မြန်မာစစ်ကောင်စီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချလိုက်ပြီးနောက်ပိုင်း နိုင်ငံတကာမှ လက်နက်များနှင့် လက်နက်ထုတ်လုပ်ရာတွင်သုံးသည့် ကုန်ကြမ်းပစ္စည်းများ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး တင်သွင်းခဲ့ကြောင့် ကုလသမဂ္ဂနှင့်ဆက်စပ်အဖွဲ့အစည်းတခု၏ ၁၀ လကြာ စုံစမ်းစစ်ဆေးမှုအရ သိရသည်။
ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာစစ်တပ်သို့ လက်နက်များ အဓိကရောင်းချသည့် နိုင်ငံများဖြစ်ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ်အင်ဒရူး ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုအရ သိရသည်။
စစ်ကောင်စီတပ်သည် ခုခံတော်လှန်ရေးအင်အားစုများကို လိုလားသည်ဟု ၎င်းတို့သတ်မှတ်သော ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ တိုက်ခိုက်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေသည်။ တချိန်တည်းတွင် ၎င်းတို့အုပ်ချုပ်ရေးကို ဆန့်ကျင်မှုများအား ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်နေကြောင်း အထက်ပါတွေ့ရှိချက်များက ဖော်ပြနေသည်။
ထိုပစ္စည်းဝယ်ယူမှုကို အသေးစိတ် ခြေရာခံလိုက်သောအခါ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်ခဲ့ကြောင်းကိုလည်း မီးမောင်းထိုးပြနေသည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိအတွက် စစ်ရေးအသုံးစရိတ်ကို ယခင်က ကျပ် ၃ ဒသမ ၇ ထရီလီယံမှ ကျပ် ၅ ဒသမ ၆ ထရီလီယံ (ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ) အထိ ဧပြီလတွင် တိုးမြှင့်အတည်ပြုခဲ့သည်။
ထိုသို့တိုးမြှင့်လိုက်သောကြောင့် တရားဝင် ကာကွယ်ရေးအသုံးစရိတ်သည် နိုင်ငံ့စုစုပေါင်းအသုံးစရိတ်၏ ၂၈ ရာခိုင်နှုန်းအထိ ရှိလာစေသည်။ ထို့အပြင် စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံး နည်းပညာများ၊ လောင်စာနှင့် အခြားအသုံးပြုများ အပါအဝင် စစ်တပ်နှင့်ပတ်သက်သည့် “တရားမဝင်” အသုံးစရိတ်များလည်းရှိကြောင်း သုတေသီများက ပြောသည်။
ဒေါ်လာဘီလီယံချီသည့် သေမင်းတမန်ကုန်သွယ်ရေး- မြန်မာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်စေသည့် နိုင်ငံတကာလက်နက်ကွန်ရက် (The Billion Dollar Death Trade: The International Arms Networks that Enable Human Rights Violations in Myanmar) ဟု အမည်ပေးထားသည့် သူ၏ အစီရင်ခံစာသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သို့ လက်နက်လွှဲပြောင်းပေးအပ်မှုများကို အသေးအစိတ်ဆုံး ဖော်ထုတ်ထားသည့် အစီရင်ခံစာဖြစ်ကြောင်း မစ္စတာ အင်ဒရူးက ပြောသည်။
