သတင်း

တိုက်ပွဲအတွင်း တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ကြားခံစခန်းတခု ပျက်စီး

တနင်္လာနေ့ နံနက်အစောပိုင်းက မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ကြားခံစခန်းတခုကို စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်များအား ခုခံရေး အင်အားစုများက တိုက်ခိုက်သောကြောင့် ထိုအဆောက်အအုံ ပျက်စီးသွားကြောင်း သိရသည်။

နံနက် ၂ နာရီခန့်တွင် နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) က ထိုစခန်းလုံခြုံရေးအတွက် တာဝန်ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို ဗုံးသီးပစ်ရိုင်ဖယ်ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ထိုစခန်းသည် နွားထိုးကြီးမြို့အရှေ့ဘက် ၆ ကီလိုမီတာအကွာတွင် တည်ရှိသော စခန်းဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း စခန်း၏ နံရံမှာ ပေါက်ကွဲပစ္စည်း ထိမှန် ပျက်စီးသွားကြောင်း NPDF ပြောခွင့်ရသူနှင့် မြင်းခြံခရိုင် PDF တပ်ရင်း (၄) မှ တပ်မှူး ကိုတွံတေးက ပြောသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု ယူဆရကြောင်းလည်း NPDF က ပြောသည်။

“ကျနော်တို့က စစ်ကောင်စီတပ်ကို တိုက်တာ၊ စခန်းကိုတိုက်တာ မဟုတ်ဘူး” ဟု ကိုတွံတေးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီတပ်များသည် ဒေသတွင်းတွင် တာဝန်ထမ်းဆောင်နေစဉ် အရပ်သားများကို နှိပ်စက်လုယက်ပြီး အမည်ဆိုး ကျော်ကြားလာသောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း NPDF က ဖော်ပြသည်။

ရခိုင်ပြည်နယ်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံတောင်ပိုင်းအထိ ရှည်လျားသော ထိုရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် လုပ်ငန်းများ စတင်လည်ပတ်ခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ လမ်းကြောင်းပြ မြေပုံ / Shwe Gas

စုစုပေါင်း ၉၇၃ ကီလိုမီတာ ရှည်သော ပိုက်လိုင်းသည် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းသို့ ဝင်ရောက်သည်။

PDF က တိုက်ခိုက်ပြီးနောက်တွင် စစ်ကောင်စီသည် နွားထိုးကြီးတွင် လုံခြုံရေးတင်းကျပ်ထားပြီး ပတ်ဝန်းကျင် မြို့နယ်များမှ တပ်ကူများကို ခေါ်ဆောင်လာသည်။

စစ်ကောင်စီတပ်များက တနင်္လာနှင့် အင်္ဂါနေ့များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အဆက်အသွယ် ရှိသူများ အပါအဝင် ထိုမြို့မှ လူ တဒါဇင်နီးပါးကို ဖမ်းဆီးလိုက်ကြောင်း နွားထိုးကြီးဒေသခံတဦးက ဧရာဝတီသတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောသည်။

တနင်္ဂနွေနေ့ ညနေပိုင်းက ထိုမြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီ ဆိုင်ကယ်တစီးကို နွားထိုးကြီး PDF က ခြုံခိုတိုက်ခိုက်သောအခါ စစ်ကောင်စီတပ်သား နှစ်ဦးသေသည်။

လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက် ထိုစစ်အာဏာသိမ်းမှုတွင် တရုတ်ပါဝင် ပတ်သက်နေသည်ဟု ပြည်သူအများအပြားက ယုံကြည်ပြီး မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် ကြီးထွားနေသည်။ ထိုစဉ်က တရုတ်အစိုးရသည် စစ်ကောင်စီကို ရှုတ်ချရန် ငြင်းဆန်လျှင် တရုတ်ထုတ်ကုန်များကို သပိတ်မှောက်ရန်နှင့် တရုတ်ပိုက်လိုင်းကို ဖောက်ခွဲပစ်ရန် တောင်းဆိုမှုများ ရှိသည်။

ထိုသို့တောင်းဆိုမှုများကြောင့် တရုတ်နိုင်ငံက ပိုက်လိုင်းအတွက် လုံခြုံရေး တိုးမြှင့်ပေးရန် စစ်ကောင်စီကို တောင်းဆိုခဲ့သည်။ လွန်ခဲ့သောမတ်လမှ စတင်ပြီး စစ်ကောင်စီသည် ထိုပိုက်လိုင်းများကို ကာကွယ်ရန် အင်အားတိုးမြှင့်ချထားသည်။

လွန်ခဲ့သောနှစ် မေလတွင် မန္တလေးတိုင်း၊ စဉ့်ကိုင်တွင် ပိုက်လိုင်းကို စောင့်ကြပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးအား မည်သူမည်ဝါဖြစ်သည်ဟု မသိရသည့် တိုက်ခိုက်သူများက ဓားဖြင့် ခုတ်သတ်ခဲ့သည်။

စစ်ကောင်စီကို ဆန့်ကျင်သည့် အရပ်သားလက်နက်ကိုင် ခုခံမှု ပြင်းထန်လာပြီးနောက် တရုတ်နိုင်ငံက မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အန္တရာယ်မပေးရန် အရပ်သား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တိုက်တွန်းခဲ့သည်။

ဇန်နဝါရီလ အစောပိုင်းက စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှ တကောင်းတောင် နီကယ်သန့်စင်စက်ရုံသို့ လျှပ်စစ်ပို့သည့် ဓာတ်အားတိုင်ကို ဒေသခံခုခံရေး အင်အားစုတခုက တိုက်ခိုက်ပြီးနောက် ထိုသို့ တောင်းဆိုခြင်း ဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်းမှ PDF များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို နေ့စဉ်ရင်ဆိုင်နေရပြီး ထိခိုက်သေဆုံးမှုများ အပြင်းအထန် ကြုံတွေ့နေရသည်။

You may also like these stories:

တရုတ်အကျိုးစီးပွားကို မတိုက်ခိုက်ရန် NUG ကို တရုတ် လာရောက်ဆွေးနွေး

ရေနံလုပ်ငန်းများ ထွက်ခွာမှု MOGE ကို ပိတ်ဆို့မှု ဖြစ်လာမလား

မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး

ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ

Loading