ယခုလက်ရှိမှာ စစ်တပ်ပြိုကွဲမယ့် အလားအလာဟာ စိတ်ကူးယဉ် မဟုတ်တော့ဘဲ တကယ်ဖြစ်နိုင်ခြေ အနေအထား ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စစ်တပ်ပြိုကွဲရင် စစ်တပ်ထိန်းချုပ် ကြီးစိုးထားတဲ့ တပြည်ထောင်စနစ် ပြိုကွဲခြင်းနဲ့အတူ စစ်အာဏာရှင် အသက်ဆိုးရှည်ရေးအတွက် စစ်အစိုးရအဆက်ဆက် တည်ဆောက်ခဲ့တဲ့ နိုင်ငံရေးဘောဂစနစ်ပါ တပါတည်း ဖြိုချဖို့လိုပါမယ်။
ဒီစစ်တပ်နဲ့ သူရဲ့ အကျိုးစီးပွားအုပ်စုတစုလုံးရဲ့ လက်ဝါးကြီးအုပ်ကြီးစိုးထားတဲ့ စီးပွားရေးအဆောက်အအုံ တခုလုံးဟာ စစ်အာဏာရှင်စနစ် တည်တံ့ရေးအတွက် ထောက်မ ပေးထားတဲ့ စနစ်ကြီးဖြစ်တဲ့အပြင် မြန်မာနိုင်ငံသားအားလုံးကို ဆင်းရဲတွင်းမှာ ဆယ်စုနှစ်များစွာ ရုန်းမထွက်နိုင်အောင် ထားခဲ့တဲ့ စနစ်ဆိုးကြီး ဖြစ်ပါတယ်။
ဒီစစ်တပ်ထိန်းချုပ်တဲ့ နိုင်ငံရေးဘောဂစနစ်ကြောင့် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ရရှိနိုင်တဲ့ အလားအလာ (economic potential) ကို အပြည့်အဝ မရရှိခဲ့ပါဘူး။ တိုင်းပြည် စီးပွားရေးတိုးတက်မှု ရှိခဲ့တဲ့အခါမှာလည်း အဲဒီအကျိုးအမြတ်ကို ပြည်သူတွေ မခံစားခဲ့ကြရပါဘူး။ ကိန်းဂဏန်းအချက်အလက် အတိအကျနဲ့ မသိရပေမယ့် စစ်အာဏာရှင်တွေဖြစ်တဲ့ နေဝင်း၊ သန်းရွှေနဲ့ အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်အထိ စစ်ခေါင်းဆောင်များနဲ့ သူတို့ရဲ့ ခရိုနီများတွင်သာ တိုင်းပြည်ရဲ့ ဥစ္စာဓနအားလုံးနီးပါး စုပြုံနေပြီး မြန်မာနိုင်ငံသား အများစုကတော့ ဆင်းရဲမြဲဆင်းရဲနေခဲ့တာကို လူအများစုသိမြင်ကြပါတယ်။
စစ်အာဏာရှင်တွေဖြစ်တဲ့ နေဝင်း၊ သန်းရွှေနဲ့ အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်အထိ စစ်ခေါင်းဆောင်များနဲ့ သူတို့ရဲ့ ခရိုနီများတွင်သာ တိုင်းပြည်ရဲ့ ဥစ္စာဓနအားလုံးနီးပါး စုပြုံနေပြီး မြန်မာနိုင်ငံသား အများစုကတော့ ဆင်းရဲမြဲဆင်းရဲနေခဲ့တာကို လူအများစုသိမြင်ကြပါတယ်။
ဆိုတော့ ဖယ်ဒရယ်၊ ကွန်ဖက်ဒရယ်ယူနစ်တွေကိစ္စ ဆွေးနွေးကြတဲ့အခါမှာ ဗဟိုနဲ့ ယူနစ်တွေအကြား နိုင်ငံရေး၊ အုပ်ချုပ်ရေးအာဏာ လုပ်ပိုင်ခွင့်၊ ခွဲဝေမှုတွေ ဘယ်လောက်ဖြစ်သင့်တယ်၊ ဘယ်မူတွေနဲ့ ခွဲဝေသင့်တယ် စတာတွေ ဆွေးနွေးကြရုံနဲ့ မပြီးပါဘူး။ ဒေသတွင်းရှိ ပြည်သူတွေရဲ့ လူမှုဘဝနဲ့ စားဝတ်နေရေးပြဿနာကို ဖြေရှင်းနိုင်မယ့် စီးပွားရေးကိစ္စကိုပါ ထည့်သွင်းစဉ်းစားဆွေးနွေးဖို့ လိုပါတယ်။
ဒီစစ်တပ်နဲ့ခရိုနီများ လက်ဝါးကြီးအုပ်ထားတဲ့ နိုင်ငံရေးဘောဂစနစ်နေရာမှာ စီးပွားရေးတရားမျှတမှု (economic justice)၊ လူမှုဖွံ့ဖြိုးမှု (social development) နဲ့ ပိုပြီးမျှတတဲ့ ဓနဥစ္စာပြန်လည်မျှဝေမှု (fairer wealth redistribution) စတဲ့ စံနှုန်းများနဲ့ နိုင်ငံသားအားလုံး အကျိုးရှိစေမယ့် စီးပွားရေးတိုးတက်မှု (inclusive economic growth) ကို ဖြစ်ထွန်းစေမယ့် နိုင်ငံရေးဘောဂစနစ်သစ်နဲ့ အမြန်ဆုံး အစားထိုးကုစားနိုင်ဖို့ ဖြစ်ပါတယ်။
စီးပွားရေးအရင်းအမြစ်များကို ချုပ်ကိုင်ထားတဲ့စစ်တပ် ပြိုလဲသွားတဲ့အခါ ဒီယူနစ်များကို အုပ်ချုပ်စီမံခန့်ခွဲဖို့ စဉ်းစားချက်တွေထဲမှာ ယူနစ်အသီးသီးမှာရှိတဲ့ အရင်းအမြစ်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ အခွန်တွေ ဘယ်လိုကောက်မလဲ၊ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးဖို့၊ စီးပွားရေးအဆောက်အအုံတွေ တည်ဆောက်ဖို့ ရင်းနှီးမြုပ်နှံမှုတွေ ဘယ်ကနေ ဘယ်လိုရှာမလဲ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖြစ်ပေါ်လာအောင် ဘယ်လိုလုပ်မလဲ၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု၊ ကုန်စည်စီးဆင်းမှု၊ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုဆောင်ရွက်မလဲ။
စီးပွားရေးအရင်းအမြစ်များကို ချုပ်ကိုင်ထားတဲ့စစ်တပ် ပြိုလဲသွားတဲ့အခါ ဒီယူနစ်များကို အုပ်ချုပ်စီမံခန့်ခွဲဖို့ စဉ်းစားချက်တွေထဲမှာ ယူနစ်အသီးသီးမှာရှိတဲ့ အရင်းအမြစ်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ အခွန်တွေ ဘယ်လိုကောက်မလဲ၊ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးဖို့၊ စီးပွားရေးအဆောက်အအုံတွေ တည်ဆောက်ဖို့ ရင်းနှီးမြုပ်နှံမှုတွေ ဘယ်ကနေ ဘယ်လိုရှာမလဲ
ပုဂ္ဂလိကကဏ္ဍနဲ့ စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးအားကောင်းလာအောင် ဘယ်လိုလုပ်မလဲ၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနဲ့ ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးဖို့ အားပေးမယ့် အင်စတီကျူးရှင်းတွေကို ဘယ်လို တည်ဆောက်မလဲ၊ ဒီအခြေအနေကောင်းတွေကို ဖြစ်ပေါ်စေနိုင်မယ့် တည်ငြိမ်တဲ့ မက်ခရိုစီးပွားရေးပတ်ဝန်းကျင် (ငွေကြေးစနစ်တည်ငြိမ်မှု၊ နိုင်ငံခြားငွေလဲလှယ်မှုစနစ် တည်ငြိမ်မှု၊ အလုပ်လက်မဲ့နှုန်း လျော့နည်းမှု စသည်) ကို ဘယ်လိုဖန်တီးမလဲ ဆိုတာတွေကို သေချာထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ နိုင်ငံရေးဘောဂစနစ်
ပထမဆုံး စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် စစ်အာဏာရှင်အဆက်ဆက် တည်ဆောက်ခဲ့တဲ့ နိုင်ငံရေးဘောဂစနစ်ရဲ့ ပြဿနာကို အကြမ်းဖျဉ်း အတိုချုပ်ဆွေးနွေးချင်ပါတယ်။ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်မှာ ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ မြန်မာနိုင်ငံဟာ၊ တိုင်းပြည်ရဲ့ သယံဇာတ၊ မြေယာနဲ့ အရင်းအမြစ်တွေကို အမြတ်ထုတ်ဖို့ အခြေခံတဲ့ ကိုလိုနီအရင်းရှင်စနစ်အောက်မှာလည်း တခါ ဆင်းရဲမှု၊ ဖိနှိပ်မှု ဆက်လက် ခံစားခဲ့ကြရပါတယ်။
ကိုလိုနီအရင်းရှင်စနစ်ရဲ့ ဆိုးကျိုးကို ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေနဲ့ အမျိုးသားခေါင်းဆောင်တွေဟာ ကိုလိုနီအရင်းရှင်စနစ်ရဲ့ အဆိပ်ဖြေဆေး (antidote) ဖြစ်တဲ့ လက်ဝဲနဲ့ ဆိုရှယ်လစ်ဝါဒ တိမ်းညွတ်မှုတွေ လွှမ်းမိုးခဲ့ကြပါတယ်။
လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာပင် အစိုးရက စီမံခန့်ခွဲတဲ့ planned economy ကို သွားဖို့ ကြိုးစားခဲ့ကြပါတယ်။ ဈေးကွက်တွန်းအားတွေနဲ့ သဘာဝအလျောက်မောင်းနှင်တဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ စီးပွားရေးဆိုင်ရာ အင်စတီးကျုးရှင်းတွေအပေါ်မှာ သံသယစိတ်အရင်းခံ ရှိခဲ့ကြပါတယ်။
နောက် လွတ်လပ်ရေးရပြီးစမှာ အိန္ဒိယလူမျိုးအရင်းရှင်များ ကြီးစိုးတဲ့ စီးပွားရေးလောကကို မြန်မာပြည်သူများ အကျိုးခံစားဖို့ ကြိုးစားခဲ့တဲ့ စီးပွားရေးပေါ်လစီတွေကိုလည်း ကျင့်သုံးခဲ့ပါတယ်။ အဲဒီပေါ်လစီတွေကလည်း စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုတဲ့ အင်စတီကျုးရှင်းတွေကို ချိနဲ့စေခဲ့ပြန်ပါတယ်။ ဦးနုအစိုးရ အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တဲ့ ပြည်တော်သာစီမံကိန်း (၁၉၅၂-၅၉) ကလည်း မအောင်မြင်ခဲ့ပါ။
လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာပင် အစိုးရက စီမံခန့်ခွဲတဲ့ planned economy ကို သွားဖို့ ကြိုးစားခဲ့ကြပါတယ်။ ဈေးကွက်တွန်းအားတွေနဲ့ သဘာဝအလျောက်မောင်းနှင်တဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ စီးပွားရေးဆိုင်ရာ အင်စတီးကျုးရှင်းတွေအပေါ်မှာ သံသယစိတ်အရင်းခံ ရှိခဲ့ကြပါတယ်။
၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတဲ့ ဗိုလ်ချုပ် နေဝင်းရဲ့ စစ်အစိုးရ (၁၉၆၂-၁၉၈၈) က မြန်မာနည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ် အသက်သွင်းဖို့ ကြိုးစားခဲ့ပြန်ပါတယ်။ ကွန်မြူနစ်တွေကို မုန်းတီးတဲ့၊ နိုင်ငံခြားသား အရင်းရှင်တွေကို စက်ဆုပ်မှုအပေါ် အခြေခံပြီး အရပ်သား နိုင်ငံရေးသမားများအပေါ် ယုံကြည်မှုမရှိတဲ့ စေ့စော်မှုတွေကနေ စစ်တပ်အာဏာတည်မြဲဖို့ လိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေး အုတ်မြစ်ဖြစ်တဲ့ အင်စတီကျူးရှင်းတွေ စတင်တည်ဆောက်တာကို တွေ့ရပါတယ်။
စစ်တပ်ဖူလုံရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စစ်တပ်စီးပွားရေးလုပ်ငန်းတွေ စတည်ထောင်သလို ဆိုရှယ်လစ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပုဂ္ဂလိကလုပ်ငန်းတွေကို နိုင်ငံပိုင်သိမ်းခဲ့ပါတယ်။ ဒီနေရာမှာ “နိုင်ငံပိုင်၊ ပြည်သူပိုင်” ဆိုတဲ့ အသုံးအနှုန်းဟာ ဒီနေ့အထိ စီးပွားရေးလုပ်ငန်းရှင်များကို စက်ဆုပ်စေပါတယ်။
ဘာလို့လဲဆိုတော့ သူတို့ရဲ့ အစွမ်းအစနဲ့ ရှာဖွေရင်းနှီးမှုက ရခဲ့တဲ့ ဓနဥစ္စာကို “ပြည်သူပိုင်” ဆိုပြီး အုပ်ချုပ်သူ (စစ်တပ်) ကသာ လုယက်သိမ်းယူခြင်း ဖြစ်ခဲ့ပါတယ်။ စစ်အာဏာရှင် နေဝင်းရဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ဟာ နိုင်ငံ၊ အုပ်ချုပ်သူအာဏာရှင်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ အသုံးစရိတ်၊ ကုန်ကျစရိတ်များကို ပြည်သူက ထမ်းရွက်ရပြီး ရရှိတဲ့ အရင်းအမြစ်၊ ဓနအကျိုးစီးပွား အားလုံးကို ထိုအုပ်ချုပ်သူအာဏာရှင်နဲ့ လူတစုကသာ ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။
နောက် ၁၉၈၈ မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ် သန်းရွှေရဲ့ စစ်အစိုးရ (၁၉၈၈-၁၉၁၀) က ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်ဆိုပြီး liberalization လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်ဆိုရင် အဲဒီအချိန်ဟာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ globalization wave တခု ဖြတ်သန်းအားကောင်းတဲ့ အချိန်ဖြစ်ခဲ့တဲ့အတွက်ကြောင့် အိမ်နီးနားချင်း အာရှနိုင်ငံအတော်များများ (စင်ကာပူ၊ ထိုင်း၊ ထိုင်ဝမ်၊ တောင်ကိုးရီးယား စသည်တို့မှာ) စီးပွားရေး တဟုန်ထိုး တိုးတက်ခဲ့ပါတယ်။
မြန်မာပြည်က စစ်အာဏာရှင်ခေါင်းဆောင်တွေက ထိုအခွင့်အရေးကို သိရှိပေမယ့် သူတို့ရဲ့ ညံ့ဖျင်းမှုနဲ့ စစ်အာဏာရှင်စနစ် တည်မြဲဖို့ကို အလေးပေးတဲ့အတွက် အဲဒီအခါက တံခါးမဖွင့်တဖွင့် ကျင့်သုံးခဲ့တဲ့ စီးပွားရေးဖြေလျော့မှုဟာ မြန်မာ့စီးပွားရေးတခုလုံးအနေနဲ့ တိုးတက်မှုမရှိခဲ့ပါဘူး။
မြန်မာပြည်က စစ်အာဏာရှင်ခေါင်းဆောင်တွေက ထိုအခွင့်အရေးကို သိရှိပေမယ့် သူတို့ရဲ့ ညံ့ဖျင်းမှုနဲ့ စစ်အာဏာရှင်စနစ် တည်မြဲဖို့ကို အလေးပေးတဲ့အတွက် အဲဒီအခါက တံခါးမဖွင့်တဖွင့် ကျင့်သုံးခဲ့တဲ့ စီးပွားရေးဖြေလျော့မှုဟာ မြန်မာ့စီးပွားရေးတခုလုံးအနေနဲ့ တိုးတက်မှုမရှိခဲ့ပါဘူး။
