ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်၌ ယမန်နေ့က စတင်ခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ ထိုးစစ် ကြောင့် တရုတ်-မြန်မာနယ်စပ်အနီး မန့်ဝိန်းကြီးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တရုတ်နိုင်ငံဘက် ထွက်ပြေးရကြောင်း မန့်ဝိန်းကြီးရွာခံအချို့က ပြောသည်။
မံစီမြို့ အရှေ့တောင်ဘက်၊ တရုတ်-မြန်မာနယ်စပ်အနီး မန့်ဝိန်းကြီးရွာတွင် စစ်ကောင်စီ အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ ခမရ ၄၂၄ မှ တပ်ဖွဲ့ဝင်များ အခြေစိုက်ထားပြီး KIA တပ်မဟာ ၃ နှင့် ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) တို့သည် ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၂ နာရီကျော် အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီးနောက် အရေးနိမ့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေလီမြစ် ကိုဖြတ်၍ မန့်ဝိန်းကြီးနှင့် ၄ မိုင်အကွာရှိ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ဧရာဝတီကို ပြောသည်။
Facebook လူမှုကွန်ရက်တွင်လည်း မန့်ဝိန်းကြီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဟု ယူဆရသူ ၁၇ ဦးသည် လက်နက်ငယ် များကိုင်ဆောင်၍ မြစ်ကိုဖြတ်ကျော်နေသည့် ရုပ်သံဖိုင်တခု ထွက်ပေါ်နေသည်။
တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တရုတ်နိုင်ငံမှ ဒေသဆိုင်ရာအာဏာပိုင်များက ဇန်နဝါရီ ၂၂ ရက်တွင် မူဆယ်မြို့မှတဆင့် စစ်ကောင်စီတပ်ထံ ပြန်လွှဲပေးလိုက်ကြောင်း သတင်းများထွက်နေသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြောင်း ပြောဆိုခြင်းမရှိဘဲ မန့်ဝိန်းကြီးတွင် စစ်ကောင်စီ၏ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ခန့်ကို အရှင်ဖမ်းမိထားကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “ခမရ (၄၂၄) တပ်က ဒုတပ်ရင်းမှူးအပါအဝင် ၃၀ လောက်ကို အရှင်ဖမ်းမိထားပါတယ်။ သူတို့က အလံဖြူထောင် လက်နက်ချတာလား။ အဖမ်းခံရတာလားဆိုတာတော့ မသိသေးပါဘူး။ လတ်တလောတော့ သူတို့ကို ထိန်းသိမ်းထားပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ဗိုလ်မှူးကြီးနော်ဘူက မန့်ဝိန်းကြီးသည် တရုတ်နိုင်ငံ ရွှေလီမြို့သို့ သွားမည်ဆိုပါက အရေးပါသည့် ဒေသဖြစ် သလို ကချင်ပြည်နယ်မှ တဆင့် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့သို့ သွားမည်ဆိုပါက ဖြတ်သန်းရသော နေရာဖြစ်သဖြင့် ပထဝီ အနေအထားအရ အဓိကကျသည့် ဒေသဖြစ်ကြောင်း ပြောသည်။
ထိုသို့ အရေးပါသည့် မန့်ဝိန်းကြီးရွာကို KIA က တိုက်ခိုက်ရာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကိုလည်း ကြုံရပြီး တိုက်ပွဲအပြင်းအထန်ဖြစ်သည့် ဇန်နဝါရီ ၂၁ ရက် နံနက် ၁၀ နာရီတွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသအခြေစိုက်မီဒီယာဖြစ်သော Kachin News Group တွင် မန့်ဝိန်းကြီး၊ ကောင်းခန့် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ တပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်း ဖမ်းဆီးရမိထားပြီး လက်နက်ချ အညံ့ခံသူများရှိသလို ထွက်ပြေးသူများကို KIA နှင့် KPDF မှ လမ်းခုလတ်နှင့် တရုတ်နယ်စပ်တလျှောက်တွင် ဖမ်းဆီးရမိသူများလည်းရှိကြောင်း ဖော်ပြထားသည်။
လက်ရှိတွင်မန့်ဝိန်းကြီးကို KIA တပ်မဟာ ၃ နှင့် KPDF များ ထိန်းချုပ်ထားပြီး စစ်ရှောင်ပြည်သူများလည်း မိမိအိမ်သို့ ပြန်လာနေကြပြီဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့များကလည်း အရပ်သားများကို ကောင်းမွန်စွာပြောဆိုဆက်ဆံပြီး အတင်းအကျပ် စစ်ဆေးခြင်းများ မရှိကြောင်း ရွာသို့ပြန်လာနေထိုင်သော ဒေသခံအမျိုးသားက ပြောသည်။
၎င်းက “အခုတော့ အိမ်ပြန်လာနေပါပြီ။ တခြားသွားစရာနေရာလည်း မရှိတော့ ပြန်လာရတာပေါ့။ ဈေးတွေဘာတွေ ရောင်းတာတော့ မရှိသေးဘူးဗျ။ ဒီနေ့မနက်ကျတော့မှပဲ ကိုယ့်အိမ်ကိုယ်ပြန်လာကြည့်ကြတာ။ အခုလောလောဆယ်တော့ ကျောင်းတွေလည်း ပိတ်ထားတယ်။ ကုန်စည်ကတော့ ဝယ်ရတာ နည်းနည်းတော့ အခက်အခဲရှိတယ်။ လိုင်းကတော့ ပြတ်လိုက် ၊ ရလိုက်ဖြစ်နေတယ်။ တရုတ်အင်တာနက်လိုင်းကိုပဲ အားကိုးနေရတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်လာမှုများဖြစ်လာပြီးနောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှ စကာ တိုက်ပွဲများအရေးနိမ့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိမ်နီးချင်းနိုင်ငံများအတွင်း ထွက်ပြေးမှုများ မကြာခဏ တွေ့လာရသည်။
၂၀၂၃၊ ဒီဇင်ဘာ မှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ တတိယပတ်အထိ စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်တို့အကြား ဖြစ်ပွားသော ရိခေါရ်ဒါမြို့ တိုက်ပွဲအပါအဝင်၊ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်သော ပလက်ဝမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁၆ ဦး အိန္ဒိယနိုင်ငံထဲဝင်လာကြောင်း အိန္ဒိယတပ်မတော် အကြီးအကဲအချို့က ပြောထားသည်။
အလားတူ တရုတ်-မြန်မာနယ်စပ်တွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်လာသောအခါတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံဘက်သို့ စခန်းစွန့်ခွာ ထွက်ပြေးလာကြခြင်းဖြစ်သည်။
လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်လာသည့် ဗိုလ်ကြီးဟောင်းကောင်းသူဝင်းကမူ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးပါက အသက်အန္တရာယ်လုံခြုမှုရှိခြင်းနှင့် နေရပ်သို့ ပြန်ပို့ခံရနိုင်သည် ဆိုသော မျှော်လင့်ချက်ကြောင့် ယခုကဲ့သို့ ထွက်ပြေးနေကြခြင်းဖြစ်ကြောင်း မှတ်ချက်ပေးသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်သားများ မကြာခဏ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာမှုများကြောင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် ခြံစည်းရိုးခတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ၊ ထို့ပြင် နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ဝင်ထွက်ခွင့်ပြုခြင်းကိုလည်း ပြန်လည်သုံးသပ်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
You may also like these stories:
မဘိမ်းမြို့ကို KIA နှင့် ပူးပေါင်းအဖွဲ့ ထိန်းချုပ်
ဖားကန့်က ဝှေခါတပ်စခန်းကို KIA သိမ်း
နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီ တပ်ရင်းကို KIA တိုက်ခိုက် သိမ်းပိုက်
မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ စစ်ဗျူဟာကုန်းကို KIA သိမ်းပိုက်