မြန်မာ-အိန္ဒိယနယ်စပ်၊ ကလေး-တမူး ကားလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ အပါအဝင် စစ်ကောင်စီစခန်း ၄ ခုကို ပြည်သူ့ကာကွယ် ရေးတပ် (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယခုရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ကလေး-တမူးကားလမ်းပေါ်ရှိ ခါမ်းပါတ်မြို့၊ ဝိတုတ်ကျေးရွာရဲစခန်း၊ ရာဇဂြိုဟ် ရဲဘက်အကျဉ်းစခန်းနှင့် ကလေးမြို့တောင် ပိုင်း မြောက်စည်းရဲစခန်းတို့ကို ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားခြင်း ဖြစ်သည်။
မြောက်စည်းရဲစခန်းနှင့် ရာဇဂြိုဟ် ရဲဘက်စခန်းတို့ကို နိုဝင်ဘာ ၅ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို နိုဝင်ဘာ ၆ ရက်၌ ဝိတုတ်ရဲစခန်းနှင့် ခါမ်းပါတ်ရဲစခန်း၊ နိုဝင်ဘာ ၇ ရက်တွင် ခါမ်းပါတ်တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ခေါင်းဆောင်တဦးက ဧရာဝတီကို အတည်ပြုသည်။
၎င်းက “ကျနော်တို့ သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီ စခန်းတွေထဲမှာ တချို့ကိုတော့ နယ်မြေရှင်းလင်းရေးလုပ်ပြီး ပြန်ဆုတ်ခွာ တာရှိတယ်။ ခါမ်းပါတ်မြို့နဲ့ တချို့စစ်ရေးအရ အရေးပါတဲ့ စခန်းတွေကိုတော့ ကျနော်တို့ တပ်စွဲထားတာရှိပါတယ်” ဟု ဆိုသည်။
ခါမ်းပါတ်မြို့သိမ်းတိုက်ပွဲနှင့် ဝိတုတ်ရဲစခန်းသိမ်းတိုက်ပွဲတို့တွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး ၁၀ ဦးကို တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သလို တချို့မှာလည်း ကလေးမြို့ဘက်သို့ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ကလေးမြို့မြောက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီသည် လေကြောင်းဖြင့် အကြိမ်ကြိမ် လာရောက်ဗုံးကြဲပြီး ပစ်ကူပေးသည့် အတွက် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ တချို့လည်းရှိကြောင်း ၎င်းတို့က ဆိုသည်။
ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ကို နိုဝင်ဘာ ၃ ရက်မှစတင်၍ ဝိုင်းပတ်တိုက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက် တွင် အမှတ် (၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ချင်းအမျိုးသားများကာကွယ်ရေးတပ် (CNDF) အပါအဝင် မဟာမိတ်တပ်များက အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။
လက်ရှိအချိန်၌ ကလေး-တမူးကားလမ်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စိုးမိုးထားပြီး ယနေ့တွင်လည်း တမူးမြို့ နယ်၊ ပန်းသာကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်နေကြောင်း သိရသည်။
ကလေးမြို့နယ်အတွင်းမှ ဒေသခံတဦးက “ကလေး-တမူးကားလမ်းက PDF တွေ စိုးမိုးထားတယ်လို့ ပြောလို့ရပေမယ့် ကားလမ်းတခုလုံးကိုတော့ သူတို့ မထိန်းချုပ်နိုင်သေးဘူး။ ကလေးမြို့ကနေ စစ်ကောင်စီတပ်ကလည်း နေ့တိုင်း လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေတော့ ကားတွေထွက်မရသေးဘူး” ဟု ပြောသည်။
ထိုသို့ တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရသည့် အခြေအနေကြောင့် ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-ကလေး) သို့ ခံစစ်အနေအထားပြင်ရန် တပ်များ ဆုတ်ခွာစုပေါင်းနေကြောင်း၊ လက်ရှိတွင် ကလေးမြို့နှင့် ၆ မိုင်ခန့်အကွာ ဖောင်ကုန်းတံတားအနီး စစ်ကောင်စီတပ်စခန်းနှင့် ကလေးမြို့ပေါ်ရှိ တပ်စခန်း များအနေဖြင့် စစ်ရေးအရ ခြိမ်းခြောက်ခံနေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
You may also like these stories:
ကလေး- တမူးလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ကို PDF သိမ်း
ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ
စစ်ကောင်စီတပ်ဖွဲ့များ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာစခန်း စွန့်ခွာထွက်ပြေး