ပါကစ္စတန်နှင့် မြန်မာအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ရလာနေပြီး မြန်မာနိုင်ငံ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုညွှန်ကြားရေးမှူးရုံးမှ အဆင့်မြင့်စစ်ဘက်ကိုယ်စားလှယ်အဖွဲ့တခုသည် မြန်မာသို့ပေးပို့မည့် လက်နက်များကို စစ်ဆေးရန်အတွက် မကြာမီ ပါကစ္စတန်သို့ ရောက်လာရန် စီစဉ်ထားကြောင်း အိန္ဒိယသတင်းဌာန The Economic Times က ရေးသည်။
မြန်မာစစ်တပ်သည် ၆၀ နှင့် ၈၁ မမ မော်တာများ၊ M-79 ဗုံးပစ်လောင်ချာများနှစ် စက်သေနတ်ကြီးများကို ပါကစ္စတန်မှ ဝယ်ယူရန် စီစဉ်ထားပြီး ထိုပစ္စည်းများကို မြန်မာသို့မပေးပို့မီ စစ်ဆေးရန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်သို့ မကြာမီရောက်ရှိလာမည်ဖြစ်ကြောင်း ခိုင်မာသော သတင်းရင်းမြစ်များထံမှ သိရကြောင်း သတင်းက ဆိုသည်။
မြန်မာနိုင်ငံသည် ပါကစ္စတန်ထံမှ ဝေဟင်မှမြေပြင်သို့ ပစ်သည့် ဒုံးကျည်များကိုလည်း ဝယ်ယူရန် ရည်မှန်း နေကြောင်းလည်း ဆိုသည်။ ထိုဒုံးကျည်များကို JF-17 တိုက်လေယာဉ်များအတွက် ဝယ်ယူလိုခြင်း ဖြစ်သည်။ လက်နက်ရောင်းချမှု ပိတ်ပင်ချက်တခုအရ မြန်မာစစ်တပ်သည် ထိုဒုံးကျည်များကို တရုတ်ထံမှ တိုက်ရိုက်ဝယ်ယူနိုင်ခြင်း မရှိပေ။ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် JF-17 များ တင်သွင်းခွင့်ရသည့် ပထမဆုံး နိုင်ငံများတွင် ပါဝင်လာခဲ့သည်။ JF-17 များသည် အပေါ့စား ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်များဖြစ်ပြီး Pakistan Aeronautical Complex နှင့် တရုတ်မှ Chengdu Aircraft Industries Corporation တို့က ပူးပေါင်းထုတ်လုပ်သည့် လေယာဉ်များ ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးသောအခါ ပါကစ္စတန်သည် တရုတ်၏ အားပေးမှုဖြင့် မြန်မာနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အခွင့်အလမ်းကို တွေ့သွားကြောင်း အမည်မဖော်လိုသည့် မြန်မာ့အရေး ကျွမ်းကျင်သူတဦးကို သတင်းတွင် ကိုးကားသည်။
ပါကစ္စတန်နိုင်ငံ ဘေဂျင်းနှင့် ရေငုတ်သင်္ဘောဆိုင်ရာ ကိရိယာများ ထုတ်လုပ်ရေးတွင် ပိုမိုနက်ရှိုင်းစွာ ဆက်ဆံရေးကို မျှော်မှန်းနေပြီး တရုတ်လုပ် စစ်လက်နက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးတွင် ပါကစ္စတန်ကို ဆောင်ရွက်ခွင့်ပေးစေလိုကြောင်း၊ အရေးကြီးသော အချက်တခုမှာ ပါကစ္စတန်ကာကွယ်ရေး စက်မှုလုပ်ငန်းကို တရုတ်လက်နက်ဈေးကွက် ဖြစ်ခွင့်ပေးရေး ဖြစ်ကြောင်း The Economic Times က ရေးသည်။
ပါကစ္စတန်နှင့် စစ်ဘက်ဆက်ဆံရေးကို အဓိက အားပေးနေသူများအနက် တဦးမှာ ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏မြေး အေးနေဝင်းဖြစ်ကြောင်း၊ အေးနေဝင်းသည် ထောင်မှ ပြန်လွတ်လာအပြီး မြန်မာစစ်တပ်နှင့် ပြန်လည်နီးစပ်သွားကာ မြန်မာမှ ပါကစ္စတန် သံတမန်များနှင့် မကြာသေးမီက ထိတွေ့ဆက်ဆံခဲ့ကြောင်းလည်း သတင်းက ရေးသည်။
လွန်ခဲ့သော စက်တင်ဘာလအတွင်းက ပါကစ္စတန်ကာကွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော်လည်း ထိုခရီးစဉ်ကို နှစ်ဘက်စလုံးက ထုတ်ပြန်ကြေညာခြင်း မရှိပေ။
ထိုခရီးစဉ်တွင် နှစ်နိုင်ငံတို့ အဆင့်မြင့်လက်နက်နည်းပညာများ၊ လေယာဉ် ပြုပြင်ထိန်းသိမ်းရေးနှင့် ရေတပ် လက်နက်ခဲယမ်းများအကြောင်း ဆွေးနွေးကြောင်း သိရသည်။ ဗိုလ်မှူးချုပ်အဆင့်ရှိသူတဦး ဦးဆောင်သည့် ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီခန့် မြန်မာကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး အဆင့်မြှင့်တင်ထားသည့် JF-17 (Block III) လေယာဉ်များနှင့် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များ ဝယ်ယူရေးကို ဆွေးနွေးကြကြောင်း သိရသည်။
မြန်မာမှ ရိုဟင်ဂျာများကို အကြမ်းဖက်မှုများနှင့် ပါကစ္စတန်က မြန်မာမှ လူမျိုးစုများကို လက်နက်တပ်ဆင် လေ့ကျင့်ပေးနေသည့်ဆိုသည့် စွပ်စွဲချက်များကြောင့် ပါကစ္စတန်နှင့် မြန်မာအကြား ဆက်ဆံရေးသည် လွန်ခဲ့သော ဆယ်စုနှစ်ဝက်အတွင်း အနည်းငယ် အဆင်မပြေ ဖြစ်ခဲ့သည်။
ကိုးကား။ ။ The Economic Times မှ Myanmar and Pakistan in arms deal, guided by China
You may also like these stories:
ရုရှား စစ်လေယာဉ်မှူးများ ပါသော ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်နေ
မြန်မာစစ်အရာရှိများကို လေ့ကျင့်ပေးသောကြောင့် ဂျပန် ဝေဖန်ခံနေရ
ချင်းလက်နက်ကိုင်များ၊ မဏိပူသူပုန်များနှင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်