ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာမှ မိုခါမုန်တိုင်းဒဏ်ခံ ပြည်သူများကို အသက်ကယ် အကူအညီများပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအေဂျင်စီများ အပြင်းအထန် ကြိုးစားနေသော်လည်း လူသားချင်းစာနာမှု အကူအညီပေးမည့်သူများသည် စစ်ကောင်စီက ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့် နိုင်ငံရေး ကန့်သတ်ချက်များကြောင့် စိတ်ပျက်ကြောင်း ပြောနေကြသည်။
လွန်ခဲ့သော ၁၀ နှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် အပြင်းထန်ဆုံးဖြစ်သော ဆိုင်ကလုန်းမိုခါသည် မေလ ၁၄ ရက်နေ့တွင် ပြင်းထန်သော လေတိုက်နှုန်းဖြစ်သည့် တနာရီ ၂၅၀ ကီလိုမီတာနှုန်းဖြင့် နေရာသုံးခုမှ ကုန်းတွင်းသို့ ဝင်ရောက်ပြီး ထိုဒေသများတွင် သစ်ပင်များလဲကျ၊ အမိုးအကာများ လွင့်ပါစေပြီး လျှပ်စစ်ဓာတ်အားများ ပြတ်တောက်စေသည်။
ပထမဆုံး မုန်တိုင်းဒဏ်ခံဒေသသည် ရိုဟင်ဂျာ ၆ သိန်း နေထိုင်ရာ ရခိုင်ပြည်နယ်ဖြစ်ပြီး ၎င်းတို့အနက် ၁ သိန်းခွဲသည် ပြည်တွင်းနေရပ်စွန့်ခွာ စခန်းများတွင် နေထိုင်သူများ ဖြစ်သည်။ မုန်တိုင်းသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း မြောက်ပိုင်းသို့လည်း ဝင်ရောက်သည်။
“မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားရတာ အခက်ခဲဆုံးပဲ” ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ၏ သဘာဝဘေးအန္တရာယ် လျှော့ချရေး ကိုယ်စားလှယ် ရာဂျိဗ် ကေစီက ပြောသည်။
VOA သတင်းဌာနသို့ ရန်ကုန်က ပြောကြားရာတွင် “ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်းကလည်း သွားလာရေး အရမ်း ကန့်သတ်ထားတဲ့ နေရာတွေ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှု
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မတည်ငြိမ်မှုနှင့် လက်နက်ကိုင် အကြမ်းဖက်မှုများသည် ထိုဒေသ နှစ်ခုလုံးတွင် ကြီးထွားနေသည်။
ကန့်သတ်ချက် ပြဿနာများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံက တစုံတရာ မှတ်ချက်မပေးသော်လည်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် အပျက်အစီးများကို လေ့လာရန် ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေသို့ သွားကြောင်း စစ်ကောင်စီထိန်းချုပ်သည့် မီဒီယာက မေလ ၁၆ ရက်နေ့တွင် ဖော်ပြသည်။
နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) မှ စေတနာ့ဝန်ထမ်း ၈၄၉ ဦး သည် မြန်မာမှ သဘာဝဘေးအန္တရာယ် လျှော့ချရေး အားထုတ်မှုများတွင် ရှေ့တန်းမှ ပါဝင်နေကြောင်း ရာဂျိဗ် ကေစီက ပြောသည်။ တချိန်တည်းတွင် IFRC စေတနာ့ဝန်ထမ်းများသည် သေနင်္ဂဗျူဟာ၊ လုပ်ငန်းဆောင်ရွက်မှု၊ ဘဏ္ဍာရေး၊ နည်းပညာနှင့် အခြား အထောက်အကူများပေးရန် အသင့်စောင့်နေကြသည်။
