မကွေးတိုင်း ကျေးရွာတခုတွင် အသက် ၂၀ ကျော်အရွယ် တော်လှန်ရေးသမား နှစ်ဦးကို အများပြည်သူ မြင်ကွင်းတွင် မီးရှို့သတ်ဖြတ်ခဲ့သည့် လွန်ခဲ့သော သုံးလခန့်က ထိုရာဇဝတ်မှု ဗီဒီယိုကို ယခုသီတင်းပတ်အတွင်း လူမှုကွန်ရက်တင်ပြီး ပျံ့နှံ့နေသည်။
၎င်းတို့ကို သစ်ပင်တွင် တွဲလောင်းချိတ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့သည်။
ပြည်တွင်းသတင်းဌာန နှစ်ခုသို့ ပေါက်ကြားခဲ့ပုံရပြီး ၎င်းတို့က ပထမဆုံးဖော်ပြခဲ့သည့် ထိုဗီဒီယိုတွင် အောင်ပွဲခံသည့် အသံဖြင့် ဇာတ်ကြောင်း ပြောပြထားသည်။
ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ကျေးရွာမှ စစ်သားများနှင့် ပျူစောထီး အဖွဲ့ဝင်များသည် ထိုရာဇဝတ်မှုအတွက် တာဝန်ရှိကြောင်း တော်လှန်ရေးအင်အားစု ယောကာကွယ်ရေးတပ် (YDF) တပ်က ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ထိုဗီဒီယိုတွင် ထိုလူငယ် နှစ်ဦးကို ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) များ ဖြစ်ကြောင်း ဝန်ခံခိုင်းသည်ကို ပြသထားသည်။ ထိုဗီဒီယိုတွင် အချို့သည် စစ်ဝတ်စုံ ဝတ်ထားပြီး အချို့မှာ အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီတပ်များက ထိုလူငယ်များကို ၎င်းတို့ကိုယ်၎င်းတို့ ခွေးများ ဖြစ်သည်ဟု အတင်းအကျပ် ပြောခိုင်းပြီး ပတ်ပတ်လည်တွင် ရပ်ကြည့်နေကြသည်။ စစ်ခွေး ဆိုသည့်စကားသည် အရပ်သား အများအပြားက စစ်ကောင်စီတပ်များကို ခေါ်သည့် အမည်ဖြစ်သည်။
ထိုလူငယ်များကို အရှင်လတ်လတ် မီးရှို့မသတ်မီ ညှဉ်းပန်းနှိပ်စက်ထားသည့် အထောက်အထားများကိုလည်း ထိုဗီဒီယိုတွင် ပြသထားသည်။ ၎င်းတို့သည် ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီး သွေးများ ဖုံးလွှမ်းနေသည်။ ၎င်းတို့၏ ခြေ၊ လက်များကို သံကြိုးများဖြင့် ချည်နှောင်ထားပြီး သစ်ပင်တပင်သို့ ဆွဲခေါ်သွားသည်။

သတ်ဖြတ်ခံရသူ နှစ်ဦးမှာ ဖိုးတေနှင့် သားထောင်ဖြစ်သည်ဟု ယောကာကွယ်ရေးတပ်က ဖော်ပြသည်။ သူတို့ကို ခွေးများဖြစ်သည်ဟု ပြောခိုင်းပြီး သစ်ပင်တပင်တွင် တွဲလောင်းချကာ လောင်စာဖြစ်သည်ဟု ယူဆရသည့် အရည်များလောင်းချကာ မီးရှို့လိုက်သည်။
၎င်းတို့ကို အများပြည်သူမြင်ကွင်းတွင် အရှင်လတ်လတ် မီးရှို့သတ်ခြင်းဖြစ်သည်။
ထိုအရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ရွာမှ အိမ်ထောင်စုတိုင်း တအိမ်တယောက် သွားရောက်ကြည့်ရှုရသည်ဟု ယောကာကွယ်ရေးတပ်က ပြောသည်။ ထိုအချက်ကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ထိုဗီဒီယိုတွင် ပျော်ရွှင်နေသော အသံဖြင့် ဇာတ်ကြောင်းပြောပြီး ရာဇဝတ်မှုကို အောင်ပွဲခံနေသည်။
သတ်ဖြတ်ခံရသူ နှစ်ဦးသည် ဖိုးတေနှင့် သားထောင်ဖြစ်ကြောင်း ယောကာကွယ်ရေးတပ်ဖွဲ့က ပြောကြာပြီး ၎င်းတို့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က မြောင်ခင်ရန်းရွာမှ စစ်ဆင်ရေးတခုအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဖမ်းဆီးခံရသည့် ယောကာကွယ်ရေး တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ပြောသည်။
ထိုကျေးရွာကို စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်ဟောင်း ဘူးလက်လှဆွေ၏ ညွှန်ကြားမှုအောက်မှ ပျူစောထီးများ ထိန်းချုပ်ထားသည်ဟု သိရသည်။ ပျူစောထီးအဖွဲ့သည် အရပ်သားများကို အကြမ်းဖက်ပြီး အနီးရှိ ကျေးရွာများကို ပစ်ခတ်သည်ဟု အမည်ဆိုး ကျော်ကြားသည့်အဖွဲ့ ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ မတ်လကလည်း ထိုကျေးရွာတွင် အရပ်သား နှစ်ဦးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။
ပျူစောထီးများ အင်အားတိုးချဲ့လာသောကြောင့် ထိုကျေးရွာမှ ဒေသခံများ ထွက်ပြေးနေကြသည်။

ထိုလူငယ် နှစ်ဦးကို အများပြည်သူ မြင်ကွင်းတွင် သတ်ဖြတ်ခဲ့သည်ဟု ယောကာကွယ်ရေးတပ်က ပြောသည်။ ထိုသို့ မသတ်ဖြတ်မီက ၎င်းတို့ကို အကြိမ်ကြိမ် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။
ထိုလူငယ်နှစ်ဦးကို အရှင်လတ်လတ် မီးမရှို့မီ သစ်ပင်တပင်သို့ ဆွဲခေါ်သွားခဲ့သည်။
လူမှုကွန်ရက်အသုံးပြုသူ အများအပြားက ထိုဗီဒီယို ဒေါသ၊ ဝမ်းနည်းမှုများဖြင့် တုံ့ပြန်သည်။ အကြောက်တရား ဖြစ်ပေါ်မည့်အစား ထိုသို့သော လူမဆန်မှုသည် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေးစိတ်ဓာတ်များ ပိုမို ပြင်းထန်လာစေကြောင်း အများအပြားက တုံ့ပြန်ရေးသားခဲ့သည်။
စစ်ကောင်စီက ဖမ်းဆီးထားသူများကို ရက်စက်ကြမ်းကြုတ်စွာ ပြုမူမှုများကို စစ်သုံ့ပန်းများနှင့်ပတ်သက်သည့် နိုင်ငံတကာဥပဒေ လိုက်နာသည့် စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုများ၏ အပြုအမူနှင့် နှိုင်းယှဉ်ရေးသားကြသည်။
“အကြမ်းဖက်စစ်တပ်က လူမဆန်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတာ ကြာပြီ။ ဒီလိုဖြစ်ရပ်တွေ မဖြစ်အောင် တားဆီးဖို့က စစ်ကောင်စီကို အမြစ်ဖြတ်ပြီး တော်လှန်ရေး အောင်မြင်အောင် လုပ်ဖို့ပဲဖြစ်တယ်” ဟု ယောကာကွယ်ရေးတပ်ဖွဲ့က ကြေညာချက်တစောင်တွင် ဖော်ပြသည်။
“ပြည်သူတွေ အားလုံးအနေနဲ့ သွေးအေးမသွားဘဲ တော်လှန်ရေး အောင်မြင်တဲ့အထိ ညီညွတ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
You may also like these stories:
ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
စစ်ကောင်စီ၏ ၂၀၂၂ အဆိုးရွားဆုံး အစုအပြုံလိုက် သတ်ဖြတ်မှုများ
မတူပီတွင် စစ်ကောင်စီတပ် လူအစုလိုက် သတ်ဖြတ်မှုပြုလုပ်














