ကယားပြည်နယ်နှင့် ဆက်စပ်နေသည့် ရှမ်းပြည်နယ် ဖယ်ခုံမြို့တွင် ကရင်နီပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ် တို့ကြား တိုက်ပွဲပြင်းထန်နေရာ မြို့တွင်းအချက်အချာနေရာများကို ပူးပေါင်းတပ်များက စိုးမိုးထားကြောင်း ကရင်နီ တပ်မတော် (KA) ထံမှ သိရသည်။
ကရင်နီပူးပေါင်းတပ်များသည် မိုးဗြဲမြို့ကို သိမ်းပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းမှစ၍ ဖယ်ခုံမြို့နယ်ထဲ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ ယမန်နေ့က ဖယ်ခုံမြို့တွင်း နန်းဟူးရပ်ကွက်၊ မိုးဗြဲဆည်အနောက်ဘက် ကမ်းရှိ စရဲစခန်းကို ကရင်နီပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း KA ဘက်က ဆိုသည်။
KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က “ဖယ်ခုံမြို့ တဝက်လောက် သိမ်းနိုင်ပါပြီ။ ပေးဆပ်မှုတွေ ရှိပါတယ်။ လက်နက် ကြီးနဲ့ လေယာဉ်ဗုံးထိ သေဆုံးတဲ့ ပြည်သူတွေရှိတယ်” ဟု မြေပြင်မှပေးပို့သည့် အချက်အလက်များကို ကိုးကား၍ ဧရာဝတီကို ပြောသည်။
ပြည်သူများ မြို့ထဲတွင် ပိတ်မိနေပြီး အရေအတွက် အတိအကျမသိရသေးကြောင်း၊ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် များက နေ့စဉ်ကယ်ထုတ်နေကြောင်း၊ ဖယ်ခုံမြို့တွင် ဖုန်းလိုင်းများ ပြတ်တောက်နေသည်မှာ ၁ လနီးပါးရှိနေပြီဖြစ် ကြောင်း ၎င်းက ဆိုသည်။
ဖယ်ခုံမြို့၌ တိုက်ပွဲများပြင်းထန်နေစဉ် နေအိမ်ဖောက်ထွင်း ခိုးယူသူများလည်းရှိနေပြီး ပြည်သူပိုင်ပစ္စည်း ခိုးယူသူများကို ကရင်နီပူးပေါင်းတပ်မှ ရဲဘော်များက ဖမ်းဆီးထားကြောင်း KA ထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသည့် တယ်လီဂရမ်ချန်နယ်များကမူ မိုးဗြဲမြို့ထဲရှိ ဘဏ် တခုရှေ့ သို့ ရောက်လာသည့် ကရင်နီပူးပေါင်းတပ်မှ ရဲဘော်အချို့၏ ဓာတ်ပုံများဖော်ပြကာ ၎င်းတို့ကြောင့် ကရင်နီ (ကယား) ပြည်နယ် ပျက်ရသည်ဟု ပြစ်တင်ရေးသားထားသည်။
ကရင်နီပူးပေါင်းတပ်များသည် ဖယ်ခုံမြို့နယ်ထဲမှ စစ်ကောင်စီ၏ ရွှေပြည်အေးနှင့် လွယ်ပတာစခန်းများကို ဒီဇင်ဘာ ၂၃၊ ၂၄ နှင့် ၂၅ များ၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဖယ်ခုံမြို့တွင်းအထိ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
ဖယ်ခုံမြို့ထဲတွင် စစ်ကောင်စီ၏ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ) ရှိပြီး ခြေမြန်တပ်ရင်း ခမရ-၃၃၆ အပါအဝင် ခမရ-၄၂၁ နှင့် ဆေးတပ်ဆွယ်တခု ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က လက်နက်မချဘဲ ကရင်နီ ပူးပေါင်းတပ်များကို တုံ့ပြန်တိုက်ခိုက်နေသဖြင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေခြင်းဖြစ်ကြောင်း ကရင်နီပူးပေါင်းတပ် များနှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) ကလည်း ဖယ်ခုံမြို့မြောက်ဘက်ရှိ ကုန်းဆုံရွာ ဘုန်းကြီးကျောင်းတိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများကို ဇန်နဝါရီ ၈ ရက်တွင် မီးရှို့သဂြိုဟ်ပေးခဲ့ရကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ သတင်းထုတ်ပြန်ထားသည်။
ဖယ်ခုံ PDF က ထုတ်ပြန်သည့် အဆိုပါရုပ်သံဖိုင်တွင် တပ်မ-၅၅ ဘက်တံဆိပ်ဖြင့် မြေပြင်၌ လဲကျသေဆုံး နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၅ လောင်းထက်မနည်းကို တွေ့ရသည်။
You may also like these stories:
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲ
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
လွိုင်ကော် တိုက်ပွဲပြင်းထန် အရပ်သားများ ပိတ်မိနေ