စစ်ကိုင်းတိုင်း မုံရွာထောင်၌ စက်တင်ဘာ ၈ ရက်က ဖြစ်ခဲ့သည့် အစာငတ်ခံ ဆန္ဒပြရာ၌ပါသည့် နိုင်ငံရေးအကျဉ်းသားနှင့် တာဝန်ရှိသည့် ထောင်ဝန်ထမ်းများကို စစ်ကောင်စီက အမှုဖွင့် အရေးယူထားကြောင်း ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
အစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၉ ဦးကို လျှော့ရက်ခံစားခွင့် ၁နှစ် ပိတ်ခဲ့ပြီး ၎င်းတို့ ဆေးကုသခွင့်ရရန် ထောင်တွင်း ဆန္ဒပြခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးတို့ကို ရုန်းရင်းဆန်ခတ်မှုပြစ်ဒဏ်၊ ရာဇသတ်ကြီးပုဒ်မ ၁၄၇ တို့ဖြင့်အမှုဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။
ထို့ပြင် မုံရွာအကျဉ်းထောင်အတွင်းရှိ ထောင်ပိုင်ကြီး၊ ထောင်ပိုင်၊ အိပ်ဆောင်မှူး၊ တိုက်တာဝန်ကျတပ်သား စုစုပေါင်း ၅ ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး တပ်ကြပ် ၄ ဦးကို ရာထူးမှ လျှော့ခဲ့ကြောင်း သိရသည်။
မုံရွာသပိတ်ဦးဆောင်ကော်မတီ တာဝန်ရှိသူတဦးက “ အစာငတ်ခံ ဆန္ဒပြနေတဲ့အချိန်မှာ အကျဉ်းထောင်ဘက်က ဒီလူတွေရဲ့ ကျန်းမာရေးအတွက် ဘာမှလုပ်ပေးတာမရှိတဲ့အတွက် ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဆန္ဒပြပြီး တောင်းဆိုတဲ့အတွက် ဒီထဲမှာ ဦးဆောင်တဲ့သူ ၊ ပါဝင်တဲ့သူတွေကို ရာဇသတ်ကြီးပုဒ်မ ၁၄၇ နဲ့ တရားစွဲထားတယ်” ဟု ပြောသည်။
ထောင်တွင်းအစာငတ်ခံဆန္ဒပြမှု၌ ပါဝင်ခဲ့သည့် ဝေမိုးနိုင်၊ ဘုန်းမြင့်အောင်၊ မိုးကျော်ထက်၊ နေဇင်ငြိမ်းထက်၊ နေဆန်း၊ ချမ်းငြိမ်းအောင်၊ ရဲရင့်သူ၊ ကျော်စိုးအေး၊ အောင်သူဟိန်းတို့ ၉ ဦးကို ထောင်တွင်း ပြစ်ဒဏ်လျှော့ရက် ၁ နှစ် ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထပ်တိုးအမှုဖွင့်ခံရသူများမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆို ထောင်ချခံထားရ သည့် ဝင်းကျော်ခေါင်၊ ဆန်းမြင့်လွင်၊ ပြည်စုံဖြိုး၊ ဝင်းခန့်ကို၊ ဘုန်းမြင့်ကျော်၊ ညီဟိန်း၊ သန်းဝေလွင်၊ ခိုင်မြဲကျော်၊ စည်သူ မောင်၊ မျိုးဆက်မောင်၊ သူရိန်မြင့်၊ ဝေယံထွန်း၊ ကောင်းထက်၊ မျိုးမင်းထွန်း၊ သူရိန်ဝင်း၊ ထက်နိုင်လင်း၊ နိုင်မှူးတို့ ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုရှင်းသန့်က “စစ်တပ်ကတော့ သူ့ရဲ့ရက်စက်ယုတ်မာမှုကို အမြဲပြနေတာပဲဖြစ်တယ်။ ကိုယ့်ဘာသာ ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့သူတွေ ၊ မတရား ဖမ်းဆီးခံရတဲ့သူတွေက ထောင်ထဲမှာ အေးအေးဆေးဆေးနေတာကိုပဲ နေလို့မရအောင် ရှာဖွေရေးလုပ်တယ်။ ပစ္စည်းတွေသိမ်းသွားတယ်။ ဒီလို လုပ်တာကို ပြန်ပေးဖို့တောင်းတယ်။ ပြန်မပေးလို့ အစာငတ်ခံဆန္ဒပြတောင်းဆိုတာ။ ဒါဟာ သူတို့လုပ်လို့ တောင်းဆို တာဖြစ်တယ်။ အဲဒါကို တောင်းဆိုလို့ဆိုပြီး နောက်ထပ်ပြစ်ဒဏ်တွေပေးတာတွေသည် လုံးဝ တရားမျှတမှု မရှိဘူး” ဟု ပြောသည်။
တပတ်တိတိ အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများသည် စိုးရိမ်ရသည့်အခြေအနေထိ ရောက်ရှိခဲ့ပြီး ခန္ဓာကိုယ်အလေးချိန်များ လျော့ကျခြင်း၊ အားဆေးသွင်းရခြင်းများအထိ ကြုံတွေ့ခဲ့ကြောင်း မုံရွာသပိတ် ဦးဆောင် ကော်မတီအဖွဲ့ဝင်များထံမှ သိရသည်။
မုံရွာအကျဉ်းထောင်တွင် ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့တွင် အကျဉ်းသားတဦးချင်းစီအတွက် ခွင့်ပြုပေးထားသည့် စာအုပ် ၊ စားအိုးစားခွက် ၊ အဝတ်အစား နှင့် အသုံးအဆောင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းယူသွားခြင်း ကြောင့် ပြန်ပေးရန် တောင်းဆိုရာမှ အစာငတ်ခံဆန္ဒပြမှု ပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက စတင်ကာ အကျဉ်းသား ၅၀ အထိ ပူးပေါင်းပါဝင်ခဲ့ကြသည်။
နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြတောင်းဆိုမှုကို အကျဉ်းထောင်အာဏာပိုင်များက စက်တင်ဘာလ ၁၃ ရက်နေ့က လိုက်လျောခဲ့ခြင်းကြောင့် ဆန္ဒပြမှု အဆုံးသတ်ခဲ့သော်လည်း ဆန္ဒပြမှုအတွင်း ပါဝင်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများကို ယခုကဲ့သို့ ထပ်တိုးအရေးယူမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
You may also like these stories:
မုံရွာထောင်တွင်း ပစ်ခတ်နှိမ်နင်းပြီးနောက် နိုင်/ကျဉ်း ၁၀၀ ခန့် ထောင်ပြောင်းခံရ
မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်နှစ် ၂၀ ထပ်မံချခံရ
နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ














