စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိ အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ကောင်စီအား အရေးယူဆောင်ရွက်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလုပ်သမားအရေးဆောင် ရွက်သူများက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
NUG အလုပ်သမားဝန်ကြီး ဦးနိုင်သုဝဏ္ဏက “အခြေခံလူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို စစ်တပ် အနေနဲ့ လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆက်လက်ကျူးလွန်နေတဲ့အပေါ် ILO ရဲ့ အဖွဲ့အစည်း စည်းမျဉ်းများနဲ့အတူ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာနှင့်ပတ်သက်၍ NUG၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်စားလှယ်များ ဒီဇင်ဘာ ၇ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ILO အုပ်ချုပ်ရေးအဖွဲ့တွင် အလုပ်သမားကိုယ်စားလှယ်အနေဖြင့် ပါဝင်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM)မှ မဖြိုးစန္ဒာစိုးကလည်း “လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးကို စဉ်ဆက်မပြတ် ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ရရာနေရာကနေ အရေးယူသွားဖို့၊ ကျမတို့ရဲ့ နစ်နာခဲ့မှု၊ ချိုးဖောက်ခံရမှုတွေ ကို တရားမျှတမှု ပြန်လည်ရှာဖွေနိုင်ဖို့ နည်းလမ်းပေါင်းစုံ၊ ယန္တရားပေါင်းစုံ အသုံးပြုပြီး လုပ်ဆောင်သွားမယ်ဆိုတာကို ကတိကဝတ်ပြုလိုပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်၌ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင် (COI) က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပြီး မြန်မာစစ်ကောင်စီသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းစဉ်မှစတင်ကာ အလုပ်သမားများ အပေါ် ပုံစံမျိုးစုံဖြင့် အခွင့်အရေးချိုးဖောက်နေပြီး ထိုကဲ့သို့ချိုးဖောက်မှုများကို ရပ်တန့်ရန် တိုက်တွန်းထားသည်။
ထို့ပြင် စစ်ကောင်စီသည် မြန်မာနိုင်ငံအနေဖြင့် လိုက်နာရန် သဘောတူညီထားသည့် ILO ပြဋ္ဌာန်းချက်များထဲမှ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်နှင့် စုဝေးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် (အမှတ်-၈၇) ၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် (အမှတ်-၂၉) တို့အား စံချိန်တင်ချိုးဖောက်ခဲ့ကြောင်းလည်း COI ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မဖြိုးစန္ဒာစိုးက “မြန်မာနိုင်ငံအနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးခံရတာ ဒါဟာ ဒုတိယအကြိမ် မြောက် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်နှစ်ခါဖွဲ့ပြီး စစ်ဆေးခံရတဲ့နိုင်ငံ မရှိသေးပါဘူး။ တဖက် ကကြည့်ရင်တော့ ကျမတို့လို အလုပ်သမားရေးဆောင်ရွက်သူတွေ၊ လူအခွင့်အရေးဆောင်ရွက်သူတွေရဲ့ ကြိုးစား ဆောင်ရွက်မှုရလဒ်လို့ ပြောလို့ရသလို တဖက်က နိုင်ငံအနေနဲ့ပြန်ကြည့်ရင် ရှက်ဖို့အင်မတန်ကောင်းပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ မတ်လ၌ ILO အုပ်ချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ် ဆေးရေးကော်မရှင် (COI) ကို ဖွဲ့စည်းခဲ့ပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များအား အကြမ်းဖက်ခြင်း၊ အခြေခံပြည် သူ့အခွင့်အရေးများကို ထပ်ဖန်တလဲလဲချိုးဖောက်ခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုများ ပြန်လည်ဖြစ်ပွားလာမှုတို့အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
NUG လူ့အခွင့်အရေးဝန်ကြီး ဦအောင်မျိုးမင်းက “အဓမ္မအလုပ်စေခိုင်းမှုတွေ၊ လူသားအကာအကွယ်အဖြစ် စစ်အုပ်စု က ဆက်လက်ပြုလုပ်နေတယ်။ ဒီအတွက် အမှန်တရားဖော်ထုတ်ဖို့လိုသလို တရားမျှတမှုဖော်ဆောင်ဖို့ လိုအပ်ပါ တယ်။ ILO ရဲ့ လုပ်ထုံးလုပ်နည်းအရ ဆက်လက်ပြီး လုပ်ဆောင်သွားမယ့် လူ့အခွင့်အရေးချိုးဖောက်မှု၊ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်တဲ့ တရားမျှတမှုတွေ ဖော်ဆောင်တဲ့နေရာမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေနဲ့ရော၊ အလုပ်သမားရေးရာဝန်ကြီးဌာနအနေနဲ့ရော၊ NUG တခုလုံးအနေနဲ့ရော လက်တွဲပူးပေါင်းသွားဖို့ အဆင် သင့်ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် COI အစီရင်ခံစာပါ တွေ့ရှိချက်များကို ဖြေရှင်းပေးရန် ILO က အချိန် ၃ လ ပေးထားသော် လည်း ၂ လကျော်ကြာသည်ထိ တုန့်ပြန်ခြင်း မရှိသေးသကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းများလည်း မရှိကြောင်း သိရ သည်။
၃ လကြာသည်ထိ စစ်ကောင်စီဘက်မှ တုန့်ပြန်ဖြေရှင်းခြင်းမရှိပါက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် စစ်ကောင်စီအား အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် ILO က တရားစွဲတင်နိုင်သကဲ့သို့ တခြားသော ပိတ်ဆို့အရေးယူခြင်းများလည်းလုပ်နိုင်ကြောင်း NUG ဝန်ကြီးများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက ထောက်ပြပြောဆိုသည်။
လာမည့် မတ်လအတွင်း ကျင်းပမည့် ILO အုပ်ချုပ်မှု အစည်းအဝေးတွင်လည်း စစ်ကောင်စီကို အရေးယူနိုင်ရေးနှင့် NUG အစိုးရကို အသိအမှတ်ပြုရေး ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။
You may also like these stories:
အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို
မြန်မာ အလုပ်သမားသမဂ္ဂများ ပျောက်ကွယ်လာနေဟု ILO အစီရင်ခံ
ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် အလုပ်ကိုင်အခွင့်အလမ်း ဆိုးရွားစွာဆုံးရှုံးနေဟု ILO ဆို
ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် ဇွန်လအတွင်းဖွဲ့စည်းမည်