သို့သော် “IFRC သည် လက်ရှိ အကန့်အသတ်များကြောင့် မြေပြင်မှ အခြေခံ အချက်အလက်များကို ကောက်ယူနိုင်ခြင်း မရှိ” ဟု ပြောကြားပြီး မြန်မာမှ ပြည်သူများကို အသက်ကယ် အကူအညီပေးရာတွင် အဓိက စိန်ခေါ်မှုများအနက် တခုမှာ ထိုဒေသသို့ သွားလာရေးဖြစ်ကြောင်း ၎င်းကပြောသည်။
မုန်တိုင်းလမ်းကြောင်းတွင် ပြည်သူ ၅.၄ သန်းရှိနေ
ဆိုင်ကလုန်းဖြတ်သန်းရာ လမ်းကြောင်းတွင် ပြည်သူ ၅ ဒသမ ၄ သန်း ရှိနေသည်ပြီး ၎င်းတို့အနက် ၃ ဒသမ ၉ သန်းသည် ထိခိုက်အလွယ်ဆုံးသူများ ဖြစ်သည်ဟု ယူဆရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဌာနေညှိနှိုင်းရေးမှူး မစ္စတာ ရာမာနာသန် ဘာလာခရစ်ရှနန်က ပြောသည်။
“အရင်ကတည်းက လိုအပ်ချက်တွေ များနေတဲ့ ဒေသတွေကို ဆိုင်ကလုန်းတိုက်တာ တကယ့်ကို အိပ်မက်ဆိုး အခြေအနေပဲ၊ အဲဒီဒေသတွေက နိုင်ငံမှာ အဆင်းရဲဆုံးဒေသတွေ ဖြစ်တယ်။ ပြည်သူတွေက အရင်ကတည်းက ကိုဗစ်နိုင်တင်း၊ ပဋိပက္ခ၊ နိုင်ငံရေးနဲ့စီးပွားရေး အကျပ်အတည်းတွေကို ခံနေရတယ်။ အခုလည်း ရာသီဥတု အကျပ်အတည်းကို ရှေ့ဆုံးကနေ ခံနေရတယ်” ဟု မစ္စတာ ဘာလာခရစ်ရှ်နန်က ပြောသည်။
အကျပ်အတည်းကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို အစွမ်းကုန် သုံးနေရပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် လွန်စွာမြင့်မားကြောင်း ၎င်းက ပြောသည်။
“ဒီ အကူအညီတွေပေးဖို့ ပြည်သူတွေဆီကို သွားရောက်ခွင့်၊ အာဏာပိုင်တွေက ခရီးသွာလာခွင့် ဖြည်လျှော့ခြင်းနဲ့ ကုန်စည်တွေကို လျင်မြန်တဲ့ အကောက်ခွန် ရှင်းလင်းမှု လိုတယ်။ အဲဒီလိုကြီးမားတဲ့ လိုအပ်ချက်ကို တုန့်ပြန်ဖို့ ရန်ပုံငွေ အများအပြားလဲ လိုတယ်” ဟု မစ္စတာ ဘာလာခရစ်ရှ်နန်က VOA သတင်းဌာနသို့ ပြောသည်။
ကုလသမဂ္ဂ၏ ဒေါ်လာ ၇၆၃ သန်းတန် လူသားချင်းစာနာမှု တုံ့ပြန်ရေး စီမံချက်အတွက် ရန်ပုံငွေ ၁၀ ရာခိုင်နှုန်းသာ ဖြည်ဆည်းပေးကြောင်းလည်း ၎င်းကပြောသည်။
“အခု မုန်တိုင်း မတိုင်မီ ကတည်းက မြန်မာမှာလူပေါင်း ၁၇ ဒသမ ၆ သန်းက လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး ဖြစ်တယ်ဆိုတာကို သတိရဖို့ကောင်းတယ်” ဟု မစ္စတာ ဘာလာခရစ်ရှနန်က ပြောသည်။ “အဲဒီအချက်ကို ထည့်သွင်း စဉ်းစားရင် ယူကရိန်းမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့သူ အရေအတွက်နဲ့ တူတယ်” ဟုလည်း ပြောသည်။
အခြေခံများလိုအပ်
