တရုတ် ကျောထောက်နောက်ခံပြု ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းသွားသည့် နယ်မြေကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုသည် ဘေဂျင်း၏ ဖိအားပေးခံရပြီးနောက် ၎င်းတို့ ဒေသများမှ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်မည်ဖြစ်ကြောင်း စနေနေ့တွင် ကြေညာသည်။
“နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်” ဟု အထက်ပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ပိုက်လိုင်း နှစ်ခုကို ရည်ညွှန်းပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ထိုကြေညာချက်ကို ညီနောင်မဟာမိတ် သုံးဖွဲ့ဟု ခေါ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ပူးတွဲထုတ်ပြန်ခြင်း ဖြစ်သည်။ ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် စစ်ကောင်စီကို တိုက်ခိုက်နေသည့် ခုခံတော်လှန်ရေး အင်အားစုများကို ကူညီနေသော်လည်း တရုတ်နိုင်ငံမှ ဖိအား မြင့်မားလာခြင်းကို ရင်ဆိုင်နေရသည်။
လွန်ခဲ့သောလကလည်း ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုသည် တရုတ်က တောင်းဆိုသောကြောင့် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရသည်။ သို့သော် ထိုဆွေးနွေးပွဲများ မအောင်မြင်ပေ။
MNDAA နှင့် TNLA တို့သည် တရုတ်နယ်စပ်အနီး ရှမ်းပြည်မြောက်ပိုင်းမှ ဒေသများကို ထိန်းချုပ်ထားပြီး AA က မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လှုပ်ရှားနေသည်။ အထက်ပါ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ၎င်းတို့ထိန်းချုပ်ထားသော ဒေသများကို ဖြတ်သန်းပြီး တရုတ်ပြည်သို့ ဆက်သွယ်သည်။
ထိုတရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသည် ကီလိုမီတာ ၈၀၀ နီးပါး ရှည်လျားပြီး ဘင်္ဂလား ပင်လယ်အော်ရှိ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းမှ မကွေးနှင့် မန္တလေးတိုင်းများကို ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ မဝင်ရောက်မီ ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သန်းသည်။ ရေနံစိမ်းပိုက်လိုင်းသည် တနှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း တင်ပို့နိုင်ပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် တနှစ်လျှင် ဓာတ်ငွေ ၁၂ ဘီလီယံ ကုဗမီတာအထိ တင်ပို့ နိုင်သည်။
ထိုပူးတွဲကြေညာချက်ကို တရုတ်က တောင်းဆိုသောကြောင့် ထုတ်ပြန်ကြောင်း TNLA ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ထိန်းချုပ်ဒေသတွေက တရုတ်နယ်စပ်နဲ့ တော်တော်နီးကပ်တော့ တရုတ်က ကျနော်တို့ဆီက အခုလို ကာကွယ်မှုမျိုး တောင်းဆိုနေတာ အခုမှ မဟုတ်ဘူး၊ အမြဲတမ်း တောင်းဆိုနေတာ” ဟု ၎င်းကပြောသည်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး မထိခိုက်စေရန်အတွက် နယ်စပ်အနီး တိုက်ပွဲများရှောင်ရန် မဟာမိတ်အဖွဲ့ကို တရုတ်က ပြောကြားထားကြောင်းလည်း ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောသည်။
ထိုကြေညာချက်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်းစသည့် ပြစ်မှုကျူးလွန်သူမည်သူ့ကိုမဆို ဥပဒေအရ အရေးယူသွားမည် ဟု ဖော်ပြထားသည်။