သို့ပေမယ့် သယံဇာတအရင်းအမြစ်တွေကို ပိုမိုထုတ်လုပ်နိုင်တဲ့ နည်းပညာနဲ့အရင်းအနှီးတွေ ရအောင်လုပ်ခဲ့တဲ့အတွက် ထွက်လာတဲ့အကျိုးအမြတ်တွေကို စစ်ခေါင်းဆောင်နဲ့ သူတို့ အသစ်ဖန်တီးလိုက်တဲ့ ခရိုနီတစု များစွာ ချမ်းသာကြွယ်ဝလာခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ အရပ်သားတပိုင်း စစ်အစိုးရခေတ် (၂၀၁၁-၂၀၁၅) မှာ လေကြောင်းလိုင်း၊ ဓာတ်ဆီဆိုင်၊ တယ်လီကွန် ဆက်သွယ်ရေးစတဲ့ တချို့နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကဘက် လွှဲပြောင်းပေးခဲ့ပေမယ့် အဲဒီဖြစ်စဉ်တွေမှာလည်း ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် စတာတွေ မရှိဘဲ စစ်တပ်နဲ့နီးစပ်တဲ့ မိသားစုတွေနဲ့ ခရိုနီများသာ ရရှိခဲ့တဲ့အတွက် ပြည်သူအများစုအတွက် အကျိုးရှိသင့်သလောက် မရှိခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရခေတ် (၂၀၁၆-၂၀၂၀) မှာ ကြိုးပမ်းခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာလည်း စစ်တပ်နဲ့ စစ်တပ် အကာအကွယ်ပေးထားတဲ့ ခရိုနီလုပ်ငန်းရှင်များက “အမျိုးသားအကျိုးစီးပွား ကာကွယ်ရေး” ဆိုတဲ့ ခေါင်းဆောင်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ liberalization လုပ်ဖို့ ကြိုးပမ်းမှုတွေကို များစွာ နှောင့်ယှက်ဟန့်တားခဲ့ပါတယ်။
ဒါ့အပြင် တရားဝင်စီးပွားရေးစနစ်အတွင်းမှာ မရှိတဲ့ မူးယစ်ဆေးဝါး၊ မှောင်ခိုလုပ်ငန်းတွေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ ပေါ်လာတဲ့ ကျားဖြန် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလို မသမာမှုတွေ ပိုမိုတိုးပွားလာစေတဲ့ illicit economy တရားမဝင် စီးပွားရေးရပ်ဝန်းကိုပါ ဖြစ်ပေါ်စေပြီး ပြည်သူအကျိုးနဲ့ နိုင်ငံစီးပွားရေးနဲ့ နိုင်ငံရဲ့ နိုင်ငံတကာပုံရိပ်ကို များစွာထိခိုက်နစ်နာစေပါတယ်။
စစ်အာဏာရှင်စနစ် ခေတ်အဆက်ဆက်မှာ ပြည်သူလူထု လူမှုဘဝနဲ့ နေထိုင်မှုဘဝ အဆင့်မြင့်တက်နိုင်စေမယ့် တရားမျှတတဲ့ စီးပွားရေးစနစ်တခု တည်ဆောက်ဖို့ အခွင့်အရေး မရရှိခဲ့တဲ့အတွက် စစ်တပ်ပြိုကျတဲ့အခါမှ ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်ဖို့ လိုပါတယ်။
ဖက်ဒရယ်၊ ကွန်ဖက်ဒရယ်ယူနစ်များရဲ့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးဖို့
စစ်တပ်ပြိုလဲတဲ့အခါ စစ်တပ်ထိန်းချုပ်ထားတဲ့ ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ စနစ်နေရာမှာ ဒေသအလိုက် အုပ်ချုပ်မှုအားကောင်းတဲ့ ဒေသဆိုင်ရာ အစိုးရများ ပေါ်ပေါက်လာမှာ ဖြစ်တဲ့အတွက် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုကို လုပ်ဆောင်နိုင်မယ့် အခွင့်အာဏာ ဒေသအစိုးရများမှာ ရှိလာမှာဖြစ်ပါတယ်။
