မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် သွေးချောင်းစီးမှု ရပ်ဆိုင်းရေးအတွက် “ခိုင်မာသော လုပ်ဆောင်မှု” များ လုပ်ရန် အရှေ့တောင်အာရှခေါင်းဆောင်များက မြန်မာစစ်ကောင်စီနှင့် အတိုက်အခံများကို အောက်တိုဘာလ ၉ ရက်နေ့တွင် ဖိအားပေးပြီး အကျပ်အတည်း ဖြေရှင်းရေးအတွက် တုံ့ဆိုင်းနေသည့် သံတမန်ရေး အားထုတ်မှုများ ပြန်လည် စတင်ရန် ကြိုးစားသည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာအကျပ်အတည်းအတွက် ညှိနှိုင်းအဖြေရှာရန် ကြိုးစားသော်လည်း အချည်းနှီးဖြစ်နေသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာအကျပ်အတည်းအတွင်း ပြည်သူထောင်နှင့်ချီ သတ်ဖြတ်ခံရပြီး သန်းနှင့်ချီ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသည်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းတွင် ကျင်းပသည့် အာဆီယံ အစည်းအဝေး ပထမနေ့တွင် ထိုအကျပ်အတည်းကိစ္စ လွှမ်းမိုးနေပြီး အငြင်းပွားနေသော တောင်တရုတ်ပင်လယ်သည်လည်း အစီအစဉ်ထိပ်ဆုံးတွင် ပါဝင်သည်။
အစည်းအဝေးပထမနေ့တွင် အာဆီယံ ခေါင်းဆောင်များသည် မြန်မာစစ်ကောင်စီ အဆင့်မြင့် ကိုယ်စားလှယ်တဦးနှင့် သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူချင်းတွေ့ဆုံဆွေးနွေးသည်။
စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ပုန်ကန်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ထိုးစစ်ကြောင့် လွန်ခဲ့သောနှစ်အတွင်း ပြင်းထန်သည့် စစ်မြေပြင်ရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသည်။
အရပ်သားများအပေါ် တိုက်ခိုက်မှုများကို အာဆီယံခေါင်းဆောင်များက ရှုတ်ချပြီး မခွဲမခြား သိမ်းကြုံးအကြမ်းဖက်ခြင်း ချက်ချင်း ရပ်ဆိုင်းရေးအတွက် ခိုင်မာသော လုပ်ဆောင်မှုများလုပ်ရန် ပါဝင်ပတ်သက်သည့် သက်ဆိုင်သူအားလုံးကို တိုက်တွန်းသည်ဟု AFP က ဖတ်ရှုခဲ့ရသည့် ထိပ်သီးဆွေးနွေးပွဲ ဥက္ကဋ္ဌ၏ ကြေညာချက်မူကြမ်းတွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီးနောက် ရက်သတ္တပတ် အတန်ကြာသောအခါ ငြိမ်းချမ်းရေး ပြန်လည် ထိန်းသိမ်းရန် “ဘုံသဘောတူညီချက် ၅ ချက်” ကို အာဆီယံနှင့် သဘောတူခဲ့သော်လည်း အကောင်အထည်မဖော်ဘဲ ၎င်းတို့အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား ဆက်လက် သွေးချောင်းစီး နှိမ်နင်းသည်။
ဘုံသဘောတူညီချက် ၅ ချက်ကို လျစ်လျူရှုခြင်းအတွက် မြန်မာကို ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် ထိပ်သီးဆွေးနွေးပွဲများတွင် ရှုတ်ချပြီးနောက် ဘုံသဘောတူညီချက် ၅ ချက်သည် အကျပ်အတည်း ဖြေရှင်းရေးအတွက် အဓိက ကိုးကားစရာ ဖြစ်နေသေးကြောင်း အစည်းအဝေးတက်ရောက်သည့် ခေါင်းဆောင်များ ထပ်မံပြောကြောင်း ဥက္ကဋ္ဌ၏ ကြေညာချက်မူကြမ်းအရ သိရသည်။
သို့သော် ထိုသဘောတူညီချက်ကို မည်သို့ လိုက်နာအောင် လုပ်မည်ကို ရှင်းလင်းစွာ မသိရပေ။
“ဘုံသဘောတူညီချက် ၅ ချက် ရှိပေမယ့် အခြေအနေကို အမှန်တကယ် ပြောင်းလဲအောင်လုပ်ရာမှာ မအောင်မြင်ဘူး ဆိုတာကို ကျနော်တို့ ဝန်ခံပြီး တိုးတက်မှုရအောင် နည်းလမ်းရှာဖို့ ကျနော်တို့ ကြိုးစားနေတယ်” ဟု ဖိလစ်ပိုင်သမ္မတ မစ္စတာ ဖာဒီနန် မားကို့စ် ဂျူနီယာက သတင်းထောက်များကို ပြောသည်။
“သေနင်္ဂဗျူဟာသစ်တွေ ဖော်ထုတ်ဖို့ ကျနော်တို့ ကြိုးစားနေတယ်” ဟုလည်း ပြောပြီး ထိုသေနင်္ဂဗျူဟာသစ်များကို မဆုံးဖြတ်ရသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ထိုငြိမ်းချမ်းရေး အစီအစဉ်ကို မည်သို့ အကောင်အထည်ဖော်မည်နှင့် ပတ်သက်ပြီး ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးခြင်း မရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နီကွန်ဒက်ဂျ် ဘလန်ကူရာက အတည်ပြုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဆီယံအဖွဲ့သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ပိတ်ပင်သောကြောင့် ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်သည်မှာ သုံးနှစ်ကြာပြီးနောက် မြန်မာသည် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးကို စေလွှတ်ခဲ့သည်။
ထိုကိစ္စများနှင့် ပတ်သက်ပြီး မြန်မာစစ်ကောင်စီထံမှ တိုးတက်မှု လုံးဝနီးပါး မရှိကြောင်း အရှေ့အာရှဆိုင်ရာအမေရိကန် ထိပ်တန်းသံတမန် မစ္စတာ ဒန်နီရယ် ခရစ်တန်ဘရင့်က ပြောသည်။
တရားဝင် သံတမန်ရေးသည် တိုးတက်မှု မရှိသောကြောင့် ထိုင်းနိုင်ငံသည် ထိုအကျပ်အတည်းနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်များပါဝင်ကာ တရုတ်နှင့် အိန္ဒိယကဲ့သို့သော အိမ်နီးချင်းနိုင်ငံများလည်း ပါဝင်နိုင်မည့် အလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။
မြန်မာ၏သက်တမ်းရင့် မဟာမိတ် တရုတ်မှ ဝန်ကြီးချုပ် မစ္စတာ လီချန်သည် ဂျပန်ဝန်ကြီးချုပ်သစ် မစ္စတာ ရှီဂဲရု အီရှီဘာနှင့် တောင်ကိုရီးယား သမ္မတ မစ္စတာ ယွန်ဆွတ်ယိုးတို့နှင့် အာဆီယံနှင့် သုံးနိုင်ငံ (ASEAN Plus Three) အစည်းအဝေး မတက်ရောက်မီ အောက်တိုဘာလ ၁၀ ရက်နေ့တွင် အာဆီယံခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်သည်။
တရုတ်သင်္ဘောများနှင့် ဖိလစ်ပိုင်၊ ဗီယက်နမ် ငါးဖမ်းသမားများအကြား အကြမ်းဖက်ပဋိပက္ခများ လအတန်ကြာ ဖြစ်ပွားပြီးနောက် အာဆီယံခေါင်းဆောင်များသည် မစ္စတာ လီနှင့် ဆွေးနွေးသောအခါ တောင်တရုတ်ပင်လယ် အရေးကိုလည်း ဆွေးနွေးမည် ဖြစ်သည်။
တရုတ်အစိုးရသည် နှစ်စဉ် ဒေါ်လာ ထရီလီယံပေါင်းများစွာ ကုန်သွယ်သည့် သေနင်္ဂဗျူဟာအရ အလွန်ရေးပါသော ရေကြောင်းလမ်းဖြစ်သည့် တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ၎င်းတို့ပိုင်နက်အဖြစ် ကြေညာထားသည်။
အာဆီယံအဖွဲ့ဝင် လေးနိုင်ငံဖြစ်သော ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့၏ များပြားလှသော ကျွန်းငယ်များနှင့် သန္တာကျောက်တန်းများကို ၎င်းတို့ပိုင်နက်အဖြစ် ကြေညာထားသည်။
ထိပ်သီးဆွေးနွေးပွဲ ကြေညာချက်မူကြမ်းတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ရေးနှင့် နိုင်ငံတကာဥပဒေကို လေးစားရေး ကာလကြာမြင့်စွာ တောင်းဆိုမှုများကိုလည်း ထပ်မံထည့်သွင်းထားသည်။
ကိုးကား ။ ။ AFP သတင်း SE Asian summit struggles for solutions to Myanmar crisis
You may also like these stories:
အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု
စစ်ကောင်စီကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဝေဖန်
အာဆီယံတွင် ပုံမှန်အဆင့်အတန်း ပြန်ရရန် စစ်ကောင်စီ မျှော်လင့်
တရုတ်၊ အိန္ဒိယနှင့် ရုရှား အားကိုးဖြင့် အာဆီယံကို မြန်မာ အာခံ
မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း
အာဆီယံ ကာကွယ်ရေးဝန်ကြီးအစည်းအဝေး စစ်ကောင်စီ အဆင့်မြင့် ကိုယ်စားလှယ် တက်













