စစ်ကောင်စီလက်အောက် တာဝန်ထမ်းနေသေးသည့် လေယာဉ်မှူးများ (လေသူရဲ) အနေဖြင့် ဂုဏ်သိက္ခာ အဖတ် ဆယ်နိုင်ရေး ပြည်သူ့ဘက်ရပ်တည်ကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ကြရန် ဖမ်းမိထားသည့် လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးက တိုက်တွန်းပြောဆိုသည်။
ဒီဇင်ဘာ ၁၉ ရက်တွင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State) က ထုတ်ပြန်သော ဖမ်းမိထားသည့် ဗိုလ်မှူး ခိုင်သန့်မိုး၏ ထွက်ဆိုချက် ရုပ်သံမှတ်တမ်း၌ ထိုသို့ တိုက်တွန်း ထားခြင်း ဖြစ်သည်။
၎င်းက “ကိုယ့်အမှားတွေကိုသိပြီးတော့ ပြည်သူတွေနဲ့အတူပူးပေါင်းပြီး၊ ပြည်သူရဲ့အကျိုးကိုကြည့်ပြီး ပြည်သူကို နောက် တခါ အလားတူထိခိုက်မှုမျိုးတွေမဖြစ်အောင် CDM လုပ်ချင်စိတ်ရှိတဲ့သူတွေဆိုရင် ကရင်နီပြည်ထဲမှာ လေယာဉ်ပျံ သန်းပြီး မြို့ထဲမှာမဟုတ်ဘဲ လမ်းဘေးဝဲယာမှာ Eject ခုန်ပြီး ပူးပေါင်းလို့ရပါတယ်။ CDM ဝင်လို့ရပါတယ်။ အဲဒီလိုလုပ် ခြင်းအားဖြင့် ကျနော်တို့လုပ်ခဲ့တဲ့အမှားတွေအတွက် အဖတ်ဆယ်ပြီး ဂုဏ်သိက္ခာကိုလည်း ပြန်ထိန်းနိုင်မယ်လို့ တိုက် တွန်းချင်ပါတယ်” ဟု ပြောသည်။
လေယာဉ်ကိုစွန့်ခွာပြီး လေထီးဖြင့်ခုန်ချလာသော လေယာဉ်မှူးများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည့်အတွက် လေထီးဖြင့်ခုန်ချကာ နီးစပ်ရာနေရာတွင် အလံဖြူထောင်ပြီး ပြည်သူနှင့် ပူးပေါင်းသင့်ကြောင်းလည်း ၎င်းက ဆိုသည်။
လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးသည် ကရင်နီတပ်ပေါင်းစုများ၏ ‘၁၁၁၁ စစ်ဆင်ရေး’ စတင်ခဲ့သည့် နိုဝင်ဘာ ၁၁ ရက် ဒီးမော့ဆိုမြို့နယ် ဘုရားဖြူတိုက်ပွဲတွင် K8W တိုက်လေယာဉ်မောင်းကာ လေကြောင်းဖြင့် စစ်ကောင်စီအတွက် တိုက် ခိုက်ပေးခဲ့သူ ဖြစ်သည်။
၎င်းက “ကယားပြည်နယ်ဘက်မှာဆိုရင် ဘုရားဖြူစစ်ဆင်ရေးမှာ ဗုံးကြဲတိုက်ခိုက်တဲ့စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ပါ တယ်။ ဒီလို လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး အပြစ်မဲ့တဲ့ပြည်သူတွေ ထိခိုက်ပျက်စီးတာ ပြန်ကြားရတော့ တကယ် လည်း စိတ်မကောင်းဖြစ်ပါတယ်။ နောင်တလည်းရပါတယ်။ ကျနော့်ကြောင့် သေကြေပျက်စီးသွားတဲ့ မိသားစုတွေကို လည်း ဝန်ချပြီးတောင်းပန်ချင်ပါတယ်။ ကျနော် ဗုံးကြဲလိုက်လို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့နေရာတွေ၊ တကွဲတပြားဖြစ်သွား တဲ့ မိသားစုတွေကိုလည်း ကိုယ်ချင်းစာပြီးတော့ နောင်တနဲ့ ဝန်ချပြီးတောင်းပန်ပါတယ်” ဟု ရုပ်သံမှတ်တမ်းတွင် ပြောဆိုထားသည်။
ယင်းနေ့က ကရင်နီတပ်ပေါင်းစုများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လေယာဉ်ပျက်ကျကာ လေထီးဖြင့်ခုန်ချခဲ့ပြီးနောက် နိုဝင်ဘာ ၁၉ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းနှင့်အတူ လေထီးဖြင့်ခုန်ထွက်ခဲ့သည့် တွဲဖက်လေယာဉ်မှူး ဗိုလ်ဇာနည် ထက်မောင်မှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
အသက် ၄၂ နှစ်အရွယ် ဗိုလ်မှူး ခိုင်သန့်မိုးသည် စစ်တက္ကသိုလ်အပတ်စဉ်-၄၄ (DSA-44) ကျောင်းဆင်းတဦးဖြစ်ကာ တောင်ငူလေတပ် စခန်းဌာနချုပ်မှဖြစ်ကြောင်း၊ လွတ်မြောက်နေဆဲ ၎င်း၏တွဲဖက်လေယာဉ်မှူး ဗိုလ်ဇာနည်မောင်အား ဖမ်းဆီးရမိရေး ဆက်လက်ရှာဖွေနေကြောင်း IEC က ထုတ်ပြန်ထားသည်။
ထို့ပြင် ဖမ်းမိထားသည့် ဗိုလ်မှူး ခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းလည်း IEC က အသိပေး ထားသည်။
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှ CDM ပြုလုပ်ထားသူ တပ်ကြပ် ကိုဇေယျက “လေတပ်က လေယာဉ်မှူးတွေက ငါတို့က လေတပ်က ပညာသည်တွေဖြစ်တဲ့အတွက် တော်ရုံတန်ရုံဘာမှမဖြစ်ဘူး။ ပညာသည်လိုပဲနေရမှာ။ အလွတ် ကြီးပါဆိုတဲ့ပုံစံနဲ့နေတာပေါ့။ တိုင်းပြည်မှာ မင်းအောင်လှိုင်လုပ်တာ မှန်တယ်၊ မမှန်ဘူး။ ဘယ်ဟာလုပ်သင့်လဲဆိုတာ သူတို့သိတယ်။ လေတပ်က အရာရှိတော်တော်များများက လူတော်တွေများပါတယ်။ ဗိုလ်မှူး ခိုင်သန့်မိုးတို့လည်း လူတော်တွေပါပဲ။ တော်တယ်ဆိုပေမယ့် ဒီအဖွဲ့ထဲ၊ ဒီစနစ်ထဲရောက်သွားရင် အကုန်ပျက်စီးသွားကြတာများတယ်။ ကိုယ်ကျင့်တရားတွေ၊ စိတ်ဓာတ်တွေပေါ့” ဟု မှတ်ချက်ပြုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖမ်းမိထားသည့် ဗိုလ်မှူး ခိုင်သန့်မိုးအား ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ် နေသည့် စစ်ရာဇဝတ်သားအဖြစ် ပြည်တွင်း၊ ပြည်ပဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
စစ်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်၍ ဂျီနီဖာသဘောတူညီချက်များအရ ဖမ်းမိထားသော စစ်သုံ့ပန်းများကို အခြေခံလူ့အခွင့်အရေးနှင့်အညီ လူသားဆန်စွာ ဆက်ဆံရမည်ဖြစ်ကြောင်း၊ ဒဏ်ရာရရှိပါကလည်း ဆေးကုသခွင့် ရရှိ ရမည်ဖြစ်ကြောင်း ဖော်ပြထားပြီး မြန်မာနိုင်ငံသည်လည်း အဆိုပါ သဘောတူညီချက်ကို လက်မှတ်ထိုးထားသည်။
စစ်ကောင်စီ၏ လုပ်ရပ်များကို လေ့လာစောင့်ကြည့်နေသည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာတစောင် တွင် စစ်တပ်အာဏာသိမ်းချိန်မှ ယခုနှစ်သြဂုတ်လထိ မြန်မာလေတပ်သည် လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၀၂ ကြိမ် ပြုလုပ်ထားပြီး ကလေးငယ်များ အပါအဝင် အရပ်သား ၆၈၇ ဦး သေဆုံးစေခဲ့ကြောင်း ဖော်ပြထားသည်။
You may also like these stories:
ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ
ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ
ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား
အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