ထိုအစီရင်ခံစာသည် မြန်မာသို့ စစ်လက်နက်ပစ္စည်းများ စီးဆင်းမှုများနှင့် ပတ်သက်သော ကုမ္ပဏီများကို ခြေရာခံရာတွင် နယ်ပယ်သစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်းနှင့် ထိုအစီရင်ခံစာတွင် အမည်ဖော်ပြခံရသည့် ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားကဲ့သို့သော အစိုးရများအနေဖြင့် ထိုကုန်သွယ်မှုများကို ထိန်းချုပ်ရေး အရေးယူဆောင်ရွက်ရန် အခြေခံဖြစ်နိုင်ကြောင်း ရန်ကုန်အခြေစိုက် အနောက်တိုင်းသံတမန်တဦးက ပြောသည်။
မေလ ၁၇ ရက်နေ့က ထုတ်ပြန်သည့် ထိုအစီရင်ခံစာတွင် စစ်ကောင်စီတပ်နှင့်ပတ်သက်သည့် အရောင်းအဝယ်များ၊ တန်ဖိုးလွှဲပြောင်းမှုများတွင် ပါဝင်ပတ်သက်သည့် အဓိက ကွန်ရက်များနှင့် ကုမ္ပဏီများ၊ ထိုကွန်ရက်များ လုပ်ငန်းဆောင်ရွက်နေသည့် တရားစီရင်ခွင့်နယ်ပယ်များ၊ အထူးသဖြင့် ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကို ဖော်ထုတ်ထားသည်။
၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရုရှားနှင့်တရုတ်သည် မြန်မာစစ်တပ်သို့ အဆင့်မြင့်လက်နက်စနစ်များ အဓိက ပံ့ပိုးသည့် နိုင်ငံများဖြစ်နေပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ထိုသို့သောတင်ပို့မှု ဒေါ်လာ ၄၀၆ သန်းဖိုးနှင့် ဒေါ်လာ ၂၆၇ သန်းဖိုး အသီးသီးရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရုရှားကပေးပို့သော လက်နက်များတွင် ဂျက်တိုက်လေယာဉ်များ၊ အဆင့်မြင့် ဒုံးကျည်စနစ်များနှင့် တိုက်ခိုက်ရေး ဒရုန်းများ ပါဝင်ပြီး တရုတ်ကလည်း အဆင့်မြင့် အမောင်းသင် ဂျက်လေယာဉ်များ၊ အပေါ့စား တိုက်ခိုက်ရေးလေယာဉ်များ၊ ကုန်ကြမ်းများနှင့် အခြားအရာများ တင်ပို့သည်။ ထိုရောင်းချမှု လုပ်ငန်းအများအပြားကို နိုင်ငံပိုင်အဖွဲ့အစည်းများမှ ပြုလုပ်ခြင်းဖြစ်သည်။
စင်ကာပူမှ လက်နက်ရောင်းချသူများသည် ကပစ ခေါ် ကာကွယ်ရေးပစ္စည်းစက်ရုံများ ဆက်လက် လည်ပတ်ရေးအတွက် အဓိကကျကြောင်း မစ္စတာ အင်ဒရူးက ပြောသည်။ ဒေါ်လာ ၂၅၄ သန်းတန်သော စစ်လက်နက်ပစ္စည်းများကို စင်ကာပူမှ လုပ်ငန်း ဒါဇင်ပေါင်းများစွာက မြန်မာစစ်တပ်သို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တင်ပို့ခဲ့ကြောင်းလည်း ပြောသည်။
မကြာသေးမီက ထိုင်းနိုင်ငံမှ ရောင်းချမှုတိုးလာခြင်းကြောင့် ထိုင်းနိုင်ငံသည် လက်နက်ရောင်းချသူများ ပိုမိုအသုံးပြုလာသည့် တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် စင်ကာပူအစား သုံးသည့် လမ်းကြောင်းတခု ဖြစ်လာနိုင်ကြောင်း ဖော်ပြနေသော်လည်း လက်နက်ရောင်းချသူများသည် စင်ကာပူမှဘဏ်များကို ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြောင်း အထက်ပါအစီရင်ခံစာတွင် ဖော်ပြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် အိန္ဒိယသည် မြန်မာသို့ ကမ်းရိုးတန်း ထောက်လှမ်းရေးစနစ်များ၊ အဝေးထိန်းလက်နက်စနစ်များနှင့် ခဲယမ်းနှင့်ဒုံးကျည်ထုတ်လုပ်သည့် အစိတ်အပိုင်းများ အပါအဝင် ဒေါ်လာ ၅၁ သန်းတန်သည့် စစ်လက်နက်ပစ္စည်းများ တင်ပို့ခဲ့သည်။ ထိုင်းနိုင်ငံသည် အလားတူ ကာလအတွင်း ဒေါ်လာ ၂၈ သန်းတန်သည့် စစ်လက်နက်ပစ္စည်းများ တင်ပို့ခဲ့သည်။
