ဆန်လက်လီရောင်းသည့် ကုန်သည်များ အနေဖြင့် ဆန်တအိတ်လျှင် အမြတ် ၅ ရာခိုင်နှုန်းသာ ဈေးတင်ရန် စစ်ကောင်စီက ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် ရက်က ဆန်ဈေးထိန်းရန် လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးပြီးနောက် လက်လီဆန်ရောင်းသူများအား အနိမ့်ဆုံး ဧည့်မထဆန် တအိတ် ၇၀,၀၀၀ ကျပ်မှ အမြင့်ဆုံး ရွှေဘို ပေါ်ဆန်း ၁၄၅,၀၀၀ ကျပ် သတ်မှတ်ပေးပြီး ယင်းဈေး အပေါ် ၅ ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိ အမြတ်တင်နိုင်ကြောင်း၊ ဈေးဝယ်စင်တာများလည်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ဈေးတင်နိုင်ကြောင်း သတ်မှတ်ပေးခဲ့သည်။
သို့သော် ယခု မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးများမှ ဆန်လက်လီဆိုင်ပိုင်ရှင်များကို ခေါ်ကာ သတ်မှတ်ဈေးထက် ၅ ရာခိုင်နှုန်းသာ ဈေးတင်ရောင်းချရမည် ဈေးဝယ်စင်တာများသည်လည်း အများဆုံး ၁၅ ရာခိုင်နှုန်းသာ ဈေးတင်ရောင်း ရမည်ဟု ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ဆိုင်ပိုင်ရှင်များထံက သိရသည်။
ရန်ကုန်မြို့ရှိ လက်လီဆန်အရောင်းဆိုင်ပိုင်ရှင်တဦးက “ထွေအုပ်ရုံးက အစည်းဝေးခေါ်တော့ ကျနော်တို့ သွားလိုက်ရတယ်။ အရင်က သတ်မှတ်ဈေးထက် ၁၀ ရာခိုင်နှုန်း တင်ရောင်းလို့ ရတယ်ဆိုတာ အခု ၅ ရာခိုင်နှုန်းပဲ ဖြစ်သွားပြီ။ မြို့နယ်က ဒီနေ့ ခေါ်ပြောတာ။ ထွေအုပ်ရုံးကလူတွေရယ်၊ ရဲတယောက်၊ စစ်သားတယောက် ပါတယ်။ မြို့နယ်အလိုက်ပေါ့၊ ဆန်ဆိုင်တွေကို ခေါ်ပြောတယ်။ ရန်ကုန်မြို့ပြင်ပမှာပဲ ၁၀ ရာခိုင်နှုန်း ရောင်းရမယ်။ City Mart တွေက ၁၅ ရာခိုင်နှုန်း တင် ရောင်းလို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် လက်လီ ဆိုင်ပိုင်ရှင်များအနေဖြင့် ဆန်အိတ်ရေ ၁,၀၀၀ ကျော် သိုလှောင်ပါက မှတ်ပုံတင်ပြုလုပ်ရ မည်ဖြစ်ပြီး ဈေးနှုန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပါက စစ်ဆေးခံရမည်ဖြစ်ကြောင်းလည်း ဆန်ကုန်သည်များထံက သိရသည်။
ပြင်ပဈေးကွက်တွင် ဆန်ချောတအိတ်လျှင် ကျပ် ၂ သိန်း ဝန်းကျင်နှင့် ဆန်ကြမ်း ဇီယာ၊ ဧည့်မထ အုပ်စုဝင် ဆန် တအိတ်မှာ ကျပ် ၁ သိန်းကျော်အထိ မြင့်တက်နေသောကြောင့် စစ်ကောင်စီ၏ သတ်မှတ်ဈေးနှင့် နှိုင်းယှဉ်လျှင် အဆမတန် ကွာဟမှု ရှိနေသဖြင့် ကုန်သည်များအတွက် တွက်ခြေမကိုက်ကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်မှ ဆန်ကုန်သည်တဦးက ပြောသည်။

၎င်းက “သူတို့လာစစ်ရင်တော့ လွတ်အောင်ပြောရတာပေါ့။ ကုန်စည်ဒိုင်မှာဆိုရင် အခု သူတို့ပြောတဲ့ ဆန်ဈေးနဲ့ ဝယ်လို့မရတဲ့ ဆန်တွေလည်း ရှိတယ်။ အနိမ့်ဆုံး ၇၀,၀၀၀ ကျပ်ကနေ ၇၅,၀၀၀ ကျပ်အထိ ရေးထားတဲ့ ဆန်တွေဆိုရင် ဝယ်မရဘူး။ ရရင်လည်း လူစားလို့ အဆင်မပြေတဲ့ ဆန်တွေပဲ ရတယ်။ ဆန်ကွဲတဝက်လောက်ပါတယ်ပေါ့။ ဒေါပုံမြို့နယ်မှာ ဆိုရင် အဲဒီဆန်ကို လက်ကားဈေးနဲ့ ရတာ တယောက်ပဲရှိတယ်။ သူက တန်ဖိုးနည်းဆန်ဆို ပြန်ရောင်းတာ တပြည် ၃,၀၀၀ ကျပ်နဲ့ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဈေးနှုန်းကွာဟချက် ကြီးနေသဖြင့် ကုန်သည်များအနေဖြင့် ရောင်းချရန် မကိုက်သော်လည်း စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ကြောက်သဖြင့် သတ်မှတ်ဈေးဖြင့် ရောင်းချပေးနေရပြီး နောက်ကွယ်တွင် ဆန်ကောင်းစားချင်သည့် ရင်းနှီးသောစားသုံးသူများကို အမှန်တကယ်ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချပေးခြင်းများလည်းရှိကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ လက်လီရောင်းချသည့် ဈေးဝယ်စင်တာအချို့မှာပင် ယခု ဇွန် ၂၄ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ဆန်အရောင်းရပ်ထားကြောင်းလည်း သွားရောက်ဝယ်ယူသူအချို့ထံက ဆိုသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရွှေဘိုပေါ်ဆန်း ၁၀၈ ပေါင် တအိတ်လျှင် ၁၅၂,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (၁၀၈) ပေါင် တအိတ်လျှင် ၁၃၀,၀၀၀ ကျပ်နှင့် ဧရာဝတီပေါ်ဆန်း ၅ ပြည်ခန့် တအိတ်လျှင် ၂၆,၅၀၀ ကျပ်ဖြင့် အိမ်အရောက်ပို့စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဟု ဇွန်လ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
စစ်ကောင်စီက ဆန်ဈေးသတ်မှတ်လိုက်ပြီးနောက် မှောင်ခိုဈေးကွက်ပေါ်လာ
ဆန်ဈေးတက်၍ ဆန်ကုန်သည်များအား စစ်ကောင်စီ ခေါ်စစ်နေ
စစ်ကောင်စီ ဆန်စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို
စိုက်စရိတ်ကြီးပြီး လုပ်သားရှားသဖြင့် မွန်ပြည်နယ် စပါး စိုက်ပျိုးမှု လျော့ချ
စားအုန်းဆီသွင်းသော ကုမ္ပဏီ ၈ ခုကို စစ်ကောင်စီ အမည်ပျက်စာရင်းသွင်း