ယင်းပြင် ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် သူတပါး၏အသက်အိုးအိမ်စည်းစိမ်ထိခိုက်စေနိုင်သော အကြမ်းဖက်လုပ်ရပ်များနှင့် ကျူးလွန်သူများကို မည်သည့်အခါတွင်မျှ အားမပေးဘဲ တိုက်ဖျက်သွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။
နိုင်ငံရေးလေ့လာသူတဦးက “လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက သူ့ထိန်းချုပ်နယ်မြေမှာသူ အခွန်ကောက်နေတာပဲ။ မြန်မာပြည်သားလည်းကောက်မှာပဲ နိုင်ငံခြားသားလည်း ကောက်မှာပဲ။ မြောက်ပိုင်း ၃ ဖွဲ့ရေးထားတဲ့ ဆက်ကြေးဆိုတဲ့ အသုံးအနှုန်းကတော့ မသင့်တော်ဘူး။ သူတို့လည်း အခွန် ကောက်နေတာပဲလေ။ TNLA လည်း မြို့ထဲဝင်ပြီး အခွန် ကောက်နေတာပဲ။ ကိုးကန့် လည်း ကောက်နေတာပဲ။ AA လည်း ရခိုင်မှာ ကောက်နေတာပဲ။ အဲဒီတော့ သူတို့ကောက်နေတာရော ဆက်ကြေးလားဆိုတဲ့ မေးခွန်းရှိတယ်။ သူတို့ကောက်တာက အခွန်ဆိုရင် တရုတ်ကုမ္ပဏီအပေါ် ကောက်တာလည်း အခွန်ပဲ ဖြစ်လိမ့်မယ်။ အဲဒီတော့ နိုင်ငံရေးအရ ဝေါဟာရအသုံးအနှုန်းကို သတိထားဖို့ လိုလိမ့်မယ်ထင်တယ်” ဟု ဆိုသည်။
အထက်ပါ မဟာမိတ်အဖွဲ့ ထိန်းချုပ်ဒေသများမှ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် မြန်မာနိုင်ငံ အခြားဒေသများထက် ပိုမိုအန္တရာယ်ကင်းသည်ဟု ထိုကြေညာချက်က ခန့်မှန်းပြောဆိုမှုများ ဖြစ်စေသည်။
တရုတ်သည် စစ်ကောင်စီနှင့်ဆက်ဆံရေး အဆင်ပြေသောကြောင့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို ဒေါသဖြစ်စေသည်။ မြန်မာနိုင်ငံအလယ်ပိုင်းမှ ခုခံတော်လှန်ရေး အင်အားစုအချို့က တရုတ်ပိုင် စီမံကိန်းများကို တိုက်မည်ဟု ခြိမ်းခြောက်ထားသည်။
အထက်ပါ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းများသည် မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်သန်းရပြီး တရုတ်ရင်းနှီးမြှုပ်နှံထားသည့် ကြေးနီနှင့် နီကယ် မိုင်းများသည်လည်း ထိုဒေသတွင် တည်ရှိနေသည်။ ပိုက်လိုင်း၏ ပို့လွှတ်ရေး စခန်းများမှ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရသည့် သတင်းများလည်း ထွက်နေသည်။
အထက်ပါ ပူးတွဲကြေညာချက်က အခြားခုခံတော်လှန်ရေး အင်အားစုများအား နိုင်ငံ၏ အခြားအစိတ်အပိုင်းများမှ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို တိုက်ခိုက်ခြင်းမှ ရှောင်ရန် သတင်းစကားပေးပို့သလို ဖြစ်နိုင်သည်ဟု လေ့လာသူများက ခန့်မှန်းပြီး ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း သုံးခုသည် အခြား ခုခံတော်လှန်ရေး အင်အားစုများကို ကူညီနေကြောင်း ထောက်ပြသည်။
ထိုပိုက်လိုင်း၏ လုံခြုံရေးသည် တရုတ်အတွက် ဦးစားပေးဖြစ်ပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် ဘေဂျင်းသည် နေပြည်တော်နှင့် ရင်းနှီးစွာဆက်ဆံသောကြောင့် မြန်မာတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်မြင့်မားလာသောအခါ ပိုမိုဦးစားပေး ဖြစ်လာသည်။ ထိုနှစ် စက်တင်ဘာလတွင် ပိုက်လိုင်း အပါအဝင် မြန်မာမှ တရုတ်စီမံကိန်းများအတွင် လုံခြုံရေးတိုးမြှင့်ပေးရန် တရုတ်က စစ်ကောင်စီကို တွန်းအားပေးခဲ့သည်။
You may also like these stories:
ငြိမ်းချမ်းရေး ဆွေးနွေးနေရင်းမှ စစ်ကောင်စီနှင့် MNDAA တိုက်ပွဲပြန်ဖြစ်
မြောက်ပိုင်းသုံးဖွဲ့နှင့် သုံးပွင့်ဆိုင်ဇာတ်လမ်း
တရုတ်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဆွေးနွေးမည်
တရုတ်ဝန်ကြီး လာပြီးနောက် မြန်မာတွင် တရုတ်ဆန့်ကျင်ရေး မြင့်မားလာနေ