ကျန်းမာရေး၊ အမိုးအကာ၊ ရေ၊ သန့်ရှင်းရေးနှင့် တကိုယ်ရည် ကျန်းမာရေးအကူအညီများသည် ကနဦး ဦးစားပေးများ ဖြစ်ကြောင်း ရန်ကုန်ရှိ မစ္စတာ ဘာလာခရစ်ရှနန်က ပြောသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း မုန်တိုင်းဒဏ် အဓိကခံရသည်မှာ မြန်မာဖြစ်ကြောင်းလည်း ပြောသည်။
WHO ၏ အရှေ့တောင်အာရှဆိုင်ရာ အရေးပေါ်အခြေအနေ ဒါရိုက်တာ အက်ဒဝင် ဆယ်လ်ဗေဒါက မြန်မာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၁၄ ခု ပျက်စီးသွားကြောင်း အစိုးရက အတည်မပြုသေးသည့် စာရင်းများအရ သိရသည်ဟု ပြောသည်။
“WHO ဝန်ထမ်းတွေက ထိခိုက်မှုအကဲဖြတ်ဖို့နဲ့ နောက်ထပ် ဘာတွေလိုတယ် ဆိုတာကိုသိဖို့ ထိခိုက်ဒေသတွေကို အမြန်ဆုံးသွားမယ်” ဟု ၎င်းက ပြောသည်။
“အခုလောလောဆယ် သတင်းရင်းမြစ်များနိုင်သမျှ များများကနေ သတင်းအချက်အလက် စုဆောင်းဖို့နဲ့ အချိန်မီ အရေးယူဆောင်ရွက်ဖို့အတွက် သွားဖို့လာဖို့ခက်ခဲတဲ့နေရာတွေမှာ စီစဉ်ထားတဲ့ ဖြစ်ရပ်အခြေပြု စုံစမ်းထောက်လှမ်းနည်း ရှိတယ်” ဟုလည်း အက်ဒဝင် ဆယ်လ်ဗေဒါက ပြောသည်။
အန္တရာယ်ကင်းသော သောက်သုံးရေနှင့် တကိုယ်ရည်ကျန်းမာရေး လိုအပ်နေသည့် ရေလွှမ်းမိုးဒေသများတွင် ပြည်သူများသည် ဝမ်းရောဂါ၊ အသည်းရောင်နှင့် ခြင်ကြောင့်ဖြစ်သည့် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား အစရှိသည့် ရေကြောင့်ဖြစ်သော ရောဂါများခံစားရနိုင်ကြောင်းလည်း သတိပေးသည်။
အခြေအနေ လမ်းကြောင်းမှန် ရောက်ရေးအတွက် ကုလသမဂ္ဂသည် မြန်မာမှ အာဏာပိုင်များနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့်ထားပြီး ထိခိုက်သည့် လူမှုအသိုက်အဝန်းများသို့ အကန့်အသတ်မရှိ သွားလာခွင့် တောင်းထားသည်ဟု မစ္စတာ ဘာလာခရစ်ရှ်နန်က ပြောသည်။
“ကျနော်တို့ မလိုလားတဲ့ အချက်တခုက လူသားချင်းစာနာမှု အကူအညီကို နိုင်ငံရေးအရ အသုံးချတာပဲ။ အဲဒါ အရမ်း အရေးကြီးတယ်” ဟု ၎င်းကပြောသည်။
ကိုးကား ။ ။ VOA သတင်း Restrictions in Myanmar Impede Efforts to Help Victims of Cyclone Mocha
You may also like these stories:
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်
မုန်တိုင်းကြောင့် ဆင်ဖြူကျွန်း၌ ရေကြီးကာ ၃ ဦး သေဆုံး၊ အိမ်အများအပြား ပျက်စီး
ချင်းပြည်နယ်အတွင်း မုန်တိုင်းကြောင့် အဆောက်အအုံ ၁၀၀၀ ခန့် ပျက်စီး
မိုခါမုန်တိုင်းကြောင့် စစ်တွေတွင် သေဆုံးသူ ရာချီရှိနိုင်
စစ်ကိုင်းတွင် မုန်တိုင်းကြောင့် စစ်ရှောင် ယာယီတဲများနှင့် စိုက်ခင်းများ ပျက်စီး
ရခိုင်၌ စားသောက်ကုန်၊ ဆေးဝါး အိမ်ဆောက်ပစ္စည်း ဝယ်မရဖြစ်နေ