော လမ်းခွဲမှာ စွန့်ပစ်ခဲ့ကြတာ၊ ကိုဇော်ထွေး က မေ့မြောနေ တာဆိုတော့ နွားထိုးကြီးဆေးရုံကို ပို့လိုက်ရတယ်၊ ဒါပေမယ့် ဒဏ်ရာ တော်တော်များတော့ အသက်ရှင်ဖို့ ရာနှုန်း အတော် နည်းတယ်၊ ၃ ယောက်လုံးက သာမန်အရပ်သား တွေပါ၊ ဒါကို PDF တွေနဲ့ဆက်သွယ် တယ်ဆိုပြီး ဖမ်းသွားကြတာ”ဟု ပြောသည်။
ကိုဇော်ထွေးမှာ လက်ရှိအချိန်တွင် အရေးပေါ်အခန်း (ICU)တွင် ဆေးကုသမှု ခံယူနေပြီး မိသားစုဝင်များအား ဧရာဝတီမှ ဆက်သွယ်သော်လည်း ကြောက်ရွံနေသဖြင့် ပြန်လည်ဖြေဆိုခြင်း မရှိသည့် အတွက် သီးခြားမေးမြန်း အတည်ပြုနိုင်ခြင်း မရှိပါ။
နွားထိုးကြီးမြို့နယ် PDF တပ်ဖွဲ့ဝင်တဦးက ယခုကဲ့သို့သော လုပ်ရပ်များမှာ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကို ကျူးလွန် နေခြင်းဖြစ်ကြောင်း၊ ယခု အသတ်ခံရသူများမှာ စစ်ကောင်စီဘက်က စွပ်စွဲသလို တော်လှန်ရေးအုပ်စုများကို ထောက်ပံ့ ကူညီနေသည့်သူများ မဟုတ်ဘဲ သာမန် အရပ်သားများဖြစ်ကြောင်း ပြောသည်။
၎င်းက “အခုနောက်ပိုင်း ဒလန်တွေ အုပ်ကြီးတွေ ပျူတွေ စစ်ခွေးတွေ အသတ်ခံရတိုင်း အခုလိုအောက်တန်းကျတဲ့နည်းနဲ့ ပြည်သူတွေကို ကြောက်အောင် ခြိမ်းခြောက်နေတာမျိုးတွေ လုပ်လာတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အရပ်သားတွေအပေါ်ကို ရက်ရက်စက်စက် ကျူးလွန်နေကြ တာတွေကိုတော့ ဘယ်သူပဲလုပ်လုပ် ထိရောက်တဲ့ အရေးယူမှုမျိုးတော့ ရှိစေချင်တယ်၊ နောက်တချိန်မှာ ပြန်လည် ပေးဆပ်ကြရမှာပဲလို့ ပြောချင်ပါတယ်”ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက် ညက မင်းရွာအတွင်း သီတာယုမွန် ခေါင်းဆောင်သော မြင်းခြံပျူစောထီးအဖွဲ့ ဝင်လာကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များဖြစ်သည့် ဦးကျော်ဆောင် (၆၃ နှစ်)၊ ဦးခင်မောင်စိန် (၆၃ နှစ်)၊ ဦးဟန်တင်(၄၂ နှစ်)၊ ကိုမင်းဇော်နှင့် ဒေသခံများဖြစ်သည့် ကိုစိုးပိုင်(၃၇နှစ်)၊ ကိုအောင်ကိုမင်း (၁၇ နှစ်)တို့အား နေအိမ် များတွင် ဖမ်းဆီးခဲ့ပြီးနောက် ဦးခေါင်း အား သေနတ်ဖြင့် တေ့ပစ်ကာ မင်းရွာနှင့် ကူကုန်းကျေးရွာကြား ဇရပ်အနီးတွင် အလောင်းများကို ပစ်ခဲ့ကြသေးသည်။
ဒီဇင်ဘာ ၁၄ ရက်ကလည်း ထိန်ပန်း ရွာသစ်ကျေးရွာမှ ကိုအောင်နိုင်ဝင်း၊ ကိုဇော်နိုင်ဝင်းအပါအဝင် အမျိုးသား ၆ ဦး၏ ရုပ်အလောင်းများကို မြင်းခြံမြို့နယ် ကံရွာ(ခေါင်းကွဲ) မြောက်ဘက် တံတားသစ်အနီး ၊ မြင်းခြံနှင့် နွားထိုးကြီးနယ်အစပ် သင်ပြွန်းလမ်းခွဲအနီးနှင့် ရွာကြီးကျေးရွာအနောက်ဘက် သူကြီးကန်အနီး၌ စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ဒီဇင် ဘာလ ၁၆ ရက်က နွားထိုးကြီးမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ နီလာ အီလက်ထရောနစ်ဆိုင်မှ ဒေါ်လဲ့လဲ့ဦးရုပ်အလောင်းကို သမန်းကန်ကျေးရွာအနီး၌ စွန့်ပစ်ခဲ့သည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီ ၃ ရက်နေ့က နွားထိုးကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပေါင်းကာ ဒေသခံများအား ဖမ်းဆီး ငွေ ညှစ် သတ်ဖြတ်နေသော ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း ပျူမိုက်တီး(ခ) ဦးသန်းလင်းအောင်ဆိုသူအား မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း – Natogyi People Defence Force (NPDF) တပ်ဖွဲ့က ရှင်းလင်းခဲ့ရာ သေနတ်တလက် သိမ်းဆည်းရမိကြောင်း NPDF က ထုတ်ပြန်ထားသည်။
ယခုအခါ မြင်းခြံခရိုင်ရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်များမှ ဒေသခံများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှား သူ များ၊ NLD ပါတီဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီး၊ သွေးသောက်အဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခံနေရမှုမှာ အောက်တိုဘာလဆန်းပိုင်းမှ စကာ ယနေ့အထိ ၄၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ကောက်ယူပြုစုထားသော စာရင်းများအရ သိရသည်။
နွားထိုးကြီး တမြို့နယ်ထဲတွင်ပင် ၂၀၂၂ ဒီဇင်ဘာလ မှ ၂၀၂၃ ဇန်နဝါရီလ တလအတွင်း ၁၅ဦးအသတ်ခံရပြီး ၁ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရထားကြောင်း သိရသည်။
You may also like these stories:
စပ်တပ် ဖမ်းသွားသူများကို သွေးသောက်ကတ်ပြား ချိတ်၍ အလောင်း စွန့်ပစ်ထား
မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ခံနေရ
NLD အဖွဲ့ဝင် ဇနီးမောင်နှံ မြင်းခြံ နေအ်ိမ်တွင် သတ်ဖြတ်ခံရ
နွားထိုးကြီးတွင် ကျေးရွာထဲ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ မိသားစုဝင် ၄ ဦး သေဆုံး