ဒေသတွင်း လူသားအရင်းအမြစ်၊ ကုန်ထုတ်စွမ်းအားအရင်းအမြစ်၊ သဘာဝသယံဇာတ အရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲပြီး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေး တိုးမြှင့်ရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိတဲ့ လူမှုဝန်ဆောင်မှုများ ပေးဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ကုန်ထုတ်လုပ်မှု အဆောက်အအုံများ ဖွံ့ဖြိုးရေးတို့အတွက် ဘဏ္ဍာရေးနဲ့စီးပွားရေး ပေါ်လစီကောင်းတွေ ချမှတ်ပြီး ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ဖို့ အခွင့်အလမ်း ရရှိမှာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် ဒေသအစိုးရတွေတိုင်းမှာ ဒေသနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ စီးပွားရေး၊ ဘဏ္ဍာရေးကိစ္စတွေမှာ အခွင့်အာဏာ အပြည့်အဝရရှိရမှာ ဖြစ်ပါတယ်။
မက်ခရိုစီးပွားရေးတည်ငြိမ်မှုနှင့် နိုင်ငံရေးတည်ငြိမ်မှု
ဖယ်ဒရယ်၊ ကွန်ဖက်ဒရယ်ယူနစ်များရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးရဲ့ ဘုံအကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးတည်ငြိမ်မှုနဲ့ မက်ခရိုစီးပွားရေးတည်ငြိမ်မှု (ငွေကြေးစနစ်တည်ငြိမ်မှု၊ နိုင်ငံခြားငွေလဲလှယ်မှုစနစ်၊ ပြည်ပကုန်သွယ်ရေး တိုးမြှင့်မှု၊ မက်ခရိုအဆင့် အလုပ်လက်မဲ့ လျော့နည်းစေမှု စသည်) တို့ကို ရှိဖို့လည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ် ခေတ်အဆက်ဆက်မှာ ပြည်သူလူထု လူမှုဘဝနဲ့ နေထိုင်မှုဘဝ အဆင့်မြင့်တက်နိုင်စေမယ့် တရားမျှတတဲ့ စီးပွားရေးစနစ်တခု တည်ဆောက်ဖို့ အခွင့်အရေး မရရှိခဲ့တဲ့အတွက် စစ်တပ်ပြိုကျတဲ့အခါမှ ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်ဖို့ လိုပါတယ်။
စစ်တပ်ပြိုကျပြီးနောက် နိုင်ငံရေးစီးပွားရေး တည်ငြိမ်မှု တစုံတရာရရှိအောင် မဆောင်ရွက်နိုင်ပါက စစ်တပ်ကဲ့သို့ အာဏာ၊ လက်နက်နဲ့ ဓနအင်အားသုံးပြီး အများပြည်သူ၊ တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို ဖျက်စီးမယ့် အင်အားစုတစု ထပ်မံ မွေးဖွား အစားထိုးလာနိုင်တဲ့ အန္တရာယ်ရှိတာကိုလည်း သတိပြုရပါမယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter) မှာ ဖော်ပြထားတဲ့အတိုင်း ပြည်ထောင်စုအဖွဲ့ဝင် (ပြည်နယ်/ဖက်ဒရယ်/ကွန်ဖက်ဒရယ်ယူနစ်) များ အားလုံးရဲ့ ဘုံအကျိုးစီးပွားအတွက် ကျင့်သုံးဖို့ လိုအပ်တဲ့ အခွင့်အာဏာတွေ ပြည်ထောင်စုအစိုးရမှာ ရှိဖို့လိုအပ်ပါလိမ့်မယ်။ သို့ပေမယ့် အရင်အတိတ်မှာဖြစ်ခဲ့တဲ့ သမိုင်းအမှားတွေကို သင်ခန်းစာယူပြီး၊ မြန်မာပြည်သူပြည်သား တိုင်းရင်းသားအားလုံးရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောင့်နိုင်မယ့် ပြည်ထောင်စုအစိုးရမျိုးကို ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။
