စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကူမင်းခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံစဉ် နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါကြောင်း ဆိုသော်လည်း နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန်မှာ မျှော်လင့်ချက် မရှိကြောင်း ကုန်သည်များက သုံးသပ်သည်။
ရှမ်းမြောက်ဒေသမှ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်ရွှေဟော် ဂိတ်တို့မှာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၌ အကြီးဆုံးနေရာများ ဖြစ်ပြီး၊ မူဆယ်ကုန်သွယ်ရေးဇုန်သည် တရက်လျှင် အမေရိကန်ဒေါ်လာ ၁၀သန်းခန့် လည်ပတ်နေရာ ကုန်ကားအစီးရေ ၂၀၀မှ ၃၀၀ ဝန်းကျင် အဝင်အထွက်ရှိသော်လည်း ပြီးခဲ့သည်နှစ် နိုဝင်ဘာမှစ၍ ရပ်ဆိုင်းသွားခဲ့သည်။
တရုတ်- မြန်မာ နယ်စပ်ကုန်သည်တဦးက “ပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို ပြောင်းလဲဖို့က ခက်ပါတယ်။ နယ်စပ်ဂိတ်နဲ့ ပတ်သက်လို့ကတော့ မျှော်လင့်စရာ ဘာမှမရှိပါဘူး။ ဘာလို့ဆို နယ်စပ်မှာရှိတဲ့ EAOs တွေပေါ့။ ဒါတွေနဲ့ စကစ မပြေလည်မချင်းက အဆင်မပြေဘူး။ ဖိအားပေးပြီး လုပ်မယ်ဆိုလည်း မလွယ်ဘူး။ ဒါကြောင့် ဒီခရီးစဉ်မှာတော့ နယ်စပ်ကုန်သွယ်ရေးက ဘာမှ ထူးထူးခြားခြား ပြောင်းလဲစရာမရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အခြေအနေတွင် မူဆယ်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားသည်ဆိုသော်လည်း ကုန်သွယ်ရေး လမ်းကြောင်း တလျှောက်ရှိ ကိုးကန့်နယ်အပါအဝင် ကွတ်ခိုင်၊ သိန်နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုအထိ လမ်းတလျှောက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ (တအာင်း) အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော်က သိမ်းထားသည်။
စစ်ကောင်စီက တရားမဝင် ကုန်စည်တိုက်ဖျက်ရေး အမည်ခံကာ တရုတ်အစိုးရနှင့် ပေါင်း၍ ကုန်စည်များဝင်မလာစေရေး နယ်စပ်ဂိတ်များ ပိတ်ထားသလို ဝင်လာသည့် ကုန်များကိုလည်း ဖမ်းသဖြင့် ပြည်တွင်း၌ ကုန်စည်ပြတ်ကာ ဈေးနှုန်း အဆမတန်တက်နေ၍ ပြည်သူတို့မှာ ရှားပါးမှုနှင့် ကြုံနေရသည်။
ထိုလုပ်ရပ်အပေါ် နယ်စပ်လက်နက်ကိုင်များ အထောက်အပံ့ဖြစ်စေသည့် တရားမဝင်ကုန်သွယ်ရေးကို တိုက်ဖျက်ဆောင် ရွက် မည် ဖြစ်ပြီး နယ်စပ်ဒေသတည်ငြိမ်မှသာ စီးပွားရေး၊ ကုန်သွယ်ရေး မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ဆိုထားကြောင်း စစ်ကောင်စီက သတင်းထုတ်သည်။
မူဆယ်မြို့ ဒေသခံတဦးက “အခု စက်သုံးဆီက လိုသလောက်မရဘူး။ ကျပ် ၁ သောင်းဖိုးက အများဆုံး။ ကားတွေလည်း ကျပ် ၁ သောင်းဖိုးပဲ ကြားတယ်။ ဈေးတွေက တလီတာကို ကျပ် ၁ သောင်းကျော်၊ ၁၂၀၀၀ ကျပ် လောက် ဖြစ်တယ်။ ရန်ကုန်၊ မန္တလေး ဘက်က ဝင်တဲ့ စားသောက်ကုန်တို့ ဆေးဝါးတို့ကျတော့လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ ကြောင့် ဈေးတွေ တက်တယ်” ဟု လက်ရှိဒေသအခြေနေကို ပြောပြသည်။
MNDAA ၊ TNLA နှင့် AA တို့အနေဖြင့် ငြိမ်းချမ်းရေး လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြမှသာ စစ်တပ်က ဆွေးနွေးမည်ဟု ဆိုထားရာ နယ်စပ်ဂိတ်ပေါက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးမှာ အချိန်အတိုင်းအတာအားဖြင့် ကြာမြင့်နိုင်ကြောင်း အဆိုပါကုန်သည်များက သုံးသပ်သည်။
တရုတ်ဘက်သို့ ပို့ကုန်၊ သွင်းကုန်လုပ်ကိုင်နေသည့် ကိုယ်စားလှယ်တဦးကလည်း “အခုလောလောဆယ်တော့ ဂိတ်ပေါက် တွေ တရုတ်ဘက်က အကုန်လုံးပိတ်ထားတာပေါ့။ လမ်းပန်း ဆက်သွယ်ရေးမှာလည်း ပြည်ထောင်စု လမ်းမကြီးက ပိတ် နေဆဲပဲ။ ဒီတော့ ဘာမှလည်း တရုတ်ဘက်သွားလို့ မရဘူး။ ဒါကြောင့် ကုန်သည်တွေ၊ အေးဂျင့်တွေလည်း မရှိတော့ဘူး” ဟု ဆိုသည်။
စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်း အဝေးတက်ရန် နိုဝင်ဘာ ၅ရက်ကတည်းက ရောက်ရှိနေပြီး ၁၀ ကြိမ် မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး၊ ၁၁ ကြိမ် မြောက် ကမ္ဘောဒီးယား- လာအို- ဗီယက်နမ်- မြန်မာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို ဆက်တက်မည်ဖြစ်သည်။
နိုဝင်ဘာ ၅ ရက်က တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌ စစ်ခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း၊ နယ်စပ်ဒေသ၌ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ အားပေးဆောင်ရွက်နေခြင်းသည် ၂ နိုင်ငံအစိုးရ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှု မရှိဘဲ ဒေသတည်ငြိမ်ရေး အန္တရာယ်များကြောင်း အစရှိသည်တို့ကို ပြောဆိုခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦများ တည်ဆောက်ရန် ဘိလပ်မြေလိုအပ်ချက်များစွာရှိနေသည့်အတွက် ဘိလပ်မြေစက်ရုံ တည်ထောင်ရန် အခွင့်အလမ်းများ ရှိနေကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးမှု စီမံကိန်း၊ EV ကဏ္ဍ အစရှိ သည့်တို့၌ ရင်းနှီးမြှုပ်နှံကြရန်လည်း တရုတ်လုပ်ငန်းရှင်များကို စစ်ခေါင်းဆောင်က ဖိတ်ခေါ် ခဲ့သည်။
တရုတ်ဘက်ကလည်း လက်ရှိအချိန်တွင် လူဝင်/ လူထွက်များကို ကန့်သတ်စစ်ဆေးချက်များ ရှိနေသလို ကုန်ပစ္စည်း တင်သွင်းရာတွင်လည်း တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် တရုတ်တင်သွင်းခွင့် ပြုထားသည့် ကုန်ပစ္စည်း များပင်လျှင် ကျယ်ဂေါင်ဘက်မှာတင် တန်းစီရသည်မှာ နှစ်ရက်မှ သုံးရက်ခန့် ကြာမြင့်ကြောင်း ၎င်းက ဆိုသည်။
တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ မိုင်းလားဟု တရားဝင် နယ်စပ်ကုန်သွယ်ရေးဇုန် ၅ ခုရှိသည့်အနက် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် မိုင်းလား နယ်စပ်ကုန်သွယ် ရေးတခုသာ တရားဝင် ကုန်သွယ်မှု ပြုနိုင်သည်။
ထို့ပြင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) စသည့် မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့မှ ထိန်းချုပ်ထားသည့် မြန်မာ- တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ရှိ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန် ဆိုင်း)၊ ရန်လုံကျိုင်းနှင့် နမ့်ခမ်းမြို့ရှိ ကုန်သွယ်ရေးဂိတ်တို့ကို ဇူလိုင်လမှ စတင်၍ တရုတ်ဘက်မှ ပိတ်ထားသလို လက်ရှိ တွင်လည်း ကချင်ပြည်နယ်ရှိ ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးနှင့် ပန်ဝါမြို့ရှိ နယ်စပ် ကုန်သွယ်ရေးဂိတ်များကို ယခု ရက် ပိုင်းအတွင်းတရုတ်က ပိတ်ထားသည်။
တရုတ်အစိုးရက စစ်ကောင်စီအား တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင်များကို ဖိအားပေးသည် ဆိုကာ အောက်တိုဘာ ၂၂ ရက်မှစ၍ နယ်စပ်ဂိတ်မှ မြန်မာဘက်သို့ တင်ပို့နေသော စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ စက်သုံးဆီ အစရှိသည့် ကုန်စည်များကို တင်သွင်းခွင့် ရက်အကန့်အသတ်မရှိ ပိတ်ထားခြင်း ဖြစ်သည်။
You may also like these stories:
တရုတ်တို့ ရင်းနှီးမြုပ်နှံရန် စစ်ခေါင်းဆောင် ဖိတ်ခေါ်
တရုတ်ပိတ်ဆို့မှု တပတ်အကြာ ရှမ်းမြောက်နှင့် ကချင်၌ စက်သုံးဆီပြတ်
စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်