ရန်ကုန်ရှိ အင်းစိန်ထောင်တရားရုံးက မြန်မာမှ ရှေ့ဆောင်လမ်းပြ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူများအနက် တဦးဖြစ်သော ရှင်ဒေဝီကို အကြမ်းဖက်မှုစွပ်စွဲချက်များဖြင့် ဇန်နဝါရီလ ၃ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်း ချလိုက်သည်ဟု မိသားစုဝင် သတင်းရင်းမြစ်များက ပြောသည်။
အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းနှင့် အားပေးကူညီခြင်းအတွက် သူ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ချခြင်းဖြစ်သည်။
စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့ဝင်များကို အကြမ်းဖက်မှုဖြင့် စွပ်စွဲလေ့ရှိသည်။
အသက် ၅၀ ရှိပြီဖြစ်သော ရှင်ဒေဝီနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက သူသည် တော်လှန်ရေး အင်အားစုများ လှုပ်ရှားနေသည့်နေရာများမှ အရပ်သားများကို လှူဒါန်းမှု ပြုလုပ်ခြင်းသာဖြစ်ကြောင်း ပြောသည်။
“သူဟာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူနဲ့ စေတနာ့ဝန်ထမ်းသာဖြစ်ပြီး ဘာပြစ်မှုမှ မကျူးလွန်ဘူး။ မိသားစုက သူအိမ်ပြန်လာတာကိုပဲ လိုချင်တယ်” ဟု သတင်းရင်းမြစ်တခုက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ရှင်ဒေဝီကို အောင်မင်္ဂလာ အဝေးပြေးဂိတ်တွင် ဒရုန်းတစီးဖြင့် တွေ့ပြီးနောက် စစ်သားများက ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဖမ်းခဲ့သည်။
စစ်ကြောရေးတွင် တပတ်ခန့် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု သူ့ကို ရဲစခန်းတွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများဖြင့် တွေ့ခဲ့သည့် ထောင်သတင်းရင်းမြစ်တခုက ပြောသည်။
ဖမ်းဆီးခံရပြီးနောက်ပိုင်း သူ့ကို ဆွေမျိုးများက မတွေ့ရဘဲ ထောင်ချခံရခြင်းကိုလည်း ထောင်သတင်း ရင်းမြစ်များထံမှသာ သိရသည်။
ရှင်ဒေဝီသည် ပြည်တွင်းပြည်ပ မှတ်တမ်းရုပ်ရှင်ဆုများ ရခဲ့သည်။ ပန်းချီဆရာ ရာဟုလာအကြောင်း သူ၏မှတ်တမ်းရုပ်ရှင်သည် မြန်မာတွင် လူသိများသည်။
“Now I Am 13” အမည်ရှိ ၂၀၁၃ ခုနှစ်က သူ၏မှတ်တမ်းရုပ်ရှင်သည် မိသားစုက ဆင်းရဲနွမ်းပါးသောကြောင့် ပညာသင်ကြားခွင့်မရဘဲ ရုန်းကန်နေရသည့် ဆယ်ကျော်သက်ရွယ် မိန်းကလေး၏ဘဝကို သရုပ်ဖော်သည်။
ထိုမှတ်တမ်းရုပ်ရှင်သည် Kota Kinabalu နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ငွေတံဆိပ်ဆုရပြီး မြန်မာမှ ၂၀၁၄ ခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရသည်။
ရှင်ဒေဝီသည် သူတပါးကို ကူညီရန် အမြဲတမ်း စိတ်အားထက်သန်သူဖြစ်ကြောင်း မိသားစုရင်းမြစ်များက ပြောသည်။
သူသည် ဒီမိုကရေစီဆန္ဒပြပွဲများတွင် ပါဝင်သောကြောင့် ၁၉၉၀ ပြည့်နှစ်တွင် ထောင် တလနှင့် ၁၉၉၁ ခုနှစ်တွင် ထောင်တနှစ် ချခံရခဲ့ဖူးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Jails Award-Winning Filmmaker for Life ကို ဘာသာပြန်သည်။)
You may also like these stories:
လေးစားအားကျဖွယ် ထက်မြက်သော အမျိုးသမီးများ (၇)
၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ
လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်တွင် ပြသမည့် မှတ်တမ်းရုပ်ရှင်တကား ဆင်ဆာထိ