အစီရင်ခံစာတွင်ဖော်ပြထားသည့် နိုင်ငံများအနက် အချို့သည် ယခု စုံစမ်းစစ်ဆေးမှုကို တုံ့ပြန်ခဲ့ကြောင်း မစ္စတာ အင်ဒရူးက ပြောသည်။ မြန်မာနှင့်ပတ်သက်သည့် ပို့ကုန်ထိန်းချုပ်မှုများ၏ ထိရောက်မှုကို အမြဲ ပြန်လည် သုံးသပ်နေကြောင်းနှင့် ယခုအစီရင်ခံစာပါ အချက်အလက်များကို “ထည့်သွင်းစဉ်းစားမည်” ဖြစ်ကြောင်း စင်ကာပူအစိုးရက သူ့ကိုပြောခဲ့သည်ဟု မစ္စတာ အင်ဒရူးက ပြောသည်။
မြန်မာစစ်တပ်သို့ လက်နက်ရောင်းချ သို့မဟုတ် လွှဲပြောင်းပေးမှုများကို လုံးဝပိတ်ပင်ရန် မစ္စတာ အင်ဒရူးက တောင်းဆိုပြီး ကုလသမဂ္ဂအဖွဲ့ဝင်များအနေဖြင့် လက်ရှိပိတ်ဆို့မှုများကို အကောင်အထည်ဖော်ရန် တိုက်တွန်းသည်။ ထိုနိုင်ငံများအနေဖြင့် စစ်တပ်၏ အဓိက ဝင်ငွေရင်းမြစ်များကို ပစ်မှတ်ထားခြင်း၊ လက်ရှိ တားမြစ်ပိတ်ပင်မှုများကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းနှင့် ဝယ်ယူရေးကွန်ရက်များကို ကျယ်ပြန့်သော အရေးယူပိတ်ဆို့မှုများ ထူထောင်အကောင်အထည်ဖော်ခြင်းတို့ဖြင့် လက်နက်စီးဆင်းမှု ရပ်တန့်သွားအောင် ပိုမိုလုပ်ဆောင်နိုင်ကြောင်း ၎င်းကပြောသည်။
ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားတို့သည် ယူကရိန်းကို ရုရှားကျူးကျော်မှုအတွက် ရုရှားအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသော နိုင်ငံများဖြစ်သော်လည်း မြန်မာကိုမူ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အရေးမယူကြကြောင်း မစ္စတာ အင်ဒရူးက မီးမောင်းထိုးပြထားသည်။
“ကျန် စက်မှုထိပ်သီး ၇ နိုင်ငံအဖွဲ့ဝင်တွေလို မြန်မာစစ်တပ်နဲ့ သူ့ရဲ့အဓိက ဝင်ငွေရင်းမြစ်တွေကို ယူကရိန်း အကျပ်အတည်းအတွက် လုပ်တဲ့အတိုင်း ပစ်မှတ်ထား စီးပွားရေးအရေးယူမှု ပြုလုပ်ဖို့ ဂျပန်ကို ကျနော်တိုက်တွန်းတယ်” ဟု Nikkei Asia သို့ ၎င်းကပြောသည်။
ကုလသမဂ္ဂ၏ စာရင်းများအရ မြန်မာတွင် လူပေါင်း ၂ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေပြီး သီးခြားလွတ်လပ်သော လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက် ဘက်အားလုံးမှ သေဆုံးသူ ၃၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။
ကိုးကား ။ ။ Nikkei Asia သတင်း Myanmar military imported over $1bn in arms since takeover: U.N.
You may also like these stories:
မြန်မာ့စစ်လက်နက်ထုတ်လုပ်မှု ကြီးထွားလာနေ
စစ်ဗိုလ်ချုပ်များနှင့် လက်နက်ပွဲစားများကို အီးယူ ထပ်မံ ဒဏ်ခတ်ပိတ်ဆို့
ဘန်ကောက် လက်နက်ပြပွဲ မြန်မာစစ်ကောင်စီကို ဖိတ်ခေါ်
မြန်မာစစ်လက်နက် တင်သွင်းသူများအား အရေးယူရန် စင်ကာပူကို တောင်းဆို
ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