တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်လိုသူ အလွန်များပြားနေချိန် နယ်စပ်နေ မူဆယ် နမ့်ခမ်းဒေသခံများကိုသာ ထုတ် ပေးသည့် ၁ နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီတအုပ်လျှင် ယခုအခါ ကျပ် ၃၅ သိန်းမှ သိန်း ၅၀ ကျော်ထိ ပေါက်ဈေး ရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၄ရက်က နန်းတော်၊ ဆင်ဖြူ၊ မန်ဝိန်းဂိတ်များမှ ၇ ရက် သက်တမ်းရှိ နယ်စပ်ဖြတ်သန်းသွားလာခွင့် ယာယီ လက်မှတ် (TBP) ဖြင့် ခွင့်ပြုသော်လည်း ယင်းလက်မှတ်မှာ နေ့စားအလုပ်မှ လွဲ၍ တခြားအလုပ်များ လုပ်ခွင့်မရှိသလို တရုတ်လုပ်ငန်းရှင်များဘက်မှလည်း နေထိုင်ခွင့် ထောက်ခံမပေးသဖြင့် စာအုပ်အနီပြုလုပ်သူ များလာခြင်းဖြစ်ကြောင်း မြန်မာလုပ်သားများအား ကူညီဆောက်ရွက်ပေးနေသည့် မူဆယ်မြို့ခံလုပ်ငန်းရှင်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “တရုတ်ဘက်မှာ အလုပ်တွေက ရှိနေတယ်။ ပြဿနာက ဘာလဲဆိုတော့ အလုပ်လုပ်နေရင်း ၆ရက် ၇ ရက်နေရင် ပြန်ထွက်ရမယ်၊ နေထိုင်ခွင့်စာအုပ် မလုပ်ပေးဘူး။ အဲဒီတော့ စာအုပ်အနီကို ပိုက်ဆံပေးပြီး လုပ်လာနေကြတာ” ဟု ဆိုသည်။
တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်အနီများကို ရှမ်းပြည်နယ် မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက) ရုံး၏ ထောက်ခံချက်ဖြင့် အဓိကထုတ်ပေးခြင်း ဖြစ်ပြီး မူဆယ်မြို့ပေါ်နေ အိမ်ထောင်စု စာရင်းဖြစ်ပါက နယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီ ပြုလုပ်ရန် ကုန်ကျစရိတ်မှာ အစိုးရ တရားဝင်သတ်မှတ်ဈေး ကျပ် ၅၀၀ သာ ကျသင့်သလို နေ့ချင်းအပြီး ရရှိ ကာ မူဆယ်ခရိုင် တခြားမြို့နယ်မှ အိမ်ထောင်စုစာရင်းဆိုပါက ၅ ရက်အတွင်းရရှိပြီး အမြန်လိုချင်ပါက ကျပ် ၅ သောင်းဝန်း ကျင် ကျသင့်ကြောင်း သိရသည်။
အဆိုပါ စာအုပ်အနီများကို တရုတ်နိုင်ငံ၊ ရွှေလီမြို့အခြေစိုက် စားသောက်ဆိုင်လုပ်ငန်းရှင်တချို့ အပါအဝင် အလုပ်သမား အရေး၊ လူမှုကူညီရေးကိစ္စများ ဆောင်ရွက်ပေးနေသည့် ဖောင်းဒေးရှင်းတချို့နှင့် ပွဲစားများက လဝကဝန်ထမ်းများနှင့် ပေါင်း ပြီး ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ကာ လုပ်ဆောင်ပေးနေခြင်းဖြစ်သလို အလုပ်များကိုလည်း ချိတ်ဆက်ပေးလျက်ရှိကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။
မူဆယ်မြို့ခံတဦးက “အခုက ဝင်ပြီးတော့ အလုပ်သွားရှာကြတယ်။ အလုပ်မရလို့ ပြန်လာတဲ့သူတွေနဲ့ အလုပ်ရှာတွေ့ပေ မယ့်လည်း စာအုပ်အနီမရှိလို့ ပြန်လာကြရတော့ သွားတဲ့လူတွေသာများပြီး အနည်းအကျဉ်းကပဲ အလုပ်ရကြတယ်။ စာအုပ်အနီမရှိဘဲနဲ့ အလုပ်လုပ်ရဖို့က မလွယ်ဘူး။ ပြီးတော့ အခုတပတ်လက်မှတ်က ရွှေလီ-ကျယ်ဂေါင်လောက်ပဲ သွားလို့ ရတာ။ ဟိုဘက် မန်စီတို့ဘာတို့ကို သွားလို့မှမရတာ” ဟု ဧရာဝတီကို ပြောသည်။
ထို့ကြောင့် ယခုသွားရောက်နေကြသူအများစုသည် အလုပ်အကိုင်စုံစမ်း၍သာ ပြန်လာကြရကြောင်း တပတ်ခံ ယာယီ လက်မှတ်ဖြင့်မူ အိမ်နှင့် ဆိုင်သန့်ရှင်းရေးကဲ့သို့သော နေ့စားအောက်ခြေအလုပ်များကိုသာ လုပ်ကိုင်ကြရလေ့ ရှိကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အခုက အဝင်ရောအထွက်ရော လူတွေ ပြွတ်သိပ်နေတာပါပဲ။ အဝင်အထွက်အတွက်က အနည်းဆုံး နေ့တဝက်လောက်ကုန်တော့ အကုန်လုံးက ဂိတ်နားမှာပဲ အိပ်စောင့်နေကြရတာ” ဟု ပြောသည်။
တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီနှင့် မန်စီမြို့များရှိ စက်ရုံ၊ အလုပ်ရုံများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်သားလိုအပ်ချက် များပြားလျက်ရှိခြင်းကြောင့် ထိုလုပ်ငန်းခွင်များသို့ သွားရောက်အလုပ်လုပ်ကိုင်လိုကြခြင်း ဖြစ်ကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။
ထိုသို့ ဝင်ရောက်လိုသူ နေ့စဉ် ရာနှင့်ချီရှိနေသဖြင့် စစ်ကောင်စီလက်အောက်ခံ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက)တို့က ဦးဆောင်ကာ အလှည့်ကျတုံကင်နံပါတ်များ ထုတ်ပေးပြီး တနေ့လျှင် လူ ၅၀၀ ကိုသာ ဝင်ခွင့်ပေးတော့ကြောင်း သိရသည်။
မြန်မာနှင့်တရုတ် နှစ်နိုင်ငံကြား နယ်စပ်မှတဆင့် ကူးလူးဆက်ဆံမှု များပြားလာသည့်အတွက် အဆင်ပြေမြန်ဆန်နိုင်ရေး နှစ်နိုင်ငံနယ်စပ်ကို နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)ဖြင့် ခွင့်ပြုသွားရန်ရှိကြောင်းလည်း စစ်ကောင်စီဘက်က စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်များကိုမူ မသိရသေးပေ။
မူဆယ်မြို့ခံ လုပ်ငန်းရှင်တဦးက “ပတ်စ်ပို့ထက် အခု မူဆယ်ဒေသခံတွေကို ထုတ်ပေးနေတဲ့ စာအုပ်အနီကိုပဲ ဖြေလျှော့မှု တွေ လုပ်ပေးနိုင်ရင် အလုပ်သမားတွေအတွက် ပိုပြီးအဆင်ပြေနိုင်တယ်။ ပတ်စ်ပို့နဲ့ဆိုရင် ဗီဇာကြေး၊ ဗီဇာကိစ္စတွေနဲ့က ကြန့်ကြာမှုတွေ ဖြစ်နိုင်တယ်” ဟု ဆိုသည်။
You may also like these stories:
တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်
တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ယွမ်ငွေကိုသာ သုံးရမည်ဟု စစ်ကောင်စီသတ်မှတ်
ကိုဗစ်နှင့် လုံခြုံရေးကြောင့် နယ်စပ်ဂိတ်များ ဖွင့်ရန် မြန်မာစောင့်ကြည့်နေဆဲ
တရုတ်၏ နယ်နိမိတ်လုံခြုံရေး တိုးမြှင့်မှု နယ်စပ်ရှိ မြန်မာများ အခက်တွေ့













