မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာ မင်းဘူး-အမ်းလမ်းမကြီးအနီးရှိ တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) တပ်ဖွဲ့ဝင်များက သြဂုတ် ၂၀ ရက်၊ နံနက် ၅ နာရီခန့်က တိုက်ခိုက်ခဲ့ကြောင်း CDF-Asho ၏ သြဂုတ် ၂၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ အရာခံဗိုလ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ကာ စစ်ကောင်စီစခန်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း CDF-Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းကလည်း ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့က လက်နက်ရဖို့ပဲ စစ်ဆင်ရေးလုပ်ခဲ့တာ ဖြစ်တယ်။ ကျနော်တို့ အဲဒီစခန်းကို တပတ်လောက်စောင့် ကြည့်လေ့လာပြီးမှ တိုက်ခိုက်တာ။ ကျနော်တို့ တိုက်ခိုက်တဲ့အချိန် စခန်းထဲအထိကို ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တယ်။ သူတိုု့ ဘက်က မျက်မြင် ၂ ယောက်ကျတယ်။ ကျနော်တို့စုံစမ်းတော့ သေတဲ့နှစ်ယောက်က အရာခံဗိုလ်တယောက်နဲ့ တပ်အဆင့် တယောက်လို့ ပြောတယ်” ဟု ဆိုသည်။
အဆိုပါ တရုတ်ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်စခန်းတွင် အင်အား ၁၀ ဦးကျော်ရှိမည်ဟု ခန့်မှန်ခဲ့သော်လည်း စခန်း ထဲဝင်ရောက်တိုက်ခိုက်ချိန်၌ အင်အား ၅/၆ ယောက်သာရှိကြောင်း၊ မိနစ် ၃၀ ကြာ အပြန်အလှန်ပစ်ခတ်ချိန် အနီးဝန်းကျင် ကာကင်းများထားရှိသည့် တောင်ကုန်းများမှ စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်လာသောကြောင့် CDF-Asho တပ်ဖွဲ့ဝင်များ ကျည်မလုံလောက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းလည်း ဆလိုင်းရိုးချင်းက ပြောသည်။
တိုက်ခိုက်မှုအပြီး ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့် ၁၆ မိုင်ခန့်အကွာ ငဖဲမြို့ပေါ်မှ စစ်ကောင်စီတပ်သားများ စစ်ကူရောက် လာခဲ့သလို တိုက်ပွဲဖြစ်ပွားရာအနီး အိမ်ခြေ ၅၀ ကျော်ရှိသော မြေလတ်ချင်းတိုင်းရင်းသားကျေးရွာဒေသခံများနှင့် တောင် ယာလုပ်နေသည့် ချင်းတိုင်းရင်းသားများကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ငဖဲမြို့နယ်၊ ပဒါန်းဒေသခံ ကားသမားတဦးက “တိုက်ပွဲဖြစ်တဲ့မနက်ကတော့ စစ်တပ်က အမ်း-ပဒါန်းသွားတဲ့ ကားတွေ၊ ဆိုင် ကယ်တွေကို စစ်ဆေးတယ်။ ကားသမားတွေကိုတော့ ဘာမှလုပ်တာမရှိဘူး။ မြေလတ်ရွာသားတွေကိုတော့ ဗမာစကား မပြောတတ်တဲ့ လူငယ်တွေရော၊ လူကြီးတွေကိုရော CDF အားပေးတယ်၊ သတင်းပေးဆက်သွယ်တယ်ဆိုပြီး ရိုက်တာနှက် တာတွေ လုပ်တယ်လို့ပြောတယ်။ ရွာသားနှစ်ယောက်ကိုလည်း အဲဒီနေ့ကတည်းက ဖမ်းခေါ်သွားတယ်လို့ ကြားရတယ်” ဟု ဧရာဝတီကို ပြောသည်။
CDF-Asho ချင်းတပ်ဖွဲ့ဝင်များသည် ရန်သူ့လက်နက်များ ရရှိရေးအတွက်သာ တရုတ်ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ဓာတ်ငွေ့ပိုက်လိုင်းအား တစုံတရာထိခိုက်ပျက်စီးမှု မရှိကြောင်းလည်း CDF-Asho တပ်ဖွဲ့က ဆိုသည်။
အဆိုပါ CDF-Asho ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ကို အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ် ထားသည့် စစ်သား၊ ရဲ၊ ကျောင်းဆရာ၊ ဆရာမ၊ ကျန်းမာရေးဝန်ထမ်း၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသော အရှိုချင်းလူငယ်များစုပေါင်းကာ ၂၀၂၃၊ ဇန်နဝါရီ ၂၁ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံတောင်ပိုင်းအထိ ရှည်လျားသော အဆိုပါ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ကို ၂၀၁၁ တွင် စတင်တည်ဆောက်ပြီး ၂၀၁၃ ဇူလိုင်လ၌ လုပ်ငန်းများ စတင်လည်ပတ်ခဲ့ကာ စုစုပေါင်း ၉၇၃ ကီလိုမီတာ ရှည်သော ပိုက်လိုင်းသည် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အတွင်းသို့ ဝင်ရောက်သည်။
You may also like these stories:
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စက်ရုံအနီး စစ်ကောင်စီမိုင်းထောင်သဖြင့် ဒေသခံများစိုးရိမ်နေ
တိုက်ပွဲအတွင်း တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ကြားခံစခန်းတခု ပျက်စီး
တရုတ်အကျိုးစီးပွားကို မတိုက်ခိုက်ရန် NUG ကို တရုတ် လာရောက်ဆွေးနွေး
တရုတ်ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ကတိပြု