နိုင်ငံရေးဘောဂစနစ်သစ်
အချုပ်ဆိုရရင် ဖယ်ဒရယ်၊ ကွန်ဖက်ဒရယ်ယူနစ်ကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ ဒေသတွင်းရှိ ပြည်သူတွေရဲ့ လူမှုဘဝနဲ့ စားဝတ်နေရေးပြဿနာကို ဖြေရှင်းရမယ့်တာဝန်ကိုလည်း ဆွေးနွေးဖို့လိုပါတယ်။ ယူနစ်တွေကို အုပ်ချုပ်ကြမယ့် အဖွဲ့အစည်းနဲ့ ခေါင်းဆောင်များဟာ သူတို့ဒေသအသီးသီးရဲ့ ပြည်သူများ စားဝတ်နေရေးနဲ့ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားလာဖို့ စီးပွားရေးစနစ်ကောင်းကို ဖန်တီးနိုင်မယ့် နိုင်ငံရေးဘောဂစနစ်သစ်တခုကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။
အရင်အတိတ်မှာဖြစ်ခဲ့တဲ့ သမိုင်းအမှားတွေကို သင်ခန်းစာယူပြီး၊ မြန်မာပြည်သူပြည်သား တိုင်းရင်းသားအားလုံးရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောင့်နိုင်မယ့် ပြည်ထောင်စုအစိုးရမျိုးကို ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။
ယူနစ်များ၊ ဒေသအစိုးရများ အားကောင်းလာစေပြီး၊ ဗဟိုအာဏာ လျော့ကျလာမယ့် အခင်းအကျင်းကို ဖန်းတီးရမှာဖြစ်သလို နိုင်ငံသား၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်မယ့် ပြည်ထောင်စုအစိုးရကိုလည်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။
ဒါမှသာ အခုအသက်သွေး၊ အိုးအိမ်၊ စည်းစိမ်မြောက်များစွာ အဆုံးအရှုံးခံပြီး တိုက်ယူထားရတဲ့ ကြီးမားတဲ့ တော်လှန်ရေးအောင်ပွဲကနေ ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးကို ဦးတည်တဲ့ တရားမျှတတဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မှာဖြစ်သလို နောက်ထပ် မတရား ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်မယ့် အုပ်ချုပ်သူ လူတန်းစားတရပ် မပေါ်ပေါက်လာဖို့လည်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။
(ခင်ဦးသည် လူထုရေးရာမူဝါဒ သုံးသပ်သူနှင့် မြန်မာ့နိုင်ငံရေးဆိုင်ရာ ဘောဂဗေဒ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
တပြည်ထောင်စနစ် ပြိုကွဲခြင်းကို တားဆီးမရ
စစ်ကောင်စီ စီးပွားရေး ဦးမမော့ဘဲ စုန်းစုန်းသာမြုပ်မည်
စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး
စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို