စစ်ကောင်စီသည် နိုင်ငံရှိ မြို့ပေါင်း ၃၅၀ အနက် မြို့ ၁၀၀ အောက်သာ ထိန်းချုပ်နိုင်တော့သည်ဟု အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီး ဦတင်ထွန်းနိုင် အပါအဝင် လုပ်ဖော်ကိုင်ဖက်များ တက်ရောက်သည့် ပြည်သူလူထုထံ အွန်လိုင်းမှတဆင့် မကြာသေးမီက တင်ပြမှုတခုတွင် ဝန်ကြီး ဦးရည်မွန်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။
ဩဂုတ်လ ၁၀ ရက်နေ့က ကျင်းပသည့် ထိုဆွေးနွေးပွဲသို့ တက်ရောက်သူများတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးဦးရယ်၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်လည်း ပါဝင်သည်။
NUG ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံမှ မြို့များကို အမျိုးအစား လေးမျိုး ပိုင်းခြားသတ်မှတ်သည်။ မြို့ပေါင်း ၇၅ မြို့ကို စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများက လုံးဝသိမ်းပိုက်ထားကြောင်း၊ ၁၀၅ မြို့သည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ ဝိုင်းပတ်ခံရကြောင်း၊ ၇၅ မြို့ကို သိမ်းပိုက်ရန် တိုက်ခိုက်နေကြောင်းနှင့် စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် မြို့ ၉၈ မြို့သာ ရှိတော့ကြောင်း ပြောသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ၁၉၈ မြို့နယ်ကို လုံးဝ လက်လွှတ်ဆုံးရှုံးခဲ့ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးတွင် ဝန်ခံသည်။
ထိုနောက် ကိုးလကြာသောအခါ လူမျိုးစုလက်နက်ကိုင်များ၏ ညီနောင်မဟာမိတ် သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို စတင်ပြီး ထိုထိုးစစ်သည် တော်လှန်ရေး ဒီရေကို အပြောင်းအလဲဖြစ်စေသည့် အဓိက ထိုးစစ်ဖြစ်သည်။
ထိုအချိန်မှ စတင်ပြီး စစ်ကောင်စီသည် လူမျိုးစု ပြည်နယ်များတွင် မြို့ဒါဇင်ပေါင်းများစွာ လက်လွှတ်ဆုံးရှုံးရပြီး အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် ဆုံးရှုံးသည်။ လွန်ခဲ့သောလတွင်မူ စစ်ကောင်စီသည် မန္တလေးတိုင်းတွင်ပင် နယ်မြေများ ဆုံးရှုံးသည်။
တရုတ်နယ်စပ်မှ အိန္ဒိယနယ်စပ်အထိ သူ၏ မြန်မာနိုင်ငံ မြောက်ပိုင်းခရီးစဉ်သည် လွန်ခဲ့သောနှစ်မှ စတင်ပြီး တော်လှန်ရေးအင်အားစုများ၏ ပိုင်နက်နယ်မြေ အတိုင်းအတာကို ဖော်ပြနေသည်ဟု ဦးရည်မွန်က ပြောသည်။
စစ်ကောင်စီသည် လာမည့်လတွင် တနိုင်ငံလုံး ကျယ်ပြန့်သည့် ရွေးကောက်ပွဲ ကျင်းပရန် လုံလောက်သော နယ်မြေထိန်းချုပ်မှု မရှိတော့ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပသည့် နောက်ဆုံး ကာ/လုံ အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံသည်။ ရွေးကောက်ပွဲများကို ယခင် ကတိပြုထားသည့်အတိုင်း နောက်နှစ်တွင် အဆင့်လိုက် ကျင်းပမည်ဟု ၎င်းကပြောသည်။
ထိုရွေးကောက်ပွဲ အစီအစဉ်သည် စစ်တပ်အုပ်ချုပ်ရေးကို ခိုင်မာစေရန်လုပ်သည့် အတုအယောင် လုပ်ရပ်အဖြစ် ဝေဖန်မှု အများအပြား ခံနေရသည်။
ယခုလ အစောပိုင်းတွင် ညီနောင်မဟာမိတ်များနှင့် မဟာမိတ်တပ်များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်သောအခါ ရှမ်းပြည်နယ် မြောက်ပိုင်းမြို့တော် လားရှိုးကို စစ်ကောင်စီ လက်လွတ်ဆုံးရှုံးရသည်။ ယခုအခါ NUG အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များ အပါအဝင် တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီ စစ်တက္ကသိုလ်နှင့်စစ်ကျောင်းများရှိရာ ပြင်ဦးလွင်နှင့် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မန္တလေးကို ခြိမ်းခြောက်နေကြသည်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများသည် မန္တလေးမှ ၃၂ ကီလိုမီတာ (၁၉ မိုင်) သာ ကွာဝေးသည့် မတ္တရာတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြသည်။ ထိုမြို့၏ တောင်ဘက်ရှိ တောင်သာမြို့နယ်တွင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ ပို့လွှတ်ရေးစခန်းများ အနီးတွင် ပြင်းထန်သော တိုက်ပွဲများလည်း ဖြစ်ပွားနေသည်။ မန္တလေးမြို့မြောက်ဘက် ၁၄၄ ကီလိုမီတာ (၈၉ မိုင်ကျော်) ဝေးသော သပိတ်ကျင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။
You may also like these stories:
ယာယီသမ္မတနဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲ (ရုပ်သံ)
၄ လအတွင်း မြို့သိမ်းတိုက်ပွဲများဖြင့် AA အောင်မြင်နေ
စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်
သမိုင်းဝင် တကောင်းမြို့ကို တော်လှန်ရေး တပ်တွေသိမ်းပိုက် (ရုပ်/သံ)
စစ်ကောင်စီ ပြန်ရဖို့ ကြိုးစားနေသည့် စဉ့်ကူးကို PDF တို့ ဆက်ထိန်